ကျန်းမာရေးစောင့်ရှောက်မှုစနစ် အသစ်ဖြစ်ပြီလား

ကျန်းမာရေးစောင့်ရှောက်မှုစနစ်  အသစ်ဖြစ်ပြီလား

 ၂၀၁၄ ဒီဇင်ဘာ- ၂၀၁၅ ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ မျက်နှာဖုံး ဆောင်းပါး ဖြစ်ပါသည်။

မော်ကွန်းသတင်း အဖွဲ့ရေးသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၀၁၄

နိုဝင်ဘာ ၂၉ ရက် မွန်းတည့်နေရောင်သည် ပိတောက် ပင်၏ အရွက်အကိုင်းအခက်အလက်တို့ကို ထိုးဖောက်၍ အောက် ခြေရှိ အုတ်ခုံနှင့် အနီးဝန်းကျင်အပေါ်ဖြာကျနေသည်မှာ ပန်းဇာ ပြောက်တို့အလား ထင်မှတ်မှားစရာပင်။ အုတ်ခုံပေါ်ရှိ အနားစုတ် နေသော ပိုက်ဖျာပေါ်တွင်တော့ အနက်ရောင် တက်ထရွန်ရှပ် အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် တစ်နှစ်ရှစ် လ အရွယ်ကလေးငယ်ကို နို့တိုက်နေသည်။

ထိုအမျိုးသမီး၏ အင်္ကျီနှင့် အနီရောင်ပါတိတ်အဆင်လုံ ချည်တို့သည် ကြေးအထပ်ထပ်တက်နေသည်။ သူ့ဘေးတွင် အမည်းရောင်ကြွပ်ကြွပ်အိတ်တစ်ထုပ်၊ ခပ်နွမ်းနွမ်းစောင်တစ် ထည်၊ ဓာတ်မှန်တစ်ခု၊ ဖနောင့်နှင့် ခြေချောင်းနေရာများတွင် ခွက်ဝင်ကာ ဘေးနှုတ်ခမ်းသားများ ကွာလျက်ရှိသည့် အမျိုးသမီး စီး ကတ္တီပါ ဖိနပ်တစ်ရံတို့ ရှိသည်။

သူ့အမည်က မနွယ်နီ။ အသက်က ၂၅နှစ်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သူ့ခင်ပွန်း ကိုသန်းထိုက် တတိယအကြိမ်အဖြစ် ဆေးရုံတက်ရန် ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ သစ်ပင်အောက် တွင် စောင့်ဆိုင်းနေရခြင်းဖြစ်သည်။ သူတို့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဖြစ်ပြီး အိမ်ပြန်ရန် လမ်းစရိတ်မရှိသော ကြောင့် ယခုလို မိသားစုသုံးယောက် သစ်ပင်အောက်တွင် ယာယီ နေထိုင်နေကြခြင်းဖြစ်သည်။

သူ့ခင်ပွန်း ကိုသန်းထိုက်တွင် တီဘီ၊ လေးဖက်နာနှင့် ဆီးချို ဖြစ်နေသည်။ မော်လမြိုင်ဆေးရုံတွင် ကုသ၍ မရနိုင်တော့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ် သည်ဟု မနွယ်နီကဆိုသည်။ သူတို့သည် ၂၀၁၄ နှစ်ဆန်းပိုင်းက တည်းက ရန်ကုန်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။ မော်လမြိုင်မြို့မှ ထွက်လာပြီး ရန်ကုန်သို့ ရောက်သောအခါ လှိုင်သာယာရှိ ကျူး ကျော်ရပ်ကွက်တစ်ခုတွင် နေထိုင်ကြသည်။

သူတို့တွင် ပါလာသည့် ပိုက်ဆံကျပ်သုံးသောင်းသည် ပထမအကြိမ် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်စဉ်က ကုန် သွားခဲ့ပြီဖြစ်သည်။ ဆေးရုံမှ အခမဲ့ပေးသော ဆေးဝါးများရှိသော် လည်း တန်ဖိုးကြီးသည့် ဆေးဝါးများကိုတော့ ဝယ်ယူခဲ့ရသည်။ ဒုတိယအကြိမ် ဆေးရုံပြန်တက်သည့် အကြိမ်တွင် ဆေးရုံရှိ ဆရာ ဝန်၊ ဆရာမများထံ အကျိုးအကြောင်းပြောကာ ပြသခဲ့ရသည်။ တတိယအကြိမ် ပြန်ပြရန်လည်း ထိုသို့သာ လုပ်ရဦးမည်ဖြစ်သည်။

မနွယ်နီနှင့် သူ၏ ခင်ပွန်း ကိုသန်းထိုက်တို့သည် စားဝတ်နေရေး အတွက် အပြင်ထွက်ကာ တောင်းကြသည်။ ယခု ကိုသန်းထိုက် လမ်းကောင်းကောင်းမလျှောက်နိုင်သဖြင့် မနွယ်နီတစ်ဦးတည်း က တောင်းနေရသည်။

“တွေ့တဲ့နေရာလိုက်တောင်းတယ်။ တစ်ရက်ကို  ထောင့် လေးငါးရာ လောက်တော့ရတယ်”ဟု မနွယ်နီက ဆိုသည်။

သူတို့မိသားစု ဤသစ်ပင်အောက် ရောက်နေသည်မှာ ယနေ့ဆိုလျှင် ဆယ်ရက်မြောက်ရှိပြီဖြစ်သည်။ ဆောင်းဝင်လာပြီ ဖြစ်သောကြောင့် ညဘက်ဆိုလျှင် ချမ်းလာပြီ။ ရှိသည့်စောင်လေး သုံးထည်နှင့် မိသားစုသုံးယောက် လုံးထွေးကာ အိပ်နေရသည်။ မနွယ်နီနှင့် စကားပြောနေစဉ်မှာပင် ခင်ပွန်းဖြစ်သူ ကိုသန်းထိုက် သည် ဘယ်ခြေတစ်ဖက်ကို တရွတ်တိုက်ဆွဲလျက် လမ်းလျှောက် လာသည်။

ဆံပင်က ကျိုးတိုးကျဲတဲ၊ စပါးရိုးပြတ်များလို ငုတ်စိဖြစ်နေ သည့် မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတို့ဖြင့် မြင်ရသည့် ကိုသန်းထိုက် သည် အသက် ၄၀ ကျော်အရွယ်ဟု ထင်စရာရှိသည်။ သို့သော် သူ့အသက်က အသက် ၃၃ နှစ်သာ ရှိသေးသည်။

သူသည် ကြေမွနေသော အပြာရောင်ရှပ်အင်္ကျီကို အောက် ဆုံးကြယ်သီးနှစ်လုံးသာတပ်ပြီး ရင်ဘတ်ဟလျက် ဝတ်ဆင်ထား သည်။ ကြယ်သီး ဖြုတ်ထားသည့် အင်္ကျီအောက်မှ မြင်ရသော သူ ၏ ရင်ဘတ်သည် အရိုးပေါ်အရေတင်နေသည်။ ရင်ဘတ်ရှိ အရိုး တို့သည် တင်းကျပ်နေသော အရေပြားကို ဖောက်ထွက်လာတော့ မည့်ဟန် အပြိုင်းပြိုင်းထနေသည်။

သူသည် နေ့စဉ်လိုလို ဆေးသောက်နေရသည်။ ဆေးများ က ပြင်းသဖြင့် ဗိုက်ထဲအစာရှိဖို့ လိုသည်။ အာဟာရပြည့်နေမှ ရမည်။ သို့သော် ကိုသန်းထိုက်တွင် ဗိုက်ဖြည့်ဖို့ ပိုက်ဆံမရှိ။

“တချို့ရက်တွေဆိုရင် ဆေးသောက်ဖို့ လိုအပ်ပေမယ့် အစားမစားနိုင်တော့ ဆေးမသောက်ရဘူး”ဟု ပြောရင်း ဝမ်း နည်းလာ၍ လားမသိ၊ ကိုသန်းထိုက်သည် ပါးပြင်ပေါ်မှ လိမ့်ဆင်း လာသည့် မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။

မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ပြည်သူတို့သည် မိမိတို့ နေထိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဝေးသော နေရာတွင်ရှိသည့် ဆေးရုံများသို့ မသွားရောက်လိုကြဘဲ မိမိတို့ နေထိုင်သည့် သက်ဆိုင်ရာမြို့နယ်ဆေးရုံ၌ပင် အားလုံးပြည့်စုံ သော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူလိုကြပါလိမ့်မည်။

သို့သော် မိမိတို့နေထိုင်ရာဒေသတွင် အဆင့်မီသည့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသောအခါ ကျန်းမာ ရေးအတွက် လိုအပ်ပါက မိမိတို့နေထိုင်ရာမြို့နယ်နှင့် အလှမ်းဝေး သော ဆေးရုံများသို့ မဖြစ်မနေသွားရောက်ကာ ဆေးကုသနေကြ ရသည်။

ယင်းသို့သွားရခြင်းအတွက် အချိန်ကုန်၊ လမ်းစရိတ်ကုန်၊ တည်းခိုစရိတ်ကုန်ကာ ရက်ကြာသည်နှင့်အမျှ ကုန်ကျစရိတ်မှာ လည်း လွန်စွာကြီးမားလာသည်။ တစ်ခါတစ်ရံ ဆေးဝါးကုသမှုထက် သွားလာရေး၊ တည်းခိုစရိတ်နှင့် စားသောက်စရိတ်များက ပိုမိုကုန်ကျနေတတ်သည်။

လူလေးဦးတွင် တစ်ဦးနှုန်း ဆင်းရဲမွဲတေမှုမျဉ်း (တစ်နေ့ တစ်ဒေါ်လာနှင့် ညီမျှသော ဝင်ငွေ – ယခုရက်ပိုင်းအတွင်း ပေါက် ဈေး ၁,၀၃၀ ကျပ်ဝန်းကျင်) အောက်ရှိနေသော မြန်မာနိုင်ငံတွင် မြို့ကြီးများသို့ တက်ရောက်ကာ ဆေးကုသရေးမှာ ငွေကြေးတတ် နိုင်သူတို့အတွက် မထောင်းသာလှသော်လည်း ကိုသန်းထိုက်တို့ လို မရှိဆင်းရဲသားများအတွက်မှာ နေရေးထိုင်ရေးကအစ ဒုက္ခ ရောက်ကြရသည်။

တွံတေးမြို့နယ်မှ ရန်ကုန်ဆေးရုံကြီးသို့ ရောက်လာသည့် အသက် ၄၂ နှစ်အရွယ် ဦးကျော်သိန်းဆိုလျှင် ငုတ်စူး၍ မေးခိုင် ပိုးဝင်သောကြောင့် တွံတေးမြို့နယ်ဆေးရုံသို့ တက်ရောက်ခဲ့ သော်လည်း ယင်းဆေးရုံတွင် မနိုင်ဟုဆိုကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အလွှဲခံလိုက်ရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဖိုးဝါးခ မပေးရသော် လည်း အောက်ဆီဂျင်အိုးတစ်အိုးလျှင် ကိုးထောင်ကျပ်နှင့် စားစရိတ်ကုန်ကျကြောင်း ဆီးပိုက်၊ နှာခေါင်းပိုက်များ တပ် ထားသော လူနာအနီးတွင်ထိုင်၍ သူ့အနီးတွင်တဝဲလည်လည် ပျံနေသော ခြင်တစ်အုပ်ကို ယပ်တောင်ဖြင့် တဖျပ်ဖျပ်ခတ်ရင်း အစ်မဖြစ်သူ အသက်၄၇ နှစ်အရွယ်ဒေါ်သင်းက ပြောသည်။

ဆေးရုံတက်သည်မှာ ၁၂ ရက်ရှိပြီဖြစ်သောကြောင့် ပါလာသည့် ပိုက်ဆံသုံးသိန်းကျော်အနက် နှစ်သောင်းခန့်သာ ကျန်ရှိ တော့သည်ဟု ဒေါ်သင်းက ဆိုသည်။

ကျင့်သုံးရခက်လာသည့် လုပ်ထုံးလုပ်နည်း

သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းအရ လူနာတစ် ယောက်သည် နေထိုင်မကောင်းဖြစ်ပါက နေထိုင်ရာမြို့နယ် တွင် ပထမဦးစွာ ဆေးကုသမှုခံယူရမည်ဖြစ်ပြီး ယင်းအဆင့်တွင် မနိုင်တော့မှ ဒုတိယအဆင့်အဖြစ် တိုင်းဒေသကြီးအဆင့် ဆေးရုံသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ အဆိုပါဆေးရုံများ တွင် ကုသ ၍မရနိုင်သည့် လူနာများကိုသာ ရန်ကုန်ပြည်သူ့ဆေး ရုံ၊ အင်းစိန်ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနှင့် သင်္ဃန်းကျွန်း ဆေးရုံကဲ့သို့သော Tertiary Hospital (တတိယအဆင့်)ဆေးရုံများသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။

သို့ရာတွင် မြို့နယ်ဆေးရုံနှင့် တိုင်းဒေသကြီးဆေးရုံများ တွင် စက်ပစ္စည်းကိရိယာ မလုံလောက်မှု၊ ကျွမ်းကျင်သည့် ကျန်း မာရေးလုပ်သားမရှိမှုနှင့် ပြည်သူလူထု၏ ယုံကြည်မှုမရရှိခြင်းတို့ ကြောင့် လူနာအများစုသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကဲ့သို့ သော ဆေးရုံကြီးများသို့ တိုက်ရိုက်ရောက်လာတတ်ကြသည်။ တစ်နည်းအားဖြင့် တိုက်ရိုက်လွှဲပြောင်းခံကြရသည်။

“ဒါက Proper Refer မဟုတ်ဘူး။ Primary (မြို့နယ် အဆင့်) နဲ့ Secondry (တိုင်းအဆင့်) မှာ ကုသမရမှ ရန်ကုန် ဆေးရုံကြီးကို လာရမှာ။ တိုင်းအဆင့်ဆိုရင် အရှေ့ပိုင်းဆေးရုံ၊ အနောက်ပိုင်းဆေးရုံပေါ့။ (ရန်ကုန်ဆေးရုံကြီးဆိုတာ) အဲဒီက နေ ကျော်ပြီး ကင်ဆာလိုဟာမျိုး၊ သိပ်ကို အသေးစိတ်လုပ်ရမယ့် လူ နာတွေကို လွှဲပေးတဲ့ ဆေးရုံမျိုးဖြစ်ရမှာ”ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဆိုသည်။

ပုံမှန်အားဖြင့် အဆင့်ဆင့်လွှဲပြောင်းပေးမှသာ လက်ခံရ မည်ဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံစံများအရ ဆေးရုံမှ နှင်ထုတ်တာမျိုး မပြုလုပ်တော့ဘဲ ခုတင်မရှိသည့်တိုင် တန်းလျားများပေါ်တွင် လက်ခံထားလိုက်ရခြင်းများပြုလုပ်ရ သည်ဟု ဒေါက်တာလှမြင့်က ဆိုသည်။

“နိုင်ငံခြားကလူတွေ ဒီကိုလာရင် မင်းတို့ဆေးရုံက လူတွေ အများကြီး။ ခုတင်မရှိရင် လက်မခံနဲ့တော့လို့ သူတို့ကပြောတာ။ ကျွန်တော်တို့က အဲဒီလိုလုပ်လို့မှမရတာ သူတို့နားမလည်ဘူး။ သူတို့နိုင်ငံမှာ ခုတင် ၂၀၀ရှိလို့ ၂၀၀ပြည့်သွားရင် လက်မခံဘူးဆိုပြီး သူတို့ (လူနာ) ဒေသဆေးရုံသွားတက်ရတာ”ဟု သူက ရှင်းပြသည်။

