မေလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၃)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။
ဇော်ထိုက် မေးမြန်း သည်။
မော်ကွန်းမဂ္ဂဇင်း အင်တာဗျူးကဏ္ဍအတွက် မြန်မာနိုင်ငံ တွင် ငါးသယံဇာတရှားပါးလာသည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်ကို မေးမြန်းထားပါသည်။
မော်ကွန်း။ ။ အန်ကယ်ဦးဝင်းကြိုင်၊ မင်္ဂလာပါဗျာ။ မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်ကဏ္ဍရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကနဦး အနေနဲ့ မေးချင်တာကတော့ ကြားနေတဲ့သတင်းတွေအရ မြန်မာ နိုင်ငံက ပြည်ပကိုရေထွက်ကုန်တင်ပို့တဲ့ နိုင်ငံဆိုပေမယ့် အခု တော့ ပြောင်းပြန်အနေနဲ့ ပြည်ပက ရေထွက်ကုန်၊ အထူးသဖြင့် ပုစွန်တောင် မြန်မာနိုင်ငံထဲကို ပြန်ဝင်လာနေတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဦးဝင်းကြိုင်။ ။ ပြောမယ်၊ ပြောမယ်။ နေဦးဗျ။ ကျွန်တော်ပထမဆုံး မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်ထုတ်လုပ်မှုအနေအထားကို ပြောချင် တယ်။ ရေထွက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းဆိုတာ နှစ်မျိုးရှိတယ်။ တစ်မျိုးက သဘာဝကဖမ်းတာ။ တစ်မျိုးက မွေးမြူရေးပေါ့ဗျာ။ သဘာဝကဖမ်းတယ်ဆိုတာမှာလည်း ခွဲလိုက်ရင်နှစ်မျိုးဖြစ်သွားတယ်။ တစ်မျိုးက ကုန်းတွင်းက မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေဆီက ဖမ်းတာ။ ရေချိုငါးတွေပေါ့။ နောက်တစ်မျိုးက ပင်လယ်ကမ်းရိုး တန်းတစ်လျှောက် ကမ်းနီး၊ ကမ်းဝေးဖမ်းကြတဲ့ ရေငန်ငါးတွေပေါ့။
အဲဒီလိုသဘာဝကနေဖမ်းဆီးပြီး ရေထွက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုကြည့်ရင် လက်ရှိအခြေအနေက အင်း၊ အိုင် လုပ်ငန်းတွေက ယုတ်လျော့ပျက်စီးသွားကြပြီ။ လက်ကျန် အင်း၊ အိုင်တွေထဲမှာကလည်း ငါးတွေက တဖြည်းဖြည်းနဲ့ ရှားရှား လာတယ်။ အင်း၊ အိုင်တွေကနည်းလာတော့ အင်း၊ အိုင် လေလံ ဈေးတွေကတော့ ကောင်းလာတာတော့ရှိတာပေါ့ဗျာ။ တစ်ဖက် က ငါးဈေးကလည်းကြီးလာတာကိုး။ ငါးဈေးကြီးလာတော့ ထုတ်လုပ်နိုင်တဲ့ပမာဏက နည်းပေမယ့် လေလံဈေးတွေက ကျမသွားဘဲ တက်လာကြတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ထုတ် လုပ်မှုကတော့ တော်တော့်ကိုကျသွားတယ်။
သဘာဝငါးတွေဆိုရင် မြင်သာတယ်ဗျာ။ ရှားနေကြပြီ။ ငါးရံ့တို့၊ ငါးပြေမတို့၊ ငါးခူတို့၊ ငါးကျည်းတို့ဆိုတဲ့ တိုင်းရင်းငါးမျိုး တွေက တစ်နှစ်ထက် တစ်နှစ် တော်တော်ကို ရှားလာကြတယ်။ သဘာဝကလည်း အကြောင်းအမျိုးမျိုးကြောင့် ငါးသယံဇာတ က ရှားလာတဲ့အချိန်မှာ တစ်ဖက်ကလည်း စားတဲ့လူက များလာ နေတယ်။ ရာသီဥတုပြောင်းလဲတာကလည်း အကြောင်းရင်း တစ်ခုပါတာပေါ့။ ပြန်ပေါလာဖို့ဆိုတာ မလွယ်တော့ဘူး။ လက်ရှိ အနေအထားလေးအတိုင်း တည်တည်တံ့တံ့ ဆက်ထုတ်နိုင်ဖို့ တောင် တော်တော်ခက်တယ်။ ပြန်ပေါဖို့ဆိုတာ မလွယ်တော့ဘူး။
တစ်ခါ ပင်လယ်မှာလည်းအဲဒီလိုပဲ။ ရာသီဥတုပြောင်းလဲတဲ့ ဖြစ် စဉ်တွေကြောင့်၊ လူတွေရဲ့လုပ်ဆောင်မှုကြောင့် ပင်လယ်မှာ လည်း ငါးသယံဇာတက လျော့လာတယ်။ ရှားလာတယ်။ အကောင်လေးတွေ သေးလာတယ်။ ဖမ်းမိတာ နည်းလာတယ်။ ဈေးကတော့ ကောင်းလာတယ်။ လက်ရှိအချိန်မှာ ပင်လယ်ငါး ဖမ်းလုပ်ငန်းတွေက တစ်နှစ်မှာ လေးလလောက်ပဲ အကျိုး အမြတ်ရှိတော့တယ်။ ကျန်တဲ့အချိန်မှာ အရင်းနဲ့၊ အရှုံးနဲ့ပဲ သွား နေရတယ်။ အထိအမိက နည်းလာတယ်။ စရိတ်ကကြီးလာတယ်။
မော်ကွန်း။ ။ အဲဒီလိုသဘာဝမှာ ရေထွက်ကုန်သယံဇာတတွေ ကျဆင်းနေတာကို ပြန်လည်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေရော ရှိ လား။ အဲဒါတွေရဲ့ အနေအထားကရော ဘယ်လိုများရှိလဲခင်ဗျ။
ဦးဝင်းကြိုင်။ ။ သဘာဝမှာက ပင်လယ်က ငါးထုတ်တာ ရော၊ ကုန်းတွင်းက မြစ်၊ ချောင်း၊ အင်း၊ အိုင်က ငါးထုတ်တာရောက ကျ ကိုကျနေပြီ။ ကျတာကို ထိန်းဖို့ဆိုတဲ့နေရာမှာ ပြန်တိုးလာအောင် လုပ်ဖို့ဆိုတာ မလွယ်တော့ဘူး။ လက်ရှိအနေအထားအတိုင်း Sustainable (ရေရှည်တည်တံ့အောင်) ဖြစ်အောင်တောင် မနည်းလုပ်ရမယ့် အနေအထားဖြစ်တယ်။ ဒီလို လက်ရှိအနေ အထားကို တည်တံ့အောင် လုပ်ဖို့ဆိုတာတောင် ပိုက်ဆံတွေ အများကြီးသုံးပြီးတော့ အကန့်အသတ်တွေ၊ လုပ်ထုံးလုပ်နည်း တွေ အများကြီးနဲ့ လုပ်ရမယ့်ဟာဗျ။ မြန်မာပြည်အဆင့်နဲ့ Sustainable ဖြစ်အောင်တောင် လုပ်ဖို့က မလွယ်ဘူး။ ပြောနေ ရင်း ပြောနေရင်းနဲ့ကို ငါးသယံဇာတက လျော့သွားမှာပဲ။ နောက် ဆုံးတော့ ပျောက်မှန်းမသိ ပျောက်သွားမှာပဲ။ ရှေ့ကိုလည်း ဒီ အတိုင်းပဲသွားမှာပဲ။ ဘာဖြစ်လို့ ဒီအတိုင်းပဲသွားမယ်လို့ ပြောလို့ ရတာလဲဆိုတော့ တိုင်းပြည်က ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်နေတယ် ဗျာ။ ထိန်းသိမ်းဖို့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်၊ ဥပဒေတွေ ရှိတယ်ဆိုပေမယ့် အဲဒါတွေကို ထိရောက်အောင် အောက်ခြေမှာ အကောင်အထည်ဖော်လို့မရဘူး။
