ရန်ကုန် – ၂၀၂၀ မေ ၂၅ (မော်ကွန်း)
အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်ညှိနှိုင်းပူးပေါင်းရေးကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ပြုလုပ်ခဲ့သည်လှူဒါန်းပွဲတွင် ၎င်းကော်မတီဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက “ပြည်တွင်းပြည်ပက အဖွဲ့အစည်းများနဲ့ ချိတ်ဆက်တွေ့ဆုံဆွေးပြီး COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်၊ ထပ်မံရရှိပါက ထပ်မံပံ့ပိုးပေးရန် အစီအစဉ်များလည်းရှိပါတယ်” ပြောသည်။
အဆိုပါကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင်မှ အဖွဲ့ဝင်လေးဦးဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းတာဝန်ခုနစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိသည်။
ယင်းကော်မတီက မေ ၅ ရက်တွင် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့(PPWT) နှင့် online video conferencing ပြုလုပ်ပြီး COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်းသည့် သဘောတူညီချက်ငါးချက်ကို မူအားဖြင့်ချမှတ်ခဲ့သည်။
ထိုသဘောတူညီချက်အပေါ် အခြေခံပြီး ကော်မတီက မေ ၁၁ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မေ ၁၂ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP) ၊ မေ ၁၄ ရက်တွင် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ မေ ၁၅ ရက်တွင် ချင်းအမျိုးသားတပ်ဦး(CNF) ၊ မေ ၂၀ ရက်တွင် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ မေ ၂၂ ရက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တု့ိနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်အရ ယခုကဲ့သို့ပံ့ပိုးရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း ဒေါက်တာတင်မျိုးဝင်းက ရှင်းပြသည်။
ယခုထောက်ပံ့ပေးသည့် ပစ္စည်းများတွင် Surgical Mask ၊ Hand Sanitizer ၊ ဘက်စုံသုံးပိုးသတ်ဆေးရည်၊ သာမိုမီတာ၊ PPE ဝတ်စုံ၊ Face Shield ၊ ရာဘာလက်အိတ်၊ ပိုးသတ်ဆေးဖျန်းပုံးများ ပါဝင်သည်။ ထို့ပြင် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးအပါအဝင် ပစ္စည်း(၁၃) မျိုးနှင့် တိုင်းရင်းသားဘာသာစကားများထည့်သွင်းထားသည့် Hand Speaker အလုံး(၂၀) ကိုလည်း ပံ့ပိုးလှူဒါန်းခဲ့သည် ဒေါက်တာတင်မျိုးဝင်းကပြောသည်။
ဓါတ်ပုံ – NCA – S EAO
#Dailynews