ရန်ကုန်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကာ ဆေးဝါးကုသလျက်ရှိသော လူနာအရေအတွက် ကို လေ့လာကြည့်မည်ဆိုလျှင် ၂၀၀၈ တွင် အတွင်းလူနာ ၂၅,၀၀၀ ခန့်လာရောက်ခဲ့ပြီး ၂၀၁၃ တွင် ၅၈,၀၀၀ခန့်အထိ တိုး မြင့်လာခဲ့ သည်။ ၂၀၁၄တွင် အတွင်းလူနာ ၆၀,၀၀၀ ကျော်အထိ ပိုမို တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။ ဆေးရုံအုပ်ကြီးက ပြင်ပ လူနာအဖြစ် လာရောက်ပြသသည့် လူနာအရေအတွက်မှာလည်း တစ်နှစ်လျှင် လူနာနှစ်သိန်းခန့်အထိ လာရောက်ပြသကြသည်ဟု ဆိုပါသည်။ ယခုလို မြို့နယ်ဆေးရုံများတွင် လူနာနည်းပြီး ဆေးရုံ ကြီးများတွင် လူနာများ အဘယ်ကြောင့် စုပြုံနေရပါသနည်း။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးဝါးကုသမှု ခံယူနေ သူ၏ ဇနီးသည်ဖြစ်သူ အသက် ၄၅နှစ်အရွယ် ဒေါ်စန်းညိုကတော့ အခုလိုဆိုသည်။

“ကျောက်တန်းပိုင် တံတားမြို့ဆေးရုံမှာ ခုနစ်ရက်တက် သေးတယ်။ အဲဒီမှာ မနိုင်လို့ ဒီကိုရောက်လာတာ။ အဲဒီဆေးရုံမှာ မနိုင်ဘူးတဲ့။ အသက်ရှူတဲ့စက်တွေ၊ ဘာတွေ မရှိဘူး။ သွေးတွေ၊ ဘာတွေ လိုရင်လည်း လှူစရာမရှိဘူးတဲ့”

ဒေါ်စန်းညို၏ ခင်ပွန်းသည် ခြေထောက်ရောင်ကာ အရည် ကြည်ဖုများပေါက်လာပြီး ပြည်တည်လာခြင်းဖြစ်သည်။ ယခုဆိုလျှင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ခဲ့သည်မှာ နှစ်လမျှ ကြာခဲ့လေပြီ။

မြို့နယ်ဆေးရုံများတွင် ဓာတ်မှန်ရိုက်မည့်သူ၊ Ultrasound ရိုက်မည့်သူ မရှိသည့်အခါတွင် လူနာသည် ဆေးရုံကြီး များသို့ လာရိုက်ကြရသည်။ ဓာတ်မှန်နှင့်Ultrasound တို့ ရိုက်ပြီး၍ မြို့နယ်ဆေးရုံသို့ ပြန်သွားသောအခါ ဆရာဝန်က ဆေးရုံ ကြီးသို့ သွားရမည်ဟု လွှဲလိုက်သည့်အခါမျိုးတွင် လူနာသည် နောက် တစ်ကြိမ်၌ မြို့နယ်ဆေးရုံသို့ မသွားတော့ဘဲ ဆေးရုံကြီးများ သို့သာ တန်းလာတတ်သည်ဟု ဒေါက်တာလှမြင့်က ဆိုသည်။

“Technician (နည်းပညာရှင်)တွေကို အဲဒီ Level အထိ မခန့်နိုင်တော့ ဘာလုပ်ရသလဲဆိုရင် ကျွန်တော် မြို့နယ်ဆရာဝန် လုပ်တုန်းက ဆယ်တန်းအောင်တဲ့သူတစ်ယောက်လောက်ကို သင်ပေးထားရတယ်။ ဓာတ်မှန်ရိုက်နည်း၊ ဖလင်ကူးဆေးနည်း ပေါ့။ ဒါက သိပ်အခက်ကြီးမဟုတ်ဘူး။ သူက ရိုက်တယ်။ ကူး တယ်။ အဲဒါကို ဆရာဝန်က ကြည့်ရတာ။ Technician အဆင့် အထိတော့ မြို့နယ်မှာ မထားနိုင်သေးဘူး”ဟု သူက ဆက်လက် ပြောသည်။

မြို့နယ်ဆေးရုံများသည် တစ်ခုနှင့် တစ်ခုမတူကြဘဲ လူနာ များသည့် မြို့နယ်ဆေးရုံများရှိသလို လူနာနည်းသည့် ဆေးရုံများ လည်း ရှိတတ်ကြသည်။ ယင်းသို့ဖြစ်ရခြင်းသည် အဆိုပါဆေးရုံရှိ ဆရာဝန်နှင့် သူနာပြုများ၏ ဆက်ဆံရေးနှင့် လုပ်ငန်းကျွမ်းကျင် မှုသာ အဓိကကျသည်ဟု ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်း ရေးဌာနမှ ဒုòန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင် ငြိမ်းက ဆိုသည်။

“လူနာတွေကို ခွဲစိတ်နိုင်တယ်။ ခက်ခဲတဲ့ မွေးလူနာတွေဆို ရင်လည်း ခွဲစိတ်ပေးနိုင်တယ်။ အဲဒီလိုလုပ်နိုင်တဲ့ မြို့နယ်ဆေးရုံ တွေမှာဆိုရင် လူနာတွေက လျှံတောင်နေတယ်။ တချို့လည်း ရောက်သွားတဲ့ဆေးရုံရဲ့ ဆရာဝန်တွေ ဒီလိုလုပ်ငန်းတွေကို သိပ် ဦးစားပေး မလုပ်တဲ့အခါမှာ လူနာတွေက ဆေးရုံကြီးတွေကို ရောက်လာတာပေါ့”ဟု သူက ဆိုသည်။

ယင်းသို့ဖြစ်ရခြင်း၏ နောက်တစ်ကြောင်းမှာ လူနာများ၏ ကျန်းမာရေးအသိပညာဖွံ့ဖြိုးလာသဖြင့် မြို့ပြများရှိ ပစ္စည်းကိရိယာစုံလင်သော အထူးကုဆရာဝန်ကြီးများထံ ပိုမိုသွားရောက်ကြ ခြင်းများကြောင့်ဖြစ်သည်ဟုလည်း ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

ပြောင်းလဲမှုများ

ယခုအစိုးရလက်ထက်တွင် ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဘတ်ဂျက်များ တိုးမြှင့်ချထားပေးခဲ့ရာ ပြည်နယ်ဆေးရုံ နှင့် တိုင်းဒေသကြီးဆေးရုံ၊ ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံနှင့် ကျေး လက်ကျန်းမာရေးဌာနများတွင် ပြောင်းလဲမှုတချို့ရှိခဲ့သည်။ ထင်ရှားသည့် ပြောင်းလဲမှုမှာ အခြေခံဆေးဝါးများ လုံလုံလောက် လောက်ရရှိလာခြင်းဖြစ်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။

အစိုးရသစ်တက်လာသည့် နောက်ပိုင်းတွင် ကျန်းမာရေး ကဏ္ဍအတွက် ဘတ်ဂျက်သည် ယခင်စစ်အစိုးရလက်ထက်က အသုံးပြုခဲ့သည့် အသုံးစရိတ်ထက် ကိုးဆမြင့်တက်လာသည်ဟု ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

အသုံးစရိတ်များကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်းကိုးသောင်းကျော်သုံးစွဲ ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်ကို ကြည့်မည်ဆိုပါက ကျပ်သန်းပေါင်းခြောက်သိန်းခွဲကျော်အထိ သုံးစွဲလာသည်ကို တွေ့ရသည်။

ဆေးဝါးအထိုက်အလျောက် စုံလင်လာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ဆေးရုံဆိုလျှင် ယခင်ကထက် လူနာများ၏ ယုံကြည်မှုကို ရရှိလာခဲ့သည်ဟု ယင်းဆေးရုံရှိ လက်ထောက်ဆရာဝန် ဒေါက် တာအေးနန္ဒငြိမ်းက ဆိုသည်။