ဘာဖြစ်လို့လဲဆိုတော့ လူတွေကဆင်းရဲနေတယ်ဗျ။ အရေးယူဖို့၊ ဘာဖို့ကြတော့လည်း ဥပဒေကိုစောင့်ရှောက်နေတဲ့ လူကနည်းတယ်။ ကျူးလွန်တဲ့လူက များတယ်။ ကျူးလွန်တဲ့လူ ကလည်း အသိမရှိဘူး။ သူ့ရဲ့နေ့စဉ်ဝမ်းရေးက အရေးကြီးနေ တော့ ဂျာအေးသူ့အမေရိုက်ဖြစ်နေတာ။ လုံးချာလိုက်နေတာဗျ။ မထိရောက်ဘူး။ မထိရောက်တော့ ဘာဖြစ်လဲဆိုတော့ ပြောနေ ရင်း ပြောနေရင်းနဲ့ တစ်နေ့ထက်တစ်နေ့ ငါးက ရှားရှားသွားတယ်။ ရှော့ခ်တိုက်ပြီး မဖမ်းရလို့ပြောတယ်။ ရှော့ခ်တိုက်မှ ဒီနေ့ထမင်း စားရမယ့် လူက ဥပဒေတွေ၊ ဘာတွေ မသိတော့ဘူး။ ဖမ်းကာမှ ဖမ်းရောပဲလေ။ လွတ်အောင်ကြိုးစားပြီး တိုက်နေကြတာပဲ။ ဒီ တော့ ဘယ်လိုပဲပြောပြော သဘာဝမှာတော့ ငါးတွေက ဘယ် တော့မှပြန်ပေါမလာနိုင်တော့ဘူးလို့ ကောက်ချက်ချလို့ ရတယ်။
မော်ကွန်း။ ။ ဒါဆိုရင် ခုနကအပေါ်မှာပြောတဲ့ ရေထွက်ကုန် ထုတ်လုပ်ရေးနယ်ပယ်မှာ ဒုတိယအမျိုးအစားဖြစ်တဲ့ မွေးမြူရေး ကဏ္ဍကရောဘယ်လိုအနေအထားလဲ။
ဦးဝင်းကြိုင်။ ။ အဲဒီကဏ္ဍကလည်း ကျနေတယ်။ တကယ်တော့ သဘာဝကနေရတဲ့ ငါးသယံဇာတ ကျဆင်းလာချိန်မှာ မွေးမြူ ရေးအပိုင်းနဲ့ အစားထိုးဖို့လိုတာပေါ့။ လက်ရှိမြန်မာနိုင်ငံရဲ့ အနေ အထားက ငါးကန်၊ ပုစွန်ကန် ဧကလေးသိန်းခွဲဟာ ကုန်ထုတ်လုပ် မှုကို စွမ်းအားပြည့်လုပ်နိုင်လားကြည့်ရင် မထုတ်နိုင်ဘူးဖြစ်နေ တယ်။ သွားရမယ့်လမ်းကြောင်းက ဖမ်းဆီးရေးကို ထိန်းထိန်း သိမ်းသိမ်းနဲ့ ရေရှည်ခံအောင်လုပ်ပြီးသွားရမှာ။ ဒါပေမဲ့ လက်ရှိ ငါးမွေးမြူရေးကန်တွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် အရင်းအနှီးမလုံလောက်ဘူး။
အရင်းအနှီးမလုံလောက်တော့ တစ်ဧကချင်းရဲ့ ထုတ်လုပ် မှုကို တက်အောင်လုပ်ဖို့ မတတ်နိုင်ကြဘူး။ မွေးတဲ့ငါးမျိုးတွေက စနစ်မှားနေတယ်။ သက်တမ်းရှည်တဲ့ ငါးမျိုးတွေကို မွေးမိနေ တယ်။ တစ်ဧကချင်းရဲ့ ငါးထွက်ရှိမှုကလည်း သူများနိုင်ငံနဲ့ ယှဉ် ရင် နည်းနေတယ်။ ဒီမှာမွေးနေတဲ့ ငါးတွေက မွေးရတဲ့ကာလ သက်တမ်းရှည်တယ်။ တစ်ဧကထွက်ရှိနှုန်း နည်းတယ်။ ကမ္ဘာ့ ဈေးကွက်ထဲမှာ ဈေးသိပ်မရဘူး။ မြန်မာနိုင်ငံမှာ အဓိကမွေးတဲ့ ငါးမြစ်ချင်းလို ငါးကို ပြောတာပေါ့ဗျာ။
တခြားနိုင်ငံတွေကျတော့ ငွေမြန်မြန်ပြန်ဝင်တဲ့၊ မွေးရတဲ့ သက်တမ်းတိုတဲ့ ငါးမျိုးတွေကို ပိုမွေးကြတယ်။ တီလားဗီးယားလို ငါးလ၊ ခြောက်လလောက်ပဲ မွေးရတဲ့ ငါးမျိုးတွေကို မွေးကြတယ်။ တစ်နှစ်ကို နှစ်သားလောက်ရနေကြတယ်။ ကိုယ့်ဆီမှာက ငါးမြစ် ချင်းက သားဖောက်ရာကနေ တစ်နှစ်လောက်ပြုစုထားရတယ်။ နောက်တစ်နှစ်လောက် ဆက်ပြီး အသားတိုးမွေးထားရသေး တယ်။ စုစုပေါင်းနှစ်နှစ်လောက်မွေးရတယ်။ တခြားနိုင်ငံတွေမှာ က နှစ်နှစ်လောက်အတွင်းမှာ သူတို့က သုံးကြိမ်၊ လေးကြိမ် လောက် မွေးလို့ရတယ်။
ဒီအပြင် နိုင်ငံတွေမှာက သက်တမ်းတိုတဲ့ ငါးတွေကို အားလုံးပြောင်းမွေးနေကုန်ကြပြီ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ မှာက မပြောင်းနိုင်ဘူး ဖြစ်နေသေးတယ်။ အကြာကြီးမွေးရတယ်။ တစ်ဧကအထွက်နှုန်းနည်းတယ်။ ပြောင်းဖို့ဆိုတာအတွက်လည်း အရင်းအနှီးကမရှိဘူး။ လက်ရှိမွေးနေတဲ့ငါးကိုတောင် ရှိတဲ့ ကန် ဧကအပြည့်မွေးဖို့ အရင်းအနှီးက မလုံလောက်ဘူး။ ဖြစ်နေတာက ဘဏ်က လွယ်လွယ်ချေးလို့မရတော့ အပြင်ကနေ အတိုးကြီး ကြီးနဲ့ ချေးနေရတယ်။ တစ်လကို သုံးကျပ်တိုးနဲ့ ချေးရတာ တစ် နှစ်ဆိုရင် ၃၆ရာခိုင်နှုန်းအတိုး ဖြစ်နေတယ်။
အဲဒါအပြင်ကို ၂ဝ၁ဝနှစ်လယ်ကနေ ၂ဝ၁၂ နှစ်ကုန် လောက်အထိ နှစ်နှစ်ကျော်ကျော်လောက် ဒေါ်လာဈေးကလည်း တော်တော့်ကိုကျနေခဲ့သေးတယ်။ တစ်ဒေါ်လာကို အမြင့်ဆုံး ၁၃ဝဝကျပ် လောက်ဖြစ်ခဲ့ရာကနေ အနိမ့်ဆုံး ၆၇ဝလောက် အထိ ကျသွားခဲ့ပြီး ၈ဝဝကျော်လောက်နဲ့ အကြာကြီး သွားတည် နေတဲ့အတွက် ငါးမွေးမြူရေးလုပ်ငန်းတွေမှာ ထည့်ထားတဲ့ ငွေ အရင်းအနှီးတွေက တော်တော်လေးကို ပျောက်သွားကြတယ်။ အဲဒီလိုအရင်းအနှီးကျုံ့သွားတာကြောင့်လည်း ထုတ်လုပ်မှုက ကျသွားတယ်။ အဲဒီကျုံ့သွားတဲ့အရင်းကို ဒီနေ့အထိ အစား မထည့်နိုင်ကြဘူး။ လုပ်ငန်းရှင်တော်တော်များများ နာလန်မထူ ကြသေးဘူး။ ရှုံးသွားတဲ့အရင်းတွေ ပြန်မထည့်နိုင်ကြသေးဘူး။
မော်ကွန်း။ ။ ဒါဆိုရင် ထုတ်လုပ်မှုက ဒေါ်လာဈေးတွေထိုးမကျခင် နဲ့ ယှဉ်ကြည့်ရင် ပမာဏ ဘယ်လောက်ကျသွားတယ်လို့ ပြောလို့ ရမလဲ။
