ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၃ (မော်ကွန်း)
ရန်ကုန်က Grab တက္ကစီယာဉ်တွေမှာ ခရီးသည်နဲ့ယာဉ်မောင်းအကြား အသံဖမ်းယူမယ့် Audio Protect အစီအစဉ်ကို Grab က ဇွန်၂၉ မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
အဲဒီအစီအစဉ်ဟာ ခရီးသည်နဲ့ယာဉ်မောင်းပြောဆိုမှုတွေကို နှစ်ဦးသဘောတူညီမှုရမှသာ Grab အက်ပလီကေးရှင်းကတစ်ဆင့် ခရီးစဉ် အစ/အဆုံး အသံသွင်းထားမယ့်ဝန်ဆောင်မှုဖြစ်တယ်လို့ဖော်ပြပါတယ်။
“Grab က ကျွန်တော်တို့ဆီကိုမက်ဆေ့ဝင်တယ်။ခရီးစဉ်အတွက် ခရီးသည်နဲ့ကိုယ်နဲ့ပြောဆိုမှုတွေကိုအသံသွင်းမှာလားဆိုပြီး၊ ကျွန်တော်တော့မလုပ်ထားဘူး။ ခရီးသည်ကသူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေပြောနေရင်မကောင်းဘူးလေ။ အဲဒါကြောင့်မို့ပါ။ အဓိကကတော့နှစ်ဦးနှစ်ဖက်လုံခြုံရေးအတွက်လုပ်တာလို့ထင်ပါတယ်။” လို့ ရန်ကုန်မြို့မှာ Grab တက္ကစီမောင်းသူတစ်ဦးကပြောပါတယ်။
အသံဖမ်းချင်တယ်ဆိုရင်တော့ Grab အက်ပလီကေးရှင်းထဲဝင်ကာ Audio Protect ဝန်ဆောင်မှုရယူဖို့အတည်ပြုရမှာပါ။
အသံဖိုင်တွေကို ခရီးသည်နဲ့ယာဉ်မောင်းက ဝင်ရောက်ကြည့်ရှုပြင်ဆင်ခွင့်မပေးထားပါဘူး။ အဲဒီအသံဖိုင်တွေကို Grab အက်ပလီကေးရှင်းကကုဒ်စနစ်ဖြင့်လျှို့ဝှက်ထားမှာဖြစ်ပြီး ဘေးကင်းလုံခြုံရေးပြဿနာတစ်ရပ်ဖြစ်ပွါးတဲ့အခါ Grab ရုံးအဖွဲ့ကသာ စီစစ်သွားမယ်လို့ဆိုပါတယ်။
လုံခြုံရေးပြဿနာဖြစ်ပွါးမှုမရှိပါက အဲဒီအသံဖိုင်တွေကို ငါးရက်အကြာမှာ အလိုအလျောက်ဖျက်သွားမယ်လို့ထုတ်ပြန်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ နေ့စဉ်နဲ့အမျှဒုစရိုက်မှုတွေပိုများလာပြီး တက်စီယာဉ်မောင်းတွေဓားပြအတိုက်ခံရတာ၊ တက်စီယာဉ်တွေပေါ်မှာမိန်းကလေးတွေလိင်ပိုင်းဆိုင်ရာနှောင့်ယှက်ထိပါးခံရတာတွေပိုများလာနေတာပါ။
#Dailynews