ယခုနှစ်အတွင်း တစ်လလျှင် ပြင်ပလူနာတစ်ထောင်ခန့် လာရောက် ဆေးကုသမှုခံယူလျက်ရှိပြီး တချို့သော ရက်များတွင် ဆေးရုံသို့လာရောက် ဆေးကုသခံယူသူတစ်ရာအထိပင် ရှိတတ် သည်ဟု သူက ဆိုသည်။ ဆိပ်ကြီးခနောင်တိုဆေးရုံတွင် ကုသ၍ မရနိုင်သည့် လူနာများကိုသာ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ပေးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ဆေးရုံရှေ့ရှိ ခနောင်တိုအရှေ့ရပ် ကွက်မှ အနှေးယာဉ်လုပ်သားတစ်ဦးကတော့ သူသည် လည် ချောင်းနာဖြစ်သဖြင့် ပြီးခဲ့သည့် တစ်ပတ်ခန့်က ဆေးရုံသို့သွားပြခဲ့ရာ ဓာတ်မှန်ရိုက်ရန် ရန်ကုန်မြို့သို့စေလွှတ်ကြောင်းနှင့် အလုပ် မအားသောကြောင့် ယနေ့အချိန်ထိ မသွားရသေးကြောင်း ရှင်း ပြသည်။

“ဓာတ်မှန်ရိုက်တဲ့ စက်ရှိပေမယ့် ဓာတ်မှန်ရိုက်တတ်တဲ့သူ မရှိဘူးလို့ သိရတယ်။ အခုက ဆေးတော့ အခမဲ့ရတယ်။ စက် ပစ္စည်းမစုံတာမျိုး ရှိတဲ့အခါကျတော့ တချို့က ရန်ကုန်ဆေးရုံကြီး ကိုပဲ တိုက်ရိုက်သွားကြတယ်”ဟု သူက ဆိုသည်။

တချို့သော မြို့နယ်နှင့် ခရိုင်ဆေးရုံများတွင် စက်ပစ္စည်းများပင် ဖြည့်တင်းနိုင်ခဲ့ခြင်းများ ရှိလာသည်။ သို့သော် လူနာ အများစုသည် မြို့နယ်ဆေးရုံသို့ အသွားနည်းသလို ဆေးရုံကြီး များတွင်သာ စုပြုံတိုးနေကြသည်။

ထိုသို့ မဖြစ်စေရန် ကျန်းမာရေးဦးစီးဌာနက လူနာအသုံးပြုနည်းသည့် မြို့နယ်ဆေးရုံမှ ဆရာဝန်များကို လယ်ဝေးရှိ ကျန်းမာ ရေးဝန်ထမ်းသင်တန်းကျောင်းသို့ခေါ်ကာ အရည်အသွေးမြင့်မားရေးအတွက် တစ်လတစ်ကြိမ် သင်ကြားပို့ချလျက်ရှိသည်။ တစ် နည်းအားဖြင့် အရည်အသွေးမြှင့်တင်ပေးခြင်းဖြစ်ပြီး လူနာများ အားကိုးရသည့် မြို့နယ်ဆေးရုံများ ဖြစ်လာစေရန်အတွက် ဖြစ်သည်ဟု ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

ဝန်ထမ်းအင်အားက နည်း

“တစ်ခါတလေကျတော့ ဝန်ထမ်းအင်အား မလုံလောက် တဲ့အတွက် လူနာမသွားချင်တာလည်းရှိတယ်။ ဒီလိုမဖြစ်အောင် သက်ဆိုင်ရာဆေးရုံတွေမှာ ဝန်ထမ်းအင်အားတွေ ဖြည့်ပေးနေ ပါတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ရှင်းပြသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ယုံကြည် အားကိုးရသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် လစဉ်တွေ့ဆုံကာ လိုအပ်ချက်များကို တင်ပြစေပြီး ဆေး ဝါး၊ စက်ကိရိယာနှင့် လူအင်အားများ ဖြည့်ဆည်းပေးလျက်ရှိ သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဆရာဝန်ဦးရေ စုစုပေါင်း သုံးသောင်း ကျော် ရှိသော်လည်း လက်ရှိနိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဆရာဝန်ဦးရေမှာ တစ်သောင်းဝန်းကျင်ခန့်သာ ရှိလေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နောက်ဆုံးရလူဦးရေ စာရင်းနှင့် အချိုးချကြည့်မည်ဆိုပါက လူ ၅,၁၀၀ လျှင် ဆရာဝန် တစ်ဦးကျဖြစ်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျန်းမာ ရေးလုပ်သား ဆိုးဆိုးရွားရွားပြတ်လပ်နေသည့် နိုင်ငံပေါင်း ၅၇ နိုင်ငံတွင် ပါဝင်သည်ဟုဆိုပါသည်။ WHO ၏ သတ်မှတ်ချက်တွင် လူဦးရေ ၁၀,၀၀၀ ကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် ကျန်း မာရေးလုပ်သား ၂၃ ဦးအနည်းဆုံးရှိရမည်ဟု သတ်မှတ်ထားသည်။

၂၀၁၄ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော စာရင်းများအရ လက်ရှိနိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးလုပ်သား (ဆရာဝန်၊ သူနာ ပြုနှင့် ကျန်းမာရေးမှူး)စုစုပေါင်းအရေအတွက်မှာ ၂၇,၇၇၈ ဦး ရှိသဖြင့် လက်ရှိမြန်မာနိုင်ငံ လူဦးရေနှင့်ဆိုလျှင် လူတစ်သောင်း အတွက် ဖော်ပြပါကျန်းမာရေးဝန်ထမ်း ငါးယောက်ခွဲသာ ရှိမည် ဖြစ်သည်။

“အပြင်မှာ ဆရာဝန်တွေရှိနေတာပဲ။ ဘာကြောင့် မခန့်နိုင် လဲဆိုတော့ ဖွဲ့စည်းပုံအရ လိုအပ်ချက်ရှိတဲ့အတွက် ခန့်လို့မရဘူး။ ဖွဲ့စည်းပုံချဲ့မှဆိုတော့ အခု နိုင်ငံတော် အစိုးရအနေနဲ့ လိုက်ချဲ့နေ ပြီ။ ဒုသမ္မတ(ဒေါက်တာစိုင်းမောက်ခမ်း)နဲ့ တွေ့တုန်းက ဖွဲ့စည်းပုံချဲ့ဖို့တင်ပြတဲ့အခါမှာ ဆောင်ရွက်ပေးမယ်လို့ သိရတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဆိုသည်။

လက်ရှိအချိန်တွင် ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်း အဆင့်ဆေးရုံကြီးများတွင် စက်ပစ္စည်းအသစ်များ ယခင်ကထက် များပြားလာခြင်းကြောင့် ကျွမ်းကျင်သူများ ပိုမိုလိုအပ်လျက်ရှိ လာရာ ဖွဲ့စည်းပုံတိုးချဲ့လာသည့် နောက်ပိုင်းတွင် ယင်းကိစ္စများ ပြေလည်လာမည်ဖြစ်ကြောင်း ဒေါက်တာလှမြင့်က ပြောသည်။

ဆေးတက္ကသိုလ်တစ်ခုမှ အမည်မဖော်လိုသူ အထူးကု ဆရာဝန်တစ်ဦးကလည်း ထိုအချက်ကို ယခုလို ထောက်ပြသည်။

“ဆေးရုံတွေမှာ၊ ကျောင်းတွေမှာဆိုရင် တကယ်လိုတာက ဝန်ထမ်းအင်အား ၁၅၀ လိုတယ်ဆိုရင် ဖွဲ့စည်းပုံအရ လူ ၁၀၀ လောက်ရှိတယ်။ တကယ်ခန့်တာက ၇၀။ ဒါကြောင့် ပြန်ကြည့်ရင် တစ်ဝက်လောက်က လျော့နေတယ်။ တကယ်ဆို အများကြီးခန့် သင့်တယ်။ အပြင်မှာလည်း ဆရာဝန်တွေရှိတယ်”

ရန်ကုန်ဆေးရုံကြီး၏ လက်ရှိဖွဲ့စည်းပုံကိုကြည့်မည်ဆိုပါက ပါမောက္ခမှစ၍ မော်တော်ယာဉ်မောင်းသည့် အောက်ခြေဝန်ထမ်း အထိ စုစုပေါင်း ဝန်ထမ်းဦးရေ ၁,၇၇၆ ဦးရှိသော်လည်း လက်ရှိ အလုပ်လုပ်နေသည့် ဝန်ထမ်းဦးရေမှာ ၁,၃၀၀ ကျော်သာရှိလေ သည်။ အဆိုပါ ဖွဲ့စည်းပုံမှာ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်လောက်က သတ်မှတ်ခဲ့သည့် ဖွဲ့စည်းပုံဖြစ်သည်။