ဦးဝင်းကြိုင်။ ။ နိုင်ငံခြားငွေလဲနှုန်း(ဒေါ်လာဈေး)ထိုးမကျခင် ၂ဝ၁ဝ မတိုင်ခင်ကနဲ့ ယှဉ်ကြည့်ရင် ၂ဝ၁ဝ ကနေ ၂ဝ၁၂ နှစ် ကုန်ပိုင်းလောက်အထိ နှစ်နှစ်ကျော်ကာလလောက်အတွင်းမှာ သုံးပုံတစ်ပုံသာသာလောက်၊ ငါးပုံပုံရင် နှစ်ပုံလောက်၊ ၄ဝ ရာခိုင် နှုန်းလောက်တော့ လျော့သွားတဲ့သဘောရှိတယ်ဗျ။ တွက်ကြည့် ရင် တစ်ဝက်မကျရင်တောင်မှ ၄ဝ ရာခိုင်နှုန်းတော့ ကျတယ်ဗျ။ အခု နည်းနည်းတော့ ပြန်ပြီးတက်ရိပ်ပြလာပြီဗျ။ ငါးဈေးက ကောင်းတော့ မွေးရင်မြတ်တယ်လေ။ ဒါပေမဲ့ အရင်လိုအခြေ အနေအထိ မရောက်သေးဘူး။ ရာနှုန်းပြည့် ပြန်မထုတ်နိုင်သေး ဘူး။ အရင်းက နည်းနေတယ်လေ။
ပျောက်သွားတဲ့အရင်းက အလုံးစုံပြန်မဝင်သေးဘူး။ ဘဏ်ချေးငွေကလည်း မရဘူးလေ။ အပြင်သူဌေးကလည်း ရှုံး ထားတုန်းက မဆပ်နိုင်တဲ့ပြဿနာကြောင့် အခုဆိုရင် အရမ်းယုံ ရတဲ့လူလောက်ကိုပဲ ချေးတော့တယ်။ ပြောရရင် ငါးမွေးကန် တွေထဲမှာ အရင်းက တော်တော့်ကိုလျော့နေသေးတယ်ဗျ။ အဲဒီ တော့ အရင်းက လျော့လေလေ ထုတ်လုပ်မှုက မတက်နိုင်လေ လေဖြစ်နေတာပေါ့ဗျာ။
မော်ကွန်း။ ။ ပုစွန်မွေးမြူရေးကျသွားတာကရော ဘယ်လိုဖြစ် သွားတာလဲဗျ။ အခု ပြည်တွင်းကို ပြည်ပက ပုစွန်တွေတောင် ပြန် ဝင်နေတယ်လို့ ကြားနေရတယ်လေ။
ဦးဝင်းကြိုင်။ ။ ပုစွန်က ငါးမွေးမြူရေးထက် ကျဆင်းသွားတာ ရှေ့ပိုင်းကျတယ်။ ပုစွန်က ဘာဖြစ်သွားလည်းဆိုတော့ ၁၉၉ဝ ခုနှစ် အကျော်ပိုင်းမှာ တပ်မတော်အစိုးရက ပုစွန်မွေးပြီးတော့ နိုင်ငံခြားဝင်ငွေ ရှာလို့ရတယ်ဆိုပြီးတိုင်းရင်းသားလုပ်ငန်းရှင် တွေကို အတင်းခေါ်၊ ပြီးတော့ နိုင်ငံခြားမှာ အင်ဒိုနီးရှားတို့၊ ထိုင်း တို့၊ မလေးရှားတို့မှာ သွားလေ့လာကြတယ်။ ပုစွန်မွေးတဲ့ နိုင်ငံ တွေကို သွားလေ့လာပြီးတော့ မြန်မာနိုင်ငံမှာ ရေငန်ပုစွန် မွေးဖို့ အားပေးကြတယ်။
ဒီလိုနဲ့ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းတွေ အလျှိုလျှိုပေါ် လာတယ်။ ပုစွန်ကျားတွေမွေးတယ်၊ နောက်ပိုင်းကျတော့ ပုစွန် ဖြူတွေပါ မွေးတယ်။ ဒီပုစွန်တွေက Export သွားကြတာ။ ဒီလိုနဲ့ နိုင်ငံရေးစနစ်မှာ အမေရိကန်က မြန်မာနိုင်ငံကို ဗြုန်းဆို စီးပွား ရေးပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့အခါမှာ မြန်မာပစ္စည်းအနေနဲ့ အဲဒီပုစွန်တွေဟာ အမေရိကန်တို့၊ ဥရောပဈေးကွက်တို့ကို လုံးဝ သွားလို့မရဘဲ ဖြစ်သွားတယ်။ ဒါက အချက်တစ်ချက်။ နောက်ပြီး အစိုးရက အဲဒီတုန်းက ပို့ကုန်ခွန်ကို ၁ဝရာခိုင်နှုန်း ကောက်ခဲ့တဲ့ ကာလဖြစ်တယ်။ အဲဒါကလည်း တစ်ချက်ပါတယ်။ နောက်ပြီး တော့ ပုစွန်မွေးရင်း မွေးရင်းနဲ့ သားပေါက်က ဒီမှာဖောက်တာ မလုံလောက်တဲ့အတွက် နိုင်ငံခြားကနေ မှာရတယ်။ ကိုယ့်ဆီမှာ သားပေါက်က အလုံအလောက်မရှိဘူး။ အစာက ကိုယ့်ဆီမှာ မရှိ ဘူး။ ထိုင်းကနေ ဝယ်ရတယ်။ အစာလည်း အပြင်က ဝယ်၊ သား ပေါက်လည်း အပြင်က ဝယ်၊ နောက်ပြီး သယ်ယူပို့ဆောင်မှုစရိတ် တွေနဲ့ဆိုတော့ ထုတ်လုပ်မှုစရိတ်က မြင့်သွားတယ်လေ။ ဒီတော့ မကိုက်တော့ဘူး။
မကိုက်တဲ့အထဲမှာ ပုစွန်မွေးကန်တွေမှာ ရောဂါဘယက လည်း ဝင်လာသေးတယ်။ ဒီလိုနဲ့ လုပ်ငန်းကို မထိန်းနိုင်တော့ဘူး။ ကိုယ်က နည်းပညာကလည်း နိမ့်တယ်။ ရောဂါဘယဖြစ်တော့ လည်း မထိန်းနိုင်တဲ့အခါကျတော့ အဲဒီမှာတင်ပဲ ပုစွန်မွေးတဲ့ လုပ်ငန်းက ရှေ့မရောက်တော့ဘူး။ အဲဒီအချိန်မှာ စီးပွားရေးပိတ်ဆို့မှု ကလည်း ဖြစ်လာတယ်၊ အစိုးရကလည်း အခွန်၁ဝ ရာခိုင်နှုန်း လည်း ကောက်နေတယ်ဆိုတော့ ပုစွန်လုပ်ငန်းက ကြာတော့ ဘယ် လိုမှကို နာလန်မထူနိုင်တော့ဘဲနဲ့ တော်တော်ကို ကျသွားတာ။
အဲဒီလိုပုစွန်မွေးမြူရေးလုပ်ငန်းတွေ နားသွားတာရဲ့ ကွင်း ဆက်က အခုမြန်မာပြည်ထဲမှာ မွေးမြူရေးပုစွန်ဆိုတာ သဘာဝ နည်းနဲ့ ကမ်းခြေဒေသလေးတွေမှာ အနည်းအကျဉ်းလုပ်တာ လောက်ပဲ ရှိကြတော့တယ်။ တစ်ဧကကို လေး၊ ငါး၊ ဆယ်ပိဿာ လောက်ထွက်အောင် မွေးကြတဲ့အဆင့်ပါပဲ။ ဒါက သားပေါက်နဲ့ မွေးတာမဟုတ်ဘူး။ ပင်လယ်ရေနဲ့အတူ လာတဲ့ ပုစွန်သားပေါက် တွေကို ကန်ပိတ်ပြီး သုံး၊ လေး၊ ငါးလလောက် ပစ်ထားလိုက်တဲ့ နည်းနဲ့ပဲ မွေးကြတာများတော့တယ်။ အဲဒီအဆင့်နဲ့ပဲ တင်းတိမ် နေကြရတော့တာလေ။
တကယ် သိပ္ပံနည်းကျနဲ့ သားပေါက်ဖောက်ပြီးတော့၊ အစားကျွေးပြီးတော့ မွေးတဲ့ ပုစွန်မွေးမြူရေးလုပ်ငန်းက မြန်မာ ပြည်မှာ မရှိသလောက်ကို နည်းသွားပြီ။ ပုစွန်ကျားမမွေးတော့ ဘူး။ ပုစွန်ဖြူမမွေးနိုင်တော့ဘူး။ မွေးနိုင်တဲ့လူတချို့ မွေးကြတာ ဈေးကောင်းရနေကြတယ်။ ပြည်တွင်းစားသုံးဖို့အတွက်၊ ဝင်လာ နေတဲ့ နိုင်ငံခြားဧည့်သည်တွေ စားသုံးဖို့အတွက် ဈေးကွက်က ရှိ နေတယ်လေ။