လက်ရှိ ရန်ကုန်ဆေးရုံကြီးတွင် တိုးမြင့်လာသည့် လူနာ အရေအတွက်ကို သေချာဂရုစိုက်နိုင်မည့် ဝန်ထမ်းဖွဲ့စည်းပုံအရေ အတွက်ကို ပါမောက္ခ ဒေါက်တာလှမြင့်က ယခုလိုပြောသည်။

“ဝန်ထမ်း ၃,၅၀၀၊ ၃,၆၀၀ လောက်မှ သေချာ ဂရုစိုက်နိုင်မယ်”

လောလောဆယ်အနေအထားက လိုအပ်သည့် ဝန်ထမ်း အရေအတွက်၏ သုံးပုံတစ်ပုံသာ ရှိသည်ကိုတွေ့ရသည်။

ကျန်းမာရေးဦးစီးဌာနကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ကုသရေးဦးစီးဌာနဟူ၍ မကြာမီခွဲထုတ်မည်ဖြစ်ပြီး ယင်း သို့ပြုလုပ်ပြီး နောက်တစ်ဆင့်တွင် ရန်ကုန်ဆေးရုံကြီးနှင့် မ္တလေးဆေးရုံကြီးများတွင် ဖွဲ့စည်းပုံသစ်များ ထွက်လာမည်ဖြစ် သည်။ ဝန်ထမ်းအင်အား တိုးချဲ့ထားသည့် အဆိုပါဖွဲ့စည်းပုံသစ် သည် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ထွက်လာမည်ဟု ခန့်မှန်း ထားကြောင်း ဒေါက်တာလှမြင့်က ဆိုသည်။

နိမ့်ဆင်းလာသော ကျွမ်းကျင်မှု

မြို့ပြဆေးရုံကြီးများတွင် လူနာများစုပြုံနေရခြင်းသည် နယ်မြို့ဆေးရုံများ၌ ဝန်ထမ်းအင်အား လုံလုံလောက်လောက် မရှိခြင်းကြောင့်ဖြစ်သလို တချို့သော နေရာများတွင် ဆရာဝန်နှင့် သူနာပြုတို့၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်းကြောင့် လည်း ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြသည်။

ယင်းနှင့်ပတ်သက်၍ အငြိမ်းစားပါမောက္ခဒေါက်တာသံစစ် က “တချို့က မခွဲစိတ်တတ်ဘူး။ အဲဒီလို မကျွမ်းကျင်တဲ့အခါမှာ ရန်ကုန်လို၊ မန္တလေးလို နေရာတွေကို စုပြုံမှုတွေ ဖြစ်တာပေါ့။ စက်ပစ္စည်းတွေ ဖြည့်ဆည်းပေးပေမယ့် သုံးနိုင်ချင်မှ သုံးနိုင်မယ်။ ကျွမ်းကျင်စွာ မသုံးနိုင်ရင် (လူနာတွေ)မြို့ကြီးပြကြီးကို လာရမှာ ပေါ့”ဟု ဆိုသည်။

ယင်းသို့ဖြစ်ရခြင်းသည် ကျန်းမာရေးလေ့ကျင့်သင်ကြားမှု အားနည်းခြင်းကြောင့်ဖြစ်ပြီး ယင်း၏နောက်ဆက်တွဲအနေဖြင့် နယ်ဒေသတချို့တွင် ဆရာဝန်နှင့် သူနာပြုတို့သည် စွမ်းအားပြည့် အရည်အသွေးပြည့် စွမ်းဆောင်နိုင်တာရှိသလို မစွမ်းဆောင်နိုင် သောသူများလည်း ရှိနိုင်သည်ဟု ဒေါက်တာသံစစ်က ဆိုသည်။

တချိန်က ဆေးတက္ကသိုလ်များတွင် ဆရာ၊ ဆရာမအချိုး နှင့် ကျောင်းသူ၊ ကျောင်းသားအချိုး ညီမျှမှု ရှိခဲ့သော်လည်း အရှေ့တောင်အာရှ အဆင့်အတန်းမီရမည်ဆိုသော ရည်ရွယ်ချက် ဖြင့် ဆေးကျောင်းသားများကို အများအပြား ခေါ်ယူလိုက်ခြင်း ကြောင့် စာသင်ခန်းထဲတွင် ကျောင်းသားများထိုင်ရန် ထိုင်ခုံပင် မရှိတော့သည်အထိဖြစ်ခဲ့ဖူးသည်။

ဆေးရုံများတွင်လည်း ဆေးကျောင်းသားများစွာ ပုံနေခဲ့ ပြီး ၎င်းတို့ကိုသင်ပြပေးနိုင်မည့် ဆရာ၊ ဆရာမက နည်းနေခဲ့ဖူး သည်။ ထို့အတူ ဆေးပညာကို လက်ထပ်သင်ကြားနိုင်ခြင်း၊ လက် တွေ့သင်ကြားမှုပေးခြင်းများ အားနည်းခဲ့ဖူးသည်ဟု ဒေါက်တာ သံစစ်က ဆိုသည်။

သူက ဆက်၍ “ဆရာတွေလိုတော့ အများကြီးခန့်လိုက် မယ်။ သူ့ဟာသူ ကျွမ်းကျင်မှုရှိမှ ဒီအဆင့်ကို ရောက်တာ။ အခု က တစ်ခါတည်း ကထိကတို့၊ လက်ထောက်ကထိကတို့ ပေးလိုက် တယ်။ အဲဒီလိုမရဘူးလေ။ သူ့ဟာနဲ့ သူ ကျွမ်းကျင်မှုရှိမှ။ ဒီလိုနဲ့ ကျွမ်းကျင်မှုတွေက အားနည်းလာခဲ့တာ”ဟု ဆိုသည်။

ယခုနောက်ပိုင်းဆရာဝန်များသည် လက်တွေ့လုပ်ငန်းခွင် တွင် လေ့ကျင့်မှုနည်းသဖြင့် သူတို့၏ လုပ်ငန်းကျွမ်းကျင်မှုသည် သိပ်မကောင်းမွန်တော့ဟု မြို့နယ်ကျန်းမာရေး ဆရာဝန်တစ်ဦး က ဆိုသည်။ လက်ထောက်ဆရာဝန် နှုတ်ဖြေစာမေးပွဲတွင်လည်း မေးမြန်းသည့်မေးခွန်းများသည် ဆေးပညာဘာသာရပ်နှင့် မသက်ဆိုင်သော ဗုဒ္ဓဘုရားနှင့် ပတ်သက်သည့် အကြောင်းအရာ များ၊ နိုင်ငံရေးဦးတည်ချက်များ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မေးခွန်းများ မေးတတ်ကြသည်ဟုဆိုသည်။

“ဆရာဝန်ကို ဆေးပညာနဲ့ ပတ်သက်တာမေးလို့ စာမေးပွဲ ကျတယ်ဆိုရင် မျှတသေးတယ်။ အခုက ဆေးပညာနဲ့ မဆိုင်တာ တွေ လျှောက်မေးလို့ ကျတယ်ဆိုတော့ မမျှတဘူးပေါ့”ဟု မြို့ နယ်ကျန်းမာရေးဆရာဝန်တစ်ဦးက ဆိုသည်။

လက်ထောက်ဆရာဝန်စာမေးပွဲ နှစ်ကြိမ်ဖြေဆိုခဲ့ပြီး နှစ် ကြိမ်စလုံးကျရှုံးခဲ့သူ၊ ပြည်မြို့၌ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထား သည့် ဒေါက်တာဝဏ္ဏ၏ အမြင်ကလည်း အထက်ပါမြို့ နယ်ကျန်းမာရေးဆရာဝန်၏ အမြင်နှင့် တစ်ထပ်တည်းကျသည်။