သဘာဝကနေ ပုစွန်ကမရတော့သလောက်ပဲ။ ပုစွန်ဘော့ ချိတ်တို့၊ ဘာတို့က ရှားသွားပြီ။ ပုစွန်ဘော့ချိတ်မရတော့ မွေးမြူ ရေးပုစွန်လိုလာတယ်။ ဗနားမီးဆိုတဲ့ပုစွန်မျိုးကို ဘော့ချိတ်လို့ ခေါ်တာပေါ့။ အခုနိုင်ငံခြားကဝင်လာတဲ့ ဧည့်သည်တွေက များ တဲ့အခါကျတော့ တစ်ခါ သူတို့စားဖို့ပါ လိုလာတယ်။ ပြည်တွင်း စားဖို့လည်း လိုတယ်။ ဧည့်သည်စားဖို့လည်း လိုတဲ့အခါကျတော့ ဒီပုစွန်က မြန်မာပြည်ထဲမှာ သဘာဝကလည်း မရဘူးဆိုတဲ့အခါ ကျတော့၊ မွေးမှရမယ်ဆိုတဲ့အခါကျတော့ မွေးတဲ့သူတွေ ဈေး ကောင်းရတယ်။
အဲဒီတော့ မြန်မာပြည်မှာ အဲဒီပုစွန်ဈေးကောင်းတယ် ဆို တာကို သိတဲ့အခါကျတော့ ထိုင်းက ဈေးနိမ့်တဲ့ ပုစွန်တွေ မြန်မာ ပြည်ထဲကို မှောင်ခိုနည်းနဲ့ နယ်စပ်ကနေ တရားမဝင် ဝင်လာ တယ်။ အကြောင်းတရားတွေက အဲဒီလို အဲဒီလိုဖြစ်တာ။ အဲဒီ တော့ ပုစွန်ရဲ့ လက်ရှိအခြေအနေက အခုဆိုရင် ရေချိုပုစွန်ဆိုရင် နှစ်နှစ်ရှိပြီ ဖောက်လို့မရဘူး။ ဘာရောဂါမှန်းမသိဘူး။ သားပေါက် တွေ နောက်ဆုံးအဆင့်လောက်မှာ သေကျေပျက်စီးပြီးတော့ မွေးနိုင်တဲ့အဆင့်ကို မရောက်တော့ဘူး။ ရေချိုပုစွန်တုတ်ကြီးတွေ နှစ်သောင်း၊ နှစ်သောင်းနဲ့ ဖြစ်နေတာ သားပေါက်အရမ်းရှားတယ်။ တချို့ ယိုးဒယားက သွင်းပြီးတော့ မွေးရတယ်။
ဆိုတဲ့အခါကျတော့ သဘာဝက ရေချိုပုစွန် အရင်တုန်းက အရမ်းပေါတာ။ သူ့အချိန်နဲ့ သူဆိုရင်၊ ဧရာဝတီတိုင်းအတွင်းက ဆိုရင်၊ မြစ်ချောင်းအင်းအိုင်ကဆိုရင် ပုစွန်တွေ တက်တာ အခု အဲဒီက သဘာဝက ရေချိုပုစွန်မရတော့ဘူး။ မရတဲ့အခါကျတော့ မွေးမြူရေးပုစွန် အားကိုးပြန်တော့လည်း အဲဒီလိုသားပေါက် မထုတ်နိုင်တဲ့အခါကျတော့ အဲဒီတော့ဈေးကွက်ထဲမှာ ဈေးကြီး နေတာ။ ဒါ ပြဿနာတွေရဲ့ ကွင်းဆက်တွေပေါ့။
မော်ကွန်း။ ။ ငါးကလည်း ဒီလိုပဲလား။
ဦးဝင်းကြိုင်။ ။ သဘာဝကရတဲ့ အင်းအိုင်ငါးလည်း ကျတယ်၊ ပင် လယ်ငါးလည်းလျော့သွားတယ်။ ဒီကြားထဲမှာ Export က လည်း သွားနေသေးတယ်။ ပင်လယ်ငါးရော၊ မွေးမြူရေးငါးရော၊အင်းအိုင်ငါးအချို့ရော Export လည်း သွားနေသေးတယ်ဆို တော့ အဲဒီလိုနေတဲ့ ငါးက သဘောက အခုက ပြည်တွင်းမှာ လမ်း ပန်းဆက်သွယ်ရေးကလည်း ကောင်းလာတယ်။ မြို့တိုင်းမြို့တိုင်း နဲ့ ရန်ကုန်နဲ့က Express ကားကြီးတွေ အဆက်အသွယ်ရှိနေကြပြီ။
Express ကားကြီးတွေ ရန်ကုန်က ပြန်သွားရင် ကားတွေရဲ့ ဗိုက်ထဲမှာ ဖော့ပုံးကြီးတွေနဲ့ ငါးတွေ ရေခဲရိုက်ပြီး ပါသွားကြတယ်။ ဒါကြောင့် အခုဆိုရင် တစ်ပြည်လုံးမှာ ရန်ကုန်နဲ့ အဝေးပြေးကား ဂိတ်ရှိတဲ့ မြို့တိုင်းမှာ ငါးအလွယ်တကူစားလို့ရသွားပြီ။ အရင်လို ရထားနဲ့ တစ်ဆင့်၊ ကားနဲ့ တစ်ဆင့်၊ မန္တလေးက တစ်ဆင့် ပို့စရာ လိုတော့ဘူး။ ရန်ကုန်ကနေ တိုက်ရိုက် ဖော့ပုံးတွေနဲ့ လုံအောင် ပိတ်ပြီးတော့ တင်ပို့တဲ့စနစ် ပေါ်လာတဲ့အတွက်ကြောင့် ပြည် တွင်းငါးစားသုံးမှုနှုန်းက မြင့်လာတယ်။ ပြည်ပဧည့်သည်လာတာ များလာတယ်။ Export ကလည်း ဝယ်လိုအားရှိနေတဲ့အချိန်မှာ တစ်ဖက်မှာ ငါးမွေးမြူရေးက အရင်းပြုတ်ပြီး ကောင်းကောင်း မထုတ်လုပ်နိုင်တဲ့ အနေအထားဖြစ်နေတယ်။ ပုစွန်ကလည်း မထုတ်နိုင်တော့ နည်းနေတယ်။ အဲဒီလိုမထုတ်နိုင်ဘဲ နည်းနေတဲ့ အတွက်ကြောင့် ပုစွန်ဈေးတွေ၊ ငါးဈေးတွေ မြင့်နေတာဖြစ်တယ်။
တကယ်တော့ အရှေ့တောင်အာရှဒေသမှာ Aquaculture (ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ရေး) လုပ်ဖို့အတွက် ရေ၊ မြေစတဲ့ အရင်း အမြစ်ပိုင်ဆိုင်မှုမှာ ကိုယ့်နိုင်ငံက အမြင့်ဆုံးနေရာမှာ ရှိနေတယ်။ အစာအတွက်ကလည်း စိုက်ပျိုးရေးလုပ်ငန်းတွေရှိတဲ့အတွက် စိုက်ပျိုးရေးရဲ့ ဘေးထွက်ပစ္စည်းတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေကို တွဲစပ်ထားလို့ရတယ်။ ဒီလိုအနေအထားမှာ သဘာဝမှာ လျော့ ကျလာနေတဲ့ ငါးတွေ၊ ပုစွန်တွေရဲ့နေရာမှာ အစားထိုးဖို့ စီစဉ်နိုင်ဖို့ လိုတယ်။
မွေးတယ်ဆိုရာမှာ ကိုယ့်နိုင်ငံက တိုးလာတဲ့လူရှိမယ်။ ကိုယ့်နိုင်ငံက တံခါးဖွင့်လိုက်လို့ တစ်နှစ်ထက် တစ်နှစ်တိုးလာနေ ကြတဲ့ နိုင်ငံခြားသားဧည့်သည်တွေ ရှိနေကြတယ်။ အဲဒီလူတွေ ငါးတွေကို လုံလုံလောက်လောက်စားရဖို့လိုတယ်။ အညာဘက် က ငါးမထွက်တဲ့နေရာတွေမှာလည်း ငါးတွေ ပေါပေါများများ စားရဖို့လိုတယ်။
အခု(နိုင်ငံခြားခရီးသွားဧည့်သည်)သုံးသန်းလာတယ် ပြောတယ်။ နောက် ငါးသန်းလာရင်ရော ဘယ်လိုလုပ်မှာလဲ။ ငါးသန်းလာရင် ငါးသန်းစာ၊ ဆယ်သန်းလာရင် ဆယ်သန်းစာစား ဖို့ ကိုယ့်ဆီမှာ လုံလုံလောက်လောက်ရှိဖို့လိုတယ်။ ကိုယ့်ဟာကို ထုတ်လုပ်နိုင်ရင် ကိုယ့်အိတ်ထဲကိုပိုက်ဆံရောက်မယ်။ မဟုတ်ရင် တော့ ပြည်ပကနေ ပြန်ပြီး ဝယ်ကျွေးရလိမ့်မယ်။ ကိုယ်ရမယ့် ပိုက်ဆံကို သူများကို ပေးလိုက်ရလိမ့်မယ်။