“လက်ထောက်ဆရာဝန်စာမေးပွဲမှာ ဆီးရီးယားနိုင်ငံရေး တို့၊ တရုတ်-အမေရိကန်ဆက်ဆံရေးတို့ မေးတယ်။ တိုင်းပြည်မှာ လတ်တလောဖြစ်နေတာတွေကို မေးတယ်။ ကျန်းမာရေးဗဟုသုတထက် အပြင်က ဗဟုသုတကို ပိုမေးတယ်”ဟု ဒေါက်တာ  ဝဏ္ဏက ရှင်းပြသည်။

ရေးဖြေစာမေးပွဲကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က စစ်ဆေးပြီး လူတွေ့မေးမြန်းခြင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ မှ တစ်ဦးနှင့် အထူးကုဆရာဝန်တစ်ဦးတို့ ပါဝင်သည်။

ယခုအစိုးရလက်ထက်တွင် ဆေးတက္ကသိုလ်များ၌ ကျောင်းသားခေါ်ယူမှုလျှော့ချလာတာကို တွေ့ရပြီး ယင်းသို့ ကျောင်းသား ခေါ်ယူမှုလျှော့ချခြင်းနှင့် တောင်ကြီးတွင် ဆေး တက္ကသိုလ်တစ်ခု ထပ်မံတည်ဆောက်ရန်ပြင်ဆင်နေခြင်းသည် ကျောင်းသားတို့၏ အရည်အသွေး ပြန်တက်လာအောင် လုပ်ပေးနေခြင်း ဖြစ်နိုင်သည်ဟု ဒေါက်တာသံစစ်က သုံးသပ်သည်။

“ကျောင်းသားတွေကို လိုအပ်တာထက် ပိုပြီးခေါ်လိုက်လို့ အရည်အသွေးအားနည်းသွားခဲ့တယ်။ အားနည်းသွားလို့ ပြန် လျှော့တာ။ တစ်ဖက်မှာ လည်း ဆရာဝန်လိုအပ်ချက်ပြည့်မီအောင် ဆေးကျောင်းဆက်ဖွင့်တယ်” ဟု ဒေါက်တာသံစစ်က ဆိုသည်။

ထို့ကြောင့် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်မည့် လက်ထောက်ဆရာဝန်များအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှု ရှိပြီး စွမ်းဆောင်ရည်မြင့်နေမှသာလျှင် နယ် ဆေးရုံများကို လူနာများ ပိုမိုယုံကြည်အားကိုးပြီး မြို့ပြရှိ ဆေးရုံ များသို့ လာရောက်မှု လျော့ကျသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆရာဝန်များ၏ ခံစားခွင့်ကို မြှင့်ပေးပါ

ဆေးရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရသည့် ဆရာ ဝန်များအတွက် လစာခံစားခွင့် နည်းပါးခြင်း၊ အခြားသော နေ ထိုင်၊ စားသောက်မှုအတွက် ခံစားခွင့် မပြည့်စုံခြင်းများကလည်း ဆရာဝန်များ၏ စွမ်းဆောင်ရည်ကို လျော့ကျစေပါသည်။

ထို့ပြင် ယင်းအချက်က ဆရာဝန်နှင့် လူနာကြားဆက်ဆံ ရေးကို တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုများ ရှိစေနိုင်သည်။

သို့ဖြစ်၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၏ လစာတိုးမြှင့်ရေးနှင့် ၎င်းင်းတို့နေထိုင်ရာ ဝန်ထမ်း အိမ်ရာများ ပြည့်စုံကောင်းမွန်စွာ တည်ဆောက်ပေးရန်မှာလည်း လက်ရှိအစိုးရ၏ အကောင်အထည်ဖော်နေသော ပြည်သူ့ကျန်း မာရေးစောင့်ရှောက်မှုစီမံကိန်းများတွင် မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် ကဏ္ဍတစ်ခုပင်ဖြစ်သည်။

လက်ထောက်ဆရာဝန်စာမေးပွဲကို နှစ်ကြိမ်တိုင်တိုင် ဖြေဆိုခဲ့သည့် ဒေါက်တာ ဝဏ္ဏ ကတော့ လက်ထောက်ဆရာဝန်စာ မေးပွဲဖြေဆိုရခြင်းသည် တစ်လလျှင် တစ်သိန်းခုနစ်သောင်း ကျပ်ရရှိသော လစာနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ ဘွဲ့လွန်တက် ရောက်ရန်နှင့် မြို့နယ်ဆရာဝန်တစ်ယောက် ဖြစ်လာရန်အတွက် သာ အဓိကဖြစ်ကြောင်း ရှင်းပြသည်။

“အစိုးရဆေးရုံကဆိုရင် လူတွေက ပိုကြိုက်ကြတယ်။ မြို့ နယ်ဆရာဝန်ဖြစ်သွားရင်လည်း သူက ဒီမြို့မှာ အကြီးဆုံးပဲ။ လူနာတွေကို သူထိန်းချုပ်ထားတာ။ တခြား အပြင်ဆရာဝန်တွေနဲ့ လုပ်ငန်းခွင်ဆရာဝန်တွေနဲ့ ကွာတယ်။ အစိုးရအလုပ်က အာမခံ ချက်ရှိတယ်။ ပညာတိုးတက်တယ်”ဟု သူက ဆက်လက်ရှင်းပြ သည်။

ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်တစ်ခုတွင် စာသင်ကြားနေသော ဆရာဝန်တစ်ဦးကလည်း “ခေတ်တွေပြောင်းလာတော့ အစိုးရဆရာဝန်အလုပ်က လစာနည်းလို့ မလုပ်ချင်တော့ဘူး။ ဘွဲ့ လွန်ရလို့သာ တက်ချင်တာများတယ်”ဟု ဆိုသည်။

ဆရာဝန်လုပ်သက် အနှစ် ၂၀ ရှိသည့် မြို့နယ်ဆေးရုံအုပ် တစ်ဦးကတော့ သူ့အနေဖြင့် ဆရာဝန်လုပ်ခဲ့သည့် သက်တမ်း အနှစ် ၂၀ သည် နွံထဲသို့ နစ်နေခြင်းသာဖြစ်ပြီး အလုပ်ထွက်ချင်နေပြီဖြစ်သည်ဟုဆိုပါသည်။ ငယ်ရွယ်သည့်အချိန်က အားကြိုး မာန်တက် လုပ်ခဲ့သော်လည်း ယခုတွင် အသက်မကြီးသေးဘဲ အလုပ်လုပ်လို့ကောင်းသည့်အရွယ်ဖြစ်သည့်တိုင် လုပ်ချင်စိတ် မရှိတော့ကြောင်း ပြောပြသည်။

“လုပ်ရတာ မတန်ဘူး။ မတန်ဘူးဆိုတာ လစာတစ်ခုတည်း မဟုတ်ဘူး။ ကျန်တဲ့အပိုင်းတွေမှာလည်း တာဝန်ယူရတာတို့၊ ကိုယ့်ရဲ့  feedback အပေးခံရတာတို့က မတန်ဘူးလို့ ယူဆတယ်။ မြို့နယ်သုံးရာကျော်က TMO (Township Medical Officer- မြို့နယ်ကျန်းမာရေးဦးစီးမှူး) တွေကို သွားမေးကြည့်။ ဘယ်နှယောက်ထွက်လာမလဲလို့။ ဒီလိုပဲ အားလုံးခံစားနေရ တာ”ဟု ဆိုသည်။

ဒလမြို့နယ်ဆေးရုံဝင်းအတွင်းရှိ မြို့နယ်ဆရာဝန်နေသည့် အိမ်မှာ သစ်သားဖြင့် ဆောက်လုပ်ထားသည့် အိမ်ဟောင်းတစ်ခုသာဖြစ်သည်။ ရွှေပြည်သာမြို့နယ်ဆေးရုံဝင်းအတွင်းရှိ မြို့နယ် ဆရာဝန်နေသည့် အိမ်မှာလည်း ပေါင်းမြက်ပင်များကြားတွင် အမြင်မတင့်တယ်လောက်အောင်ကို ဥပဓိရုပ်က ပျက်စီးနေသည်။

ယခုနှစ် (၂၀၁၄)နိုဝင်ဘာ ၂၇ရက်က မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက်ရှိခဲ့စဉ် အမှာစကားပြောကြားခဲ့ရာ၌ ဆေးရုံများတွင်    ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်ရှိနေပြီး ပြင်ပတွင် ဆရာဝန်၊ ဆရာမများ ပိုနေခြင်းကြောင့် ဝန်ထမ်း အများအပြားခန့်ထား နိုင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ခန့်ထားနိုင်ရန် လက်ရှိဆေးရုံ ခုတင်များ တိုးချဲ့နိုင်ပါက လစ်လပ်ရာထူးများ ပေါ်လာပြီး ပိုမိုခန့် ထားလာနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“လက်ရှိနေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများမှာ ဟောင်းနွမ်းဆွေးမြည့်နေသဖြင့် အသစ်ဆောက်လုပ်ပေးရန် လိုအပ်ပါကြောင်း”ကိုပါ ဒုသမ္မတက ထည့်သွင်းပြောကြားသွားသည်။

Photo-သက်ဦးမွန်
Photo-သက်ဦးမွန်

ပြောင်းလဲရမည့် ကဏ္ဍများ

ကျန်းမာရေးအသုံးစရိတ်များကို ထပ်မံ၍ ပိုမိုသုံးစွဲလာနိုင် ပါက မြန်မာနိုင်ငံရှိ အဆင့်အတန်းအမျိုးမျိုးသော ဆေးရုံများ တွင် ခေတ်မီစက်ကိရိယာများ ရောက်ရှိလာမည်။ ဆေးရုံ၏ဖွဲ့ စည်းပုံတိုးချဲ့လိုက်ခြင်းကြောင့် ဆေးရုံဝန်ထမ်း အင်အားများပြား လာမည်။ ထိုအခါ ယခင်က သွားနေသည့် ပုံစံအဟောင်းကြီး အတိုင်း မဟုတ်ဘဲ မဖြစ်မနေ ပြောင်းလဲရမည့်အရာများ၊ ခေတ် နှင့်အညီ ပြောင်းလဲရမည့်အရာများ ရှိလာသည်။

အစိုးသစ်လက်ထက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်စုံအောင် ကြိုးစား ဆောင်ရွက်သည့်အနေဖြင့် အဆောက်အအုံပိုင်းဆိုင်ရာ တိုးချဲ့ ခြင်း၊ ရောဂါရှာဖွေရေးနှင့်ပတ်သက်သည့် စက်ကိရိယာများ ဝယ်ယူဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့သည်။

“ပြီးခဲ့တဲ့နှစ်ကဆို ၁၄ ဒသမ ၅ဘီလီယံကျပ်တန်ဖိုးရှိတဲ့ ပစ္စည်းတွေတပ်ဆင်နိုင်ခဲ့တယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဆိုသည်။

ကင်ဆာရောဂါကုသမှုများ ဆောင်ရွက်နိုင်ရန်လည်း ဓာတ်ရောင်ခြည်ဖြင့် ကုသပေးသည့် စက်နှစ်လုံးကို ဝယ်ယူ ခဲ့သည်။ စက်တစ်လုံးအား တပ်ဆင်ထားပြီးဖြစ်ရာ ကျန်ရှိသည့် တစ်လုံးကို ဒီဇင်ဘာလတွင် အပြီးတပ်ဆင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာဖြစ်နေသည့် လူနာများအား ပိုမိုကုသနိုင်တော့မည်ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ခေတ်မီစက်ကိရိယာများ ပိုမိုတပ်ဆင်လာနိုင်သည့်အတွက် ဆရာဝန်နှင့် ဆရာမအင်အား ပိုမိုလိုအပ်လာသလို Technician အင်အားလည်း ပိုမိုလိုအပ် လာသည်။ ယင်းသို့ဖြစ်လာသည့်အခြေအနေတွင် ဆေးရုံ၏ ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ဌာနများတိုးချဲ့ခြင်းတို့ လိုအပ်လာသည်ဟု ဒေါက်တာလှမြင့်က ပြောသည်။

ယခုအခါ မြို့နယ်၊ တိုက်နယ်ဆေးရုံများနှင့် ဆေးရုံကြီးများ တွင် ဆေးဝါးများ ပိုမိုရရှိလာခြင်း၊ စက်ပစ္စည်းများ ပိုမိုတပ်ဆင် ထားနိုင်ခြင်းများ ရှိလာသည့်အခါတွင် အဆိုပါ ဆေးဝါးနှင့် စက် ပစ္စည်းများအား ထိန်းသိမ်းစစ်ဆေးဖို့ လိုအပ်လာသည်။ မြို့နယ် ဆေးရုံတချို့တွင် ဆရာဝန်နှင့် သူနာပြုဆရာမများသည် လူနာ များကို ကုသမှုပေးရသလို ဆေးရုံရှိ ဆေးဝါးများကိုလည်း စစ် ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းများ လုပ်နေရသည်။ ယင်းလုပ်ငန်း များ ပြုလုပ်နိုင်ရန် ဆေးရုံများတွင် သီးခြားဌာနတစ်ခု ဖွဲ့စည်း ထားခြင်း မရှိသေးပေ။ ထို့ကြောင့် ဆေးရုံသို့ ရောက်ရှိလာသည့် ဆေးဝါးများအား စစ်ဆေးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မှတ်တမ်းတင်ခြင်းများအတွက် သီးခြားဆောင်ရွက်ရန် လိုအပ် လာသည်။

ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးများ ထိန်းသိမ်းရန်၊ ထုတ်ပေးနိုင်ရန် Medical Store ရှိသည်။ လိုအပ်သည့်ဆေးဝါးများကို စာရင်းလုပ်ကာ တင်ဒါခေါ် ဝယ်ယူကြသည်။ သို့သော် ထို့ထက် ပိုမိုသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်မည့် Pharmacy Department ခေါ် ဆေးဝါးဗေဒဌာနများ အစိုးရ ဆေးရုံများတွင် ဖွဲ့စည်းရန် လိုအပ်လာသည်။

ပြောင်းလဲဖွဲ့စည်းမည့် ဖွဲ့စည်းပုံသစ်တွင် ဆေးဝါးအသုံးပြုမှု၊ ဆေးဝါးမှန်ကန်မှုများကို ထိန်းသိမ်းပေးမည့် အဖွဲ့တစ်ခုဖွဲ့စည်း မည့်အကြောင်း ယင်းနှင့်ပတ်သက်၍ ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာလှမြင့်က “နိုင်ငံခြားမှာဆို ဆရာဝန်တွေက Treatment ပေးပြီးတဲ့နောက် Clinical Pharmacologists (ဆေးဝါးဗေဒပညာရှင်)တွေက Dose တွေ ပြန်တွက်ပြီး တော့ မှန်လား၊ မမှန်လား ဆိုတာတောင် ပြန်စိစစ်ပေးတဲ့ဟာမျိုးပေါ့။ အဲဒီလိုဌာနသစ်တစ်ခုလည်း အခုဖွဲ့စည်းပုံအသစ်မှာ ထပ်ထည့်မှာပါ။ Clinical Pharmacologist (ဆေးဝါးဗေဒပညာရှင်)ပေါ့။ Pharmacist ပေါ့”ဟု ရှင်းပြသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ဆေးရုံများကို ခေတ်နှင့် အညီဖြစ်စေ ရန် ဆေးရုံရှိ လုပ်ငန်းများအဆင့်ဆင့်ကို Computerized System (ကွန်ပျူတာစနစ် သုံး) သို့ ပြောင်းလဲရမည်ဖြစ်သည်။ ဆေးဝါးအဝင်အထွက်များကို ကွန်ပျူတာစနစ်ဖြင့် စာရင်းမှတ် ခြင်း၊ ဆေးဝါးများ၏သက်တမ်းကိုလည်း စစ်ဆေးခြင်း၊ လူနာများ ဆေးမှတ်တမ်းတင်ခြင်းများကို ကွန်ပျူတာစနစ်ဖြင့် အသုံးပြုရ တော့မည်ဖြစ်သည်။