မော်ကွန်း။ ။ ကျွန်တော်တို့ သတိထားမိသလောက်တော့ ပြည် တွင်းမှာ ရန်ကုန်နဲ့ နယ်မြို့တွေရဲ့ လမ်းပန်းဆက်သွယ်ရေးက ပြီးခဲ့တဲ့ငါးနှစ်လောက်အတွင်းမှာ သိသိသာသာ ကျယ်ပြန့်လာ တာဖြစ်တော့ ပြည်တွင်းငါးစားသုံးမှုကိုလည်း အဲဒီပြီးခဲ့တဲ့ငါးနှစ် လောက်နဲ့ပဲ တွက်ကြည့်ပေးပါလား။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ပြည်တွင်းငါးစားသုံးမှုနဲ့ ယှဉ်ရင် အခု လက်ရှိအချိန်ရဲ့ ပြည်တွင်း စားသုံးမှုက ဘယ်လောက်လောက် တက်တာတယ်လို့ မြင်မိလဲ။
ဦးဝင်းကြိုင်။ ။ ကျွန်တော်ထင်တယ်။ ပြည်တွင်းငါးစားသုံးမှုက ငါးနှစ်လောက်အတွင်းမှာ အနည်းဆုံး နှစ်ဆလောက် တက်လာ တယ်ထင်တယ်။ ဆတိုးပေါ့ဗျာ။ အခုဆိုရင် ကြည့်မြင်တိုင်စံပြငါး ဈေးရော၊ ရွှေပိတောက်ငါးဈေးရော၊ ရွှေပြည်သာတစ်ဖက်ကမ်းက ငွေပင်လယ်ငါးဈေးရော အဲဒီဈေးတွေကိုဝင်တဲ့ ရေချိုငါးတော် တော်များများက Export ရတယ်၊ ရန်ကုန်အစားရယ်၊ နယ်ဖို့ရယ် ပေါ့ဗျာ။ အခုဆိုရင် မွေးမြူရေးငါးလည်း Value Added (တန် ဖိုးမြင့် ကုန်စည်)အနေနဲ့ သွားတာ တစ်မျိုးရှိလာတယ်။
အစိတ်သား၊သုံးဆယ်သားအရွယ် ငါးမြစ်ချင်းလေးတွေ ကို အသားကိုခြစ်ပြီးတော့ အဲဒီအသားကို ပြည်ပပို့တဲ့ ဈေးကွက် ပေါ်လာတယ်။ အဲဒါက နည်းနည်းခေတ်စားနေတယ်။ မြန်မာပြည် အရပ်ရပ်ကို အဲဒီလိုခြစ်သားအနေနဲ့ ပို့တာကလည်း တစ်နေ့ကို ကုန်ချိန်(ပိဿာချိန်)နှစ်သောင်း၊ သုံးသောင်းလောက်ရှိနေတယ်။ ခြစ်သားအထုပ်ကလေးတွေကိုလည်း ဖော့ပုံးနဲ့ ရေခဲရိုက်ပြီး တော့ ပို့တာပါပဲ။ ဒါက ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်အတွင်းမှာ အင်မတန်ခေတ်စားလာပါတယ်။ ခြစ်သားက စားသုံးသူဘက်က လည်း ကိုယ်တတ်နိုင်သလောက် ဝယ်လို့ရတယ်လေ။ အများကြီး လည်း ဝယ်စရာမလိုဘူးပေါ့။ ဒါလေးကလည်း အဆင်ပြေလာတဲ့ သဘောရှိတယ်။ စားသုံးတဲ့အလေ့အထ ပြောင်းလဲလာတဲ့ သဘောရှိတယ်။ ပုစွန်ပဲဖြစ်စေ၊ ငါးပဲဖြစ်စေ တစ်ဖက်က ဝယ်လို အားက တက်နေတယ်။
ပြည်တွင်းဝယ်လိုအားရော၊ ပြည်ပဝယ်လိုအားရော၊ ပိုဝင် လာနေတဲ့ ပြည်ပဧည့်သည်တွေရဲ့ စားသုံးအားကြောင့်ရော တက် နေတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုက အရင်းမရှိတော့ ကျနေတယ်။ ကျတဲ့အခါကျတော့ အဲဒီထုတ်လုပ်မှုအကျနဲ့ ဝယ်လိုအားအတက် နဲ့ သွားဆုံနေတော့ ငါးဈေးတွေက တက်နေတာပေါ့။ ပြည်သူလူ ထုလည်း ဈေးကြီးပေးပြီး ဝယ်စားနေရတာပေါ့။
မော်ကွန်း။ ။ ငါးဈေးကရောဗျာ၊ ပြီးခဲ့တဲ့ငါးနှစ်လောက်က ဈေးနဲ့ ယှဉ်ရင် လက်ရှိကာလပေါက်ဈေးက ဘယ်လောက် တက်သွား လဲ။ နည်းနည်းလောက်တွက်ပေးပါလား။
ဦးဝင်းကြိုင်။ ။ အများကြီးတက်လာတယ်ဗျ။ မွေးမြူရေးငါးဈေး ကို ဒေါ်လာနဲ့ယှဉ်ပြီးပဲ တွက်ကြည့်ဦးလေ။ ဒေါ်လာဈေး ၁,၃၅ဝ လောက်ရှိတဲ့အချိန်တုန်းက တူးအက်လို့ခေါ်တဲ့ ငါးမြစ်ချင်းတစ် ပိဿာကို ၂,၃၅ဝ(ကျပ်)လောက်ပဲအများဆုံးရဖူးတယ်။ မနှစ် က၂,၉ဝဝ၊ ၃,ဝဝဝ(ကျပ်)လောက်ရနေတယ်။ ဒီနှစ်ဆိုရင် ဈေးက ၂,၈ဝဝ(ကျပ်)လောက်ရနေတယ်။ အခု ဒေါ်လာဈေးက ၁,ဝဝဝ စွန်းစွန်းပဲရှိတာလေ။ တစ်ပိဿာကို အနည်းဆုံး၅ဝဝ(ကျပ်)လောက် တက်လာတယ်လေ။
မော်ကွန်း။ ။ ဒါဆိုရင် ဆရာပြောသလို ဒေါ်လာဈေး ၁,၃၅ဝ (ကျပ်)မှာ ငါးမြစ်ချင်းတစ်ပိဿာက ၂,၃၅ဝ(ကျပ်) ဆိုတာကို အခုဒေါ်လာဈေးကို ၁,ဝဝဝဆိုတာနဲ့အချိုးချကြည့်ရင် ရာခိုင်နှုန်း သဘောအရ ၁,၈၅ဝ(ကျပ်) လောက်ပဲ ရှိရမယ့် ဟာကို အခုဈေး က ၂,၈ဝဝ၊၂,၉ဝဝ(ကျပ်) လောက်ဖြစ်နေတယ်လို့ ပြောတဲ့ သဘောပေါ့ဟုတ်လား။ ဒါဆိုရင် ဒေါ်လာဈေးနဲ့ ယှဉ်ပြီးတွက် ကြည့်ရင် ၂ဝ၁ဝ ခုနှစ်ရှေ့ပိုင်းက ဈေးထက် ၅ဝရာခိုင်နှုန်းလောက် တက်လာတယ်လို့ ပြောလို့ရမှာပေါ့ ဟုတ်လား။ အဲဒီလိုမျိုး ပြော တာလား။
ဦးဝင်းကြိုင်။ ။ အင်း…တွက်ကြည့်ရင် ဟုတ်တယ်ဗျ။ အရင်ဈေးရဲ့ ထက်ဝက်လောက်ကိုတက်လာတယ်လို့ ပြောလို့ရတယ်။ သဘောကတော့ ငါးရှားလာလို့ ဈေးက လိုက်တက်လာတာပေါ့ ဗျာ။ မြန်မာပြည်မှာ အခုဆိုရင်တချို့ အအေးခန်းစက်ရုံကြီးတွေ က ပြည်ပဈေးကွက်ကိုပဲ ဦးတည်ပို့တာ။Target က အပြင်မှာပဲ ထားတာ။ အခုဆိုရင် အပြင်ရော အတွင်းကိုပါ Target ထားလာ တယ်။ ပြည်ပဧည့်သည်တွေလည်း ပိုဝင်လာနေတယ်ဆိုတော့ ငါးသလောက်လို၊ ကကတစ်လို ငါးတွေ၊ ပုစွန်တွေကို ဈေးနည်း နည်းပေါတဲ့အချိန်မှာ အအေးခန်းစက်ရုံတွေက ဝယ်လှောင်ထား ပြီးတော့ ရှားတဲ့အချိန်မှာ ပြည်ပကိုလည်း ပို့တယ်၊ ပြည်တွင်းဈေး ကွက်မှာလည်း ဈေးကြီးကြီးနဲ့ ရောင်းလို့ရတယ်။ ဈေးကွက်ပုံစံ ပြောင်းလာတာပေါ့ဗျာ။
မော်ကွန်း။ ။ အခုလို ပြည်တွင်းမှာ ငါး၊ ပုစွန်စားသုံးမှုက အရင် ကထက် ဆတိုးမြင့်တက်လာချိန်မှာ ထုတ်လုပ်မှုက ကျဆင်းနေ တဲ့အဖြစ်ကို ပြောင်းလဲဖို့ ဘာမှမလုပ်ကြဘူးလား။ ကုစားဖို့ အတွက် ဘာတွေလုပ်ထားတာ ရှိလဲ။ လယ်ယာမြေကို တရားဝင် ပေါင်နှံခွင့်ပေးလိုက်သလို ငါးကန်တွေကိုလည်း အဲဒီလိုခွင့်ပြုဖို့ တောင်းဆိုနေတဲ့ကိစ္စကရော အခုဘယ်လိုလဲ။