“သူများနိုင်ငံတွေမှာ Medical Record က Computerized Systerm ဖြစ်သွားပြီ။ ဒီလို ကွန်ပျူတာစနစ်သုံးပြီး Networking System ဖြစ်သွား ရင် CT(Computerized axial Tomography)တို့MRI(Magnetic Resonance Imaging)တို့ရဲ့ ပုံရိပ်တွေက ကွန်ပျူတာပေါ်မှာ ကြည့်ရုံပဲ။ ဖလင် ပြား ပြန်ထုတ်နေစရာ မလိုတော့ဘူး။ X-ray ဌာနက X-ray ရိုက်လိုက်ပြီဆိုရင် သူ့ဆိုင်ရာ Ward မှာ Password နဲ့ သိမ်းထား ရုံပဲ။ ဒါမျိုးလုပ်နိုင်ဖို့ကို အစပျိုးနေပြီ”ဟု ဒေါက်တာလှမြင့်က ပြောသည်။

မြန်မာနိုင်ငံရှိ ဆေးရုံများ၏ လုပ်ငန်းများကို ကွန်ပျူတာ စနစ်ဖြင့် အသုံးပြုလာနိုင်မည်ဆိုပါက ဓာတ်ခွဲခန်းအဖြေများကို စာရွက်များဖြင့် အသုံးပြုစရာ မလိုတော့ဘဲ သက်ဆိုင်ရာဌာန အလိုက် အလွယ်အတူ ဖွင့်ကြည့်နိုင်မည်ဖြစ်သည်။ ထို့ပြင် ဆေးရုံစနစ်ကို အသုံးပြုခြင်းဖြင့် ရန်ကုန်ဆေးရုံ၊ မန ္တလေးဆေးရုံ များမှ ပုသိမ်ဆေးရုံ၊ ပဲခူးဆေးရုံများသို့ Video ကွန်ဖရင့်မှတစ် ဆင့် အခက်အခဲရှိသည့် ကုသမှုများကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာလှမြင့်က ရှင်းပြသည်။

ထိုကဲ့သို့ ဆေးရုံများတွင် ကွန်ပျူတာစနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက ဆရာဝန်လက်ရေးဖတ်မရသည့် ပြဿနာလည်း ပြေလည်သွားမည်ဖြစ်သည်။ ထို့ပြင် အချို့သော ဆေးရုံများတွင် ဆရာဝန်နှင့် ပုဂ္ဂလိက ဆေးအရောင်းဆိုင်တို့ ကြား ဆေးစာရွက်တွင် အမှတ်အသားပြုလုပ်ကာ လူနာထံ ဆေး ရောင်းချသည့် စနစ်များလည်း ပပျောက်သွားမည်ဖြစ်သည်။

“ဆရာဝန်လက်ရေးဖတ်မရဘူးဆိုတာ အမြန်ရေးရင်းနဲ့ လက်ရေးပျက်သွားတာ။ ဒါမျိုးက မဖြစ်သင့်ဘူး။ သပ်သပ်ရပ်ရပ် ဖြစ်သင့်တာ။ နိုင်ငံခြားမှာဆိုရင် လူနာရဲ့ ဒေတာကို သေသေချာချာမှတ်ထားတာ။ ဒီမှာက Hospital Data Management ဆိုတာ မရှိသေးဘူး”ဟု ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်တစ်ခုတွင် စာသင်ကြားနေသော ဆရာဝန်တစ်ဦးက ပြောကြားသည်။

Hospital Data Management သည် လူနာတစ်ဦး မြို့ တစ်မြို့သို့ ပြောင်းရွှေ့သွားပါက သူပြောင်းရွှေ့သွားသည့် မြို့ရှိ ဆရာဝန်က Patient Code နံပါတ်ကြည့်ရုံဖြင့် ကုသသည့်နေရာ တွင် အလွယ်တကူ ကုသနိုင်မည်ဖြစ်သည်။ အဆိုပါစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဆိုပါက လူနာတစ်ဦး၏ အချက် အလက်များကို ကွန်ပျူတာမှ ပရင့်ထုတ်ပြီးသား (Printed Form) ထွက်လာမည်ဖြစ်ပြီး ယခုလို ဖတ်မရသည့် ဆရာဝန် လက်ရေးများလည်း ဖြစ်တော့မည်မဟုတ်ဘဲ လူနာနှင့် လူနာရှင် များလည်း စိတ်ကျေနပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ဒီမှာက အင်တာနက်ကလည်း နှေးကွေးတယ်၊ လျှပ်စစ် မီးကလည်း မမှန်သေးဘူး။ ပြီးတော့ ကွန်ပျူတာလို စက်ပစ္စည်း ကိရိယာတွေလည်း အများကြီး မလုပ်ပေးနိုင်တဲ့အခါကျတော့ Hospital Data Management ဒီမှာ မထွန်းကားသေးဘူး။ အခု ကျောင်းမှာ စသင်ဖို့တော့ လုပ်နေပြီ”ဟု ဆေးတက္ကသိုလ် တစ်ခုမှ ဆရာဝန်တစ်ဦးက ဆိုသည်။

ယခုအစိုးရလက်ထက်တွင် ကျန်းမာရေးဘတ်ဂျက်ကို ပိုမို သုံးနိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် ယခင်ကထက် တိုးတက်လာသည်ကတော့ အမှန်ပင် ဖြစ်သည်။ ယင်းတိုးတက်မှုနှင့်အတူ ပြည်သူလူထု၏ ယုံကြည်မှုကို လည်း အထိုက်အလျှောက်ရရှိလာခဲ့သည်။ သို့သော် အနာဂတ်တွင် ကျန်းမာရေးကဏ္ဍက ပြောင်းလဲမှုများစွာ လုပ်ရဦးမည်ဖြစ်၏။

မြို့နယ်ရှိ အစိုးရဆေးရုံများတွင် လူနာနည်းနေပြီး မြို့ပေါ်ရှိ အစိုးရဆေးရုံကြီးများတွင်သာ လူနာများစုပြုံနေခြင်း၊ ဖြည့်ဆည်းပေးထားသည့် စက်ပစ္စည်းကိရိယာများကို သုံးစွဲနိုင်သည့် ကျွမ်းကျင်ဝန်ထမ်းရှားပါးနေခြင်း၊ ဆရာဝန်၊ ဆရာမများ မလုံ လောက်ခြင်း၊ ထို့အတူ ဆေးရုံများကို ခေတ်နှင့်အညီ ခေတ်မီ နည်းစနစ်သုံး ဆေးရုံများအဖြစ် ပြောင်းလဲရန်လိုအပ်ခြင်းစသည် တို့မှာ အနာဂတ်တွင် မလွဲမသွေလုပ်ဆောင်ရမည့် လုပ်ငန်းများ သာ ဖြစ်သည်။

သို့သော် အထက်ပါ ပြောင်းလဲမှုများ မပြုလုပ်နိုင်သေး သည့် ကာလအတွင်းမှာတော့ လိုအပ်ချက်များစွာရှိနေသေးသည့် ကျန်းမာရေးစောင့်ရှောက်မှုအောက်တွင် ဆင်းရဲမွဲတေမှု လှိုင်းတံပိုး၏ ဖိစီးမှုကို ခံနေရသော မနွယ်နီနှင့် သူ၏ခင်ပွန်း ကိုသန်းထိုက်တို့လို အခြေခံလူတန်းစား လူပေါင်းမည်မျှတို့ ဒုက္ခခံနေကြ ရဦးနည်း။

(စာကြွင်း။  ။ ဒီဇင်ဘာ ၄ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နောက်တစ်ကြိမ်သွားကြည့်ရာတွင်တော့ မနွယ်နီနှင့် ကိုသန်း ထိုက်တို့ကို ဆေးရုံဝင်းထဲတွင် မတွေ့ရတော့ပေ။ သူတို့စတည်းချရာ ပိတောက်ပင်နှင့် အနီးအနားရှိ ဈေးသည်များ၏ အဆိုအရ မနွယ်နီနှင့် ကိုသန်းထိုက်တို့ကို ဆေးရုံကြီးမှ တာဝန်ရှိသူများက ကားငှားပြီး တင်ပေးလိုက်သည်ဟုဆိုသည်။ ယခုအချိန်တွင် ၎င်းတို့ မိသားစု ဘယ်မှာရှိမလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ ကိုသန်းထိုက်ကိုယ်တိုင်သည်ပင် သူ၏ မိသားစုနှင့်အတူရှိပါသေး သလား။)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."