ဦးဝင်းကြိုင်။ ။ ကျွန်တော်ကလည်း အဲဒီအကြောင်းကို ပြောချင် နေတာ။ အခုလယ်ယာမြေတွေကို မှတ်ပုံတင်လုပ်ပေးနေသလို မျိုး ကျွန်တော်တို့ကိုလည်း ထုတ်ပေးစေချင်တယ်။ အခု လယ် ယာမြေဥပဒေသစ်အရ လယ်ယာမြေကို တရားဝင် ရောင်းချခွင့်ပေါင်နှံခွင့်ရှိသွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ငါးကန်တွေကိုတော့ ဥပဒေအရ ဘဏ်မှာအပေါင်ထားလို့ရတဲ့ ပစ္စည်းအဖြစ် အသိ အမှတ်မပြုသေးဘူး။ ကျွန်တော်တို့ရဲ့ဆန္ဒကတော့ အဲဒီလို လုပ် ပေးစေချင်တယ်။ ပြီးတော့ ဘဏ်မှာ တရားဝင်ပေါင်နှံခွင့်ကို လည်း ခွင့်ပြုပေးစေချင်တယ်။ အဲဒါဆိုရင် ကုန်ထုတ်လုပ်ငန်းကို တိုးတက်အောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။
အဲဒီနှစ်ချက်ကိုလည်း အထက်ကို တင်ပြထားပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဝန်ကြီးဌာနကို ပိုက်ဆံချေးပါ၊ ချေးပါလို့ အော်နေစရာမလိုတော့ဘူးပေါ့ဗျာ။
မော်ကွန်း။ ။ အဲဒီလိုတင်ပြတာကရော အခု ဘယ်လိုအနေအထား ရှိလဲ။ ကျွန်တော်တို့လေ့လာမိသလောက်တော့ လယ်ယာမြေ ဥပဒေသစ်ထဲမှာလည်း မွေးမြူရေးလုပ်တဲ့လူကိုပါ လယ်သမား ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတယ် မဟုတ်လား။
ဦးဝင်းကြိုင်။ ။ ဟုတ်တယ်။ အပိုဒ်(၃)ရဲ့ အပိုဒ်ခွဲ(င)မှာ အဓိပ္ပာယ် ဖွင့်တဲ့အခါကျတော့ တောင်သူလယ်သမားဆိုသည်မှာ စိုက်ပျိုး ရေးကိုရော၊ မွေးမြူရေးကိုရော ထည့်ထားပေမယ့် နောက်ပိုင်း အခွင့်အရေးတွေ ထည့်သွင်းတဲ့နေရာမှာတော့ မွေးမြူရေးသမား အတွက်က မပါသလောက်ဖြစ်နေတယ်။ စိုက်ပျိုးရေးတောင်မှ လယ်သီးသီးပဲ (စပါးစိုက်ပျိုးခြင်းကိုသာ) လုပ်တဲ့လူလောက်ကိုပဲ ဦးစားပေးပြီး ဥပဒေကို ဆွဲထားတယ်။ ခေတ်အဆက်ဆက်က အဲဒီလိုဖြစ်နေခဲ့တာပဲလေ။
မနှစ်ကဧပြီလဆန်းမှာ လယ်/ဆည်(လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ဝန်ကြီးရုံးမှာ အစည်းအဝေး တစ်ခု လုပ်တယ်။ အဲဒီမှာလည်း ငါးကန်၊ ပုစွန်ကန်တွေကို ပုံစံ(၇)လုပ်ပေးဖို့ တောင်းဆိုတဲ့အခါမှာ ပေးတော့ပေးမယ်။ ဒါပေမဲ့ ငါး ကန်၊ ပုစွန်ကန်တွေဆိုတာက စပါးစိုက်တဲ့လယ်မြေပေါ်မှာ ခွင့်ပြု ချက်မဲ့ တခြားနည်းနဲ့ အသုံးပြုထားတာဖြစ်တဲ့အတွက် အပြစ်ရှိ တယ်တဲ့။ ဒီအတွက် တစ်ဧကကို ငွေကျပ်ဆယ်သိန်း ဒဏ်ကြေး ဆောင်ရမယ်လို့ ပြောတယ်။
အဓိကတာဝန်ရှိတဲ့ ဌာနက ငါးမွေးတဲ့လူ၊ ပုစွန်မွေးတဲ့လူ တွေကို လယ်သမားလို့ အသိအမှတ်မပြုချင်ဘူးဖြစ်နေတယ်။ လုပ်ငန်းရှင်ကြီးတွေ၊ ပိုက်ဆံရှိလို့လုပ်နေတဲ့ကြတဲ့လူတွေလို့ မြင်နေတယ်ဗျ။ အဲဒီလိုမြင်တဲ့အမြင်ကြောင့်ပဲ စပါးစိုက်တဲ့ လယ် မြေကို တခြားနည်းနဲ့ သုံးတယ်ဆိုပြီး ဒဏ်ကြေးဆယ်သိန်း ကောက်ဖို့လုပ်တာပေါ့။ လယ်မြေပေါ်မှာ ဓာတ်ဆီဆိုင်ဆောက် မယ့်လူတွေ၊ စက်ရုံဆောက်မယ့်လူတွေကတော့ တစ်ဧက ဆယ် သိန်းဆိုတာကို ပျော်ပျော်ကြီးပေးနိုင်တာပေါ့။ ငါးမွေးနေတဲ့လူ ကျတော့ ဘယ်လိုလုပ်ပြီးပေးနိုင်မလဲဗျ။ ကန်တစ်ဧကကိုမှ သိန်း၂ဝ၊ ၂၅လောက်ရင်းပြီး လုပ်နေရတဲ့လူက ဒဏ်ကြေးဆယ် သိန်းသာ ဆောင်လိုက်ရရင် ကုန်ပြီပေါ့ဗျ။ လုပ်ငန်းဘယ်လို ဆက်လုပ်တော့မလဲ။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက မြန်မာနိုင်ငံမှာ ငါးကန်၊ ပုစွန်ကန်တွေ အများကြီးပေါ်ထွက်တာရဲ့ အကြောင်းရင်း ကို တင်ပြချင်တာပါပဲ။ မ.ဆ.လ လက်ထက်မှာ ငါးကန်ဧကက တရားဝင် ၆,ဝဝဝ ပဲရှိခဲ့တယ်။ အဲဒီအချိန်မှာ တရားမဝင် ကန် ဧကက ၂၅,ဝဝဝ လောက်ရှိပြီးသားဆိုတော့ ပေါင်းရင် ကန်ဧက သုံးသောင်းကျော်လောက်ရှိခဲ့တယ်။ န.ဝ.တအစိုးရက ၁၉၈၉ ခုနှစ် ငါးမွေးမြူရေးဆိုင်ရာဥပဒေကို ထုတ်ပြီးတော့ တရားမဝင် တူးထားတဲ့ ငါးကန်တွေကို တရားဝင်ကန်တွေအဖြစ် လက်ခံပေး ခဲ့တယ်။ ခေတ်အပြောင်းအလဲတစ်ခုမှာပေါ့ဗျာ။ ဒဏ်ပါးပါးလေး ရိုက်ပြီးတော့ တိုင်းပြည်ကို နှစ်စဉ်လိုင်စင်ကြေးဆောင်ဆိုပြီး တော့ ခွင့်ပြုခဲ့တယ်။ အားလည်း အားပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ငါး ကန်၊ ပုစွန်ကန်ဧကက လက်ရှိအချိန်မှာ လေးသိန်းခွဲအထိ တိုး ပွားလာတာပဲ။ ကန်တွေ တူးကြစမ်းကွာဆိုပြီးတော့ ဒီနှစ်ဘယ် လောက်ရအောင်တူး၊ ရှေ့နှစ် ဘယ်လောက်ရအောင်တူးဆိုပြီး တော့ တွန်းအားပေးခဲ့တာဗျ။ နှစ်အလိုက်ကို လျာထားချက်ပေး ပြီး ငါးကန်တွေ တူးခိုင်းခဲ့တာဗျ။ ငါးကန်တွေထဲမှာ အစိုးရရဲ့ အားပေးမှုနဲ့ တူးကြတဲ့ ကန်တွေချည်းပဲ။ ခိုးကြောင်ခိုးဝှက်နဲ့ တူး ထားတဲ့ ကန်တွေ တစ်ခုမှမပါဘူး။
မော်ကွန်း။ ။ အခု တစ်ဧကကို ဒဏ်ကြေးဆယ်သိန်းတောင်းနေ တာက အဲဒီလို န.ဝ.တအစိုးရလက်ထက်မှာ တူးခဲ့တဲ့ ကန်တွေ ကိုလား။
ဦးဝင်းကြိုင်။ ။ ဟုတ်တယ်ဗျာ။ ပိုင်ဆိုင်မှုက ပြတ်ပြတ်သားသားမဖြစ်ခဲ့တဲ့ဟာတွေပေါ့ဗျာ။
မော်ကွန်း။ ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိရှိနေတဲ့ ငါးကန်၊ပုစွန်ကန် ဧကလေးသိန်းခွဲလောက်ထဲမှာ ဒဏ်ကြေးမဆောင်ရ မယ့်ဧက ဘယ်လောက်ရှိလဲ။ ဒဏ်ကြေးဆယ်သိန်းဆောင်စရာ မလိုတော့တဲ့ တရားဝင်ကန်ဧကပေါ့။ ပြီးတော့ ဒဏ်ကြေးဆောင် ရမယ့်ဧကကရော ဘယ်လောက်ရှိလဲ။
ဦးဝင်းကြိုင်။ ။ တရားဝင်ကန်က ၁ဝရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း လောက်ပဲရှိတာပါ။ ကျန်တာတွေက ပိုင်ဆိုင်မှုမပြတ်သေးတဲ့ ဟာ တွေချည်းပဲ။ ၈၅ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒါတွေအားလုံးက တစ်ဧကကို ဒဏ်ကြေးဆယ်သိန်းဆောင်ရမယ်ဆိုပြီး ဖြစ်နေကြ တာတွေပေါ့။
မော်ကွန်း။ ။ ဆောင်ရောဆောင်နေရပြီလား။ ဘယ်တော့ ဆောင် ရမှာလဲ။
ဦးဝင်းကြိုင်။ ။ မဟုတ်ဘူးလေဗျာ။ ကျွန်တော်တို့ကအဲဒီဆယ်သိန်း ကို မဆောင်နိုင်ကြလို့ အထက်ကို စာတင်နေတာပေါ့။ အဲဒီလိုလေ။
မော်ကွန်း။ ။ သြော်…ဟုတ်ပြီ။ ဒီတော့ ငါးလုပ်ငန်းရှင်တွေဘက်က တင်ပြတောင်းဆိုတာတဲ့ အဓိကအချက်တွေက ဘာတွေလဲ။
ဦးဝင်းကြိုင်။ ။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ဒုသမ္မတအထိ စာ တင်ထားတယ်။ ကျွန်တော်တို့ရဲ့ဆန္ဒကတော့ ဒီကနေ့ မြန်မာနိုင်ငံ မှာ ရှိတဲ့ ငါး၊ ပုစွန်ကန်တွေအနက် ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ သစ် မထွက်ခင်ကတည်းက ရှိခဲ့တဲ့ဟာတွေကိုတော့ ဒဏ်ငွေ မရိုက်ဘဲ မှတ်ပုံတင်ပေးဖို့ပဲဖြစ်ပါတယ်။ ဥပဒေပေါ်ပေါက်ပြီး နောက်ပိုင်းမှာမှ လယ်မြေတွေပေါ်မှာ အသစ်ထပ်တူးတဲ့ ငါးကန်၊ ပုစွန်ကန်ဆိုရင်တော့ ဒဏ်ငွေဆောင်စေဆိုပြီး လုပ်ပေး ဒါမျိုး ဖြစ်သင့်ပါတယ်။ ဒီလိုလေး လုပ်ပေးရင်တောင်မှ မဆိုးပါဘူး။ ဆောင်နိုင်ရင် အသစ်တူး။ မဆောင်နိုင်ရင် အသစ်မတူးနဲ့ဆိုပြီး ဥပဒေနဲ့ ပြတ်ပြတ်သားသား လုပ်လိုက်ပါ။ ဒီလိုမျိုးဆိုရင် ဖြစ် သင့်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာက အသားငါးကဏ္ဍဖွံ့ဖြိုးရေးကို အားတော့ အားပေးတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ဘာနဲ့ ကျကျနန၊ ဥပဒေနဲ့အညီ လယ်ယာမြေပေါ်မှာ ဆန်စပါးစိုက်ပျိုးတဲ့လူတွေကို အားပေးသလို လုံးတူထောက်တူ အားပေးတာတော့ မရှိဘူးလို့ မြင်တယ်။ ဒါက ခေတ်အဆက်ဆက်ဖြစ်ခဲ့တဲ့ အနေအထားပါ။ လူသားတွေအတွက် ရိက္ခာဆိုတာက ဆန်တစ်ခုတည်းနဲ့ မပြီး သေးဘူးလေ။ ဆန်ဆိုတာက မြန်မာပြည်အတွက် အခြေခံကျတဲ့ ရိက္ခာလို့ ပြောလို့ရပါတယ်။ မြန်မာလူမျိုးတွေ သည် ဆန်စားတဲ့လူ မျိုးဖြစ်ကြတယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အခုနက ပြောသလိုပဲ ဆန်နဲ့ တွဲပြီး စားဖို့ အသားတွေ၊ ငါးတွေ၊ အသီးအနှံ တွေကလည်း လိုသေးတယ်လေ။ အဲဒါတွေကလည်း အရေး ကြီးတာပဲလေ။
ပြီးတော့ နေအိမ်တွေ ဖော်ထုတ်တာတို့၊ စက်ရုံတည်ချင် တယ်၊ ဓာတ်ဆီဆိုင်ဆောက်ကြတယ်ဆိုရင် ဒါတွေက လယ်မြေ တွေကို တစ်သက်လုံးဆုံးရှုံးသွားတာမျိုးဗျ။ ဒါပေမဲ့ ငါးမွေးကန် တွေ ဖော်ထားတာကတော့ လယ်မြေပြန်ဖော်ချင်ရင် အချိန်မရွေး အလွယ်တကူ ပြန်ပြောင်းလို့ရပါတယ်။ ကျွန်တော်တို့က အခြား နည်းနဲ့ သုံးတယ်ဆိုတာက လယ်မြေပေါ်မှာ ကန်သင်းရိုးကို ဘောင်ခတ်ပြီး လုပ်ထားတာလေးပဲလေ။ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးဆိုတာက လက်တစ်လုံးပဲ ခြားတာပါ။ ကျောက်ပြင်တစ်ချပ်လို ပေါ့ဗျာ။ ဘောင်အတွက် မြောင်းတူးပြီး ရတဲ့မြေကို တင်ထားရုံပါ ပဲ။ အလယ်က လယ်မြေသားတွေက ပျက်စီးသွာတာမျိုးမရှိပါဘူး။ ကမ္ဘာ့ဈေးကွက်မှာ စိုက်ပျိုးရေးက ပိုပြီး အားသာချက်ရှိလာလို့ လမ်းကြောင်းပြောင်းဖို့ မွေးမြူရေးကို လျှော့မယ်ဆိုရင် ငါးမွေး ကန်တွေကို ဘောင်ကို ဖြိုချလိုက်ရုံနဲ့ ချက်ချင်း လယ်ပြန်စိုက်လို့ ရတယ်။
နောက်ပြီး ငါးမွေးတယ်၊ ပုစွန်မွေးတယ်ဆိုတာက မွေးချင် တိုင်း မွေးလို့ရတာမဟုတ်ဘူး။ ရေ၊ မြေ၊ ရာသီဥတုပြည့်စုံမှ မွေး လို့ရတာ။ ဒီနေရာမှာ ကိုယ့်နိုင်ငံက အရှေ့တောင်အာရှမှာ Aquaculture (ငါး၊ပုစွန် မွေးမြူခြင်း) လုပ်ဖို့ အကောင်းဆုံး နေရာမှာ ရှိပေမယ့် မလုပ်နိုင်ဘူးဖြစ်နေတယ်။ ဗီယက်နမ်ဆိုရင် ပြီးခဲ့တဲ့နှစ် (၂ဝ၁၄-၂ဝ၁၅)မှာ ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ ကန်ဒေါ်လာ ၆ ဒသမ ၈ဘီလီယံအထိ ရခဲ့တယ်။ ဒါပေမဲ့ မြန်မာက ကန်ဒေါ်လာ၅၃၆သန်းပဲ ရတယ်။ ဒီနှစ်ဆိုရင် သန်း ၄ဝဝ ကျော် လောက်ပဲ ရတယ်။ ဗီယက်နမ်က ၂ဝ၂ဝ မှာ ဒေါ်လာ၁၁ဘီလီယံ လောက်ရဖို့ လျာထားပြီ။
မော်ကွန်း။ ။ ကိုယ့်လယ်လေးပေါ်မှာ ငါးကန်တူးပြီးတော့ မွေး နေတဲ့လူတွေ ရှိသလို လယ်/ဆည်ဘက်က ပြောသလို ငွေကြေး ဓနအင်အားတောင့်တင်းတဲ့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေ လည်း ရှိတာပဲမလား။ ဒီနှစ်မျိုးရဲ့ အချိုးအစားက မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတယ်လို့ သိထားတာရှိလဲ။
ဦးဝင်းကြိုင်။ ။ ငါးမွေးကန်ဆိုတာက မြို့ပေါ်မှာ ထားလို့ရတာ မဟုတ်ဘူး။ အကုန်လုံးက ကျေးလက်ဒေသမှာပဲ ရှိကြတာလေ။ ကုမ္ပဏီကြီးအဆင့်နဲ့ တောမှာသွားပြီး ငါးတွေ၊ ပုစွန်တွေ မွေးနေ ကြတဲ့လူတွေလည်း ရှိပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်မြေမှာပဲ ကိုယ်ငါးမွေးရင်းနဲ့ ကြိုးစားလို့ ကန်ဧကတွေ ခပ်များများပိုင်ဆိုင် လာပြီး စီးပွားဖြစ်ထွန်းပြီးတော့ လုပ်ငန်းရှင်ကြီးဖြစ်သွားကြတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အများစုက လယ်သမားတွေဗျ။ ရွာမှာ နေတယ်။ ကိုယ့်ရွာဘေးက ကိုယ့်မြေမှာ ၁ဝ ဧက၊ ၁၅ ဧက လောက် ကန်တူးပြီး လုပ်ကိုင်နေကြတဲ့ လူတွေက အများစုသမားပါ။
မော်ကွန်း။ ။ ရာခိုင်နှုန်းအချိုးချကြည့်ရင် ငါးမွေးမြူရေးသမား တွေထဲမှာ လုပ်ငန်းရှင်ကြီးဦးရေနဲ့ ကိုယ့်လယ်ပေါ် ကိုယ်ကန်တူး ပြီး မွေးနေကြတဲ့လူနဲ့က ဘယ်အချိုးလောက်ရှိမလဲ။
ဦးဝင်းကြိုင်။ ။ ငါးမွေးနေကြတဲ့လူတွေကတော့ အကြမ်းဖျင်း လူ နှစ်သောင်းလောက်ရှိတယ်ဗျ။ ပုစွန်ကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ထင်တာတော့ တစ်ပြည်လုံးမှာ ငါးကန်၊ ပုစွန်ကန်လုပ် တဲ့လူ လေးသောင်း၊ ငါးသောင်းလောက်တော့ ရှိမယ်ထင်တယ်။ ငါးကန်၊ ပုစွန်ကန်ဧကက စုစုပေါင်းလေးသိန်းခွဲလောက်ရှိတာ ကိုး။ အဲဒီအပေါ်မှာ တစ်ဧကလောက်ပဲ ပိုင်တဲ့လူလည်း ရှိမယ်။ ရာချီပြီးတော့ ပိုင်တဲ့လူလည်း ရှိတယ်။
မော်ကွန်း။ ။ အဲဒီ ငါးသောင်းလောက်မှာ ဘယ်နှရာခိုင်နှုန်း လောက်က ကိုယ်ရွာမှာပဲ ကိုယ်နေပြီး ကိုယ့်မြေမှာ ကိုယ်ငါးမွေး နေကြတဲ့လူတွေလဲဗျ။
ဦးဝင်းကြိုင်။ ။ ဒီလိုဗျ။ တချို့ရွာတွေက ငါးက နေရာတိုင်း မွေးလို့ မရဘူးဗျ။ မြေကြီးရှိရမယ်။ ရေရှိရမယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းရမယ်ဆိုတဲ့ နေရာတွေမှာမှ မွေးလို့ရတာဗျ။ တချို့ရွာ တွေဆိုရင် ဥပမာ-တွံတေးဘက်က ကရင်ချောင်းလိုရွာမျိုးဆိုရင် တစ်ရွာလုံးက ငါးမွေးတာဗျ။ အဲဒီလိုရွာတွေ တော်တော်များများ ရှိတယ်။ လယ်ကို မလုပ်ကြတာဗျာ။ ဆန်ဝယ်စားတယ်။ ဆီဝယ် စားတယ်ဗျာ။ တစ်ရွာလုံး ငါးမွေးတယ်။ ရွာပြင်မှာ ငါးကန်ချည်းပဲ။ လယ်မလုပ်ကြဘူးဗျ။ အဲဒီလို ရွာတွေ အများကြီးပဲဗျ။ တချို့ လည်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို တွဲလုပ်ကြတယ်။ ဒါကတော့ ရေခံမြေခံအပေါ် ကြည့်လုပ်ကြတာပဲဗျ။ တစ်ရွာလုံး ငါးမွေးတဲ့ ရွာရှိတယ်။ စိုက်တာတစ်ဝက်၊ မွေးတာတစ်ဝက် လုပ်တဲ့ရွာရှိ တယ်။ ရွာတွေမှာက စိုက်တာနဲ့ မွေးတာကိုက တွဲလုပ်နေကြတာ ဗျ။ ရာခိုင်နှုန်းတော့ ကျွန်တော်အတိအကျ မပြောတတ်ဘူး။
မော်ကွန်း။ ။ နောက်ဆုံးမေးချင်တာက ငါးလုပ်ငန်းရှင်တွေကိုသာ လိုအပ်နေတဲ့ငွေကြေးအရင်းအနှီးကို အပေါ်မှာ ပြောခဲ့သလို ဘဏ်တိုးလောက်နဲ့ပဲဖြစ်ဖြစ် ချေးပေးမယ်ဆိုရင် ငါးဈေးနှုန်းတွေ ကျဆင်းသွားနိုင်မယ်လို့ဆိုလို့ရမလား။
ဦးဝင်းကြိုင်။ ။ ဖြစ်လာနိုင်တာပေါ့။ ဘဏ်ချေးငွေရဖို့ကို ရှော ရှောရှူရှူဖန်တီးပေးထားရင် လုပ်ငန်းကုန်ကျစရိတ် နည်းမယ်၊ မွေးတဲ့လူလည်းအမြတ်ရမယ်၊ သား၊ ငါးဈေးနှုန်းကလည်း သက် သာမယ်စသဖြင့် ဆက်စပ်ပြီးဖြစ်လာမှာပဲ။ အခုက အဲဒီလို မဖန် တီးပေးထားတဲ့အခါကျတော့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွေ က ပိုက်ဆံလိုရင် အပြင်ကနေပဲ ချေးနေရတယ်။ အဲဒီတော့ အတိုး က ကြီးတယ်လေ။ ဒီတော့ အကျိုးအမြတ်က မသေချာတဲ့အတွက် ထုတ်လုပ်မှုကပါ ကျသွားတယ်။ ပြီးတော့ အပြင်က ချေးတယ် ဆိုတာကလည်း ယုံမှ ချေးတာဗျ။ မယုံရင်မချေးဘူး။ အတိုးက ကြီးတော့ ချေးလို့ရတိုင်းလည်း မလုပ်ရဲဘူးလေ။ အခန့်မသင့်ရင် ရှုံးသွားနိုင်တယ်လေ။ ဒီလိုနဲ့ပဲ လုပ်ငန်းရဲ့ ထုတ်လုပ်မှုကိုပါ လာ ပြီးထိခိုက်တော့တာပေါ့။
ဒီတော့ ငါး၊ ပုစွန်မွေးမြူထုတ်လုပ်တဲ့လုပ်ငန်းတွေကို တိုး တက်စေချင်ရင် အရင်းအနှီးကို အတိုးသက်သာစွာနဲ့ ရအောင် လုပ်ပေးဖို့လိုတယ်။ ဒီအတွက်ပြောရရင်တော့ ဘဏ်စနစ်ကောင်း လာဖို့လိုတယ်ဗျာ။ ပေါင်ခွင့်၊ ရောင်းခွင့်၊ အမွေပေးခွင့်ကို တရား ဝင်ပေးဖို့ လိုတယ်ဗျာ။ ဒီလိုတွေလုပ်ပေးရင် ထုတ်လုပ်မှုက ကျိန်း သေတက်လာမှာပဲ။ ။

