တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရယ်ကြားက ရိုးရာဆေးသောက်ပွဲ အပိုင်း(၄)

တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရယ်ကြားက ရိုးရာဆေးသောက်ပွဲ အပိုင်း(၄)

 

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅) မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

ဖြူချေးခါးဟင်း

နေ့လယ်စာထမင်းစားတော့ထူးထူးခြားခြားဟင်းတစ်မျိုးကို တွေ့ရသည်။ ဖြူဝမ်းတွင်းသား(သို့)ဖြူချေးခါးဟင်းဖြစ်သည်။မုဆိုးဆရာတို့လက်စွမ်းဖြင့် ဖြူတစ်ကောင်ရထားခြင်းဖြစ်သည်။ ဖြူသားဟင်းကတော့ကျက်နေလေပြီ။ ဖြူချေးခါးကတော့ဒန်အိုးထဲတွင်ချက်နေတုန်း။အနံ့ကတော့ မွှေးလှသည်။အရောင်အဆင်းကတော့စားချင်စဖွယ်မရှိလှ။ရွံ့ရောင်တောက်တောက်။ ဆေးဖက်ဝင်သည်ဟုပြောပါသည်။

ဖြူချေးခါးကျက်တော့ထမင်းပန်းကန်ထဲနှစ်ဇွန်းလောက်ခပ်ကာပုံပြီးလက်ညှိုးနှင့်ကလော်ကာအရသာမြည်းကြည့်လိုက်သည်။စားလက်စထမင်းတောင်အန်ထွက်တော့မလို ဖြစ်သွားသည်။ခါးလိုက်သည့်အရသာ။မတတ်နိုင်တော့။ပါးစပ်ထဲ ရောက်ပြီးမှ ပြန်ထွေးရမှာလည်း ဆေးဖက်ဝင်ဟင်းဆိုတော့နှမြောမိကာထမင်းနှင့်လုံးထွေးမျိုချပြီး ရေသောက်လိုက်ရပါတော့သည်။

ထမင်းစားပြီးမိမိအိပ်ရာသို့ ပြန်လာကာတစ်ရေးတစ်မောအိပ်ဖို့ပြင်လိုက်သည်။ဒါပေမဲ့အိပ်၍မပျော်။အခြားသူများကိုကြည့်မိတော့လည်းအိပ်သူကအိပ်၊စကားပြောသူက ပြောနေကြသည်။ကရင်စကားနှင့်ထားဝယ်စကားများ ပြောကြတာ ဖြစ်သည်။ကျွန်တော်ကတော့တစ်လုံးမှနားမလည်။လုပ်စရာအလုပ်ကလည်းမရှိ။ တောင်တွေးမြောက်တွေးနှင့်ပျင်းဖို့ ကောင်းလှသည်။ပထမတောထဲစဝင်တုန်းက ပျော်ဖို့ကောင်း ပေမယ့်ရက်ကြာလာတော့ပျင်းလာသည်။

ရန်ကုန်မှာ မွေး၊ရန်ကုန်မှာကြီးပြင်းခဲ့ရသူကျွန်တော့်အတွက်ကားသံ၊လူသံ၊တိုက်တာအဆောက်အအုံတွေကဘဝ၏အစိတ်အပိုင်းတစ်ခုလိုစွဲမြဲနေလေပြီ။ထိုအရာများအနားမှာမရှိသည်နှင့်တစ်ခုခုလိုအပ်နေသလို။ တောတောင်အရိပ်အာဝါသက အေးချမ်းလှပေမယ့်ပူလောင်မှုတွေဆီပဲစိတ်က ရောက်ရောက်နေမိပါသည်။ပိုဆိုးသည်ကဒီနေ့ကသင်္ကြန်အကြိုနေ့လည်း ဖြစ်ပါသည်။

ပုခက်ထဲတွင်ပျင်းရိစွာတလူးလူးတလိမ့်လိမ့်နှင့်ညနေ စောင်းသို့ ရောက်လာတော့သည်။ထမင်းချက်သည့်နေရာတွင် နေ့လယ်ကရှာထားသည့် ဆေးမြစ်များခုတ်ထစ်နေကြသည်ကို တွေ့ရပါသည်။ဒီကနေ့ကျွန်တော်တို့ဆေးသောက်ရမှာသုံးရက် မြောက်နေ့၊တစ်နည်း နောက်ဆုံးရက်လည်း ဖြစ်သည်။

Photo: Thet Oo Mon               ဖြူချေးခါးဟင်းအိုး

ကျည်ဆန်ထပေါက်ခြင်း

နောက်ဆုံးရက် ဆေးသောက်ပွဲမှာတော့ကျွန်တော့်အတွက်အံ့သြထိတ်လန့်စရာအဖြစ်အပျက်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသည်။

အဲဒီညကကျွန်တော်တို့အဖွဲ့ထုံးစံအတိုင်းညနေကြက်အိပ်တန်းတက်ချိန် ဆေးသောက်၊ ဆေးချိုးသည်။ နောက်ညသန်းခေါင်ယံတစ်ကြိမ် ဆေးသောက်ကြပါသည်။ထိုနေ့ကလည်းခါတိုင်းနေ့များထက်ပိုအေးသည်ဟုကျွန်တော့်စိတ်ထဲခံစားမိသည်။လူကလည်းအအေးဒဏ်ကြောင့်တုန်နေသည်။မီးလှုံလည်းခဏသာ။မီးဖိုနားကခွာသည်နှင့် ပြန်အေးလာတော့သည်။ ဆေးသောက်၊ ဆေးချိုးပြီးတာတောင်အချမ်းကမပြေချင်သေး။

ထို့ကြောင့်ကျွန်တော်ကကျွန်တော့်ပုခက်စင်ဘေးတွင်မီးဖိုတစ်ခုဖိုလိုက်ပါသည်။အလင်းရောင်လည်းရ၊အနွေးဓာတ်လည်းရဆိုသည့်သဘောနှင့်ဖြစ်သည်။မီးဖိုကတဖြည်းဖြည်းအပူရှိန်ကရလာသည်။မီးတောက်တွေကအားကောင်းလာပြီးမီးဖိုအပူရှိန်ကလည်း မြင့်တက်လာပါသည်။

ထိုအချိန် ‘ဘန်း’ခနဲဆိုသည့် ပေါက်ကွဲသံတစ်ခုထွက်လာပြီးမီးဖိုနားတွင် ဆေးချိုးနေသောဦးစောကဲဒိုထံမှ ‘အား’ခနဲဟူသော အော်သံပါတစ်ဆက်တည်းထွက်ပေါ်လာပါသည်။ကျွန် တော်တို့အဖွဲ့လည်းဘာဖြစ်တာလဲဆိုပြီးဝိုင်းကြည့်သောအခါဦးစောကဲဒိုတင်ပါးတွင် သွေးများစီးကျနေသည်ကိုတွေ့လိုက်ရပါတော့သည်။

အကြောင်းရင်းကိုစစ်ကြည့်တော့ကျွန်တော်မီးဖိုသည့် နေရာတည့်တည့်တွင်အရင်စခန်းချသွားသောလူတို့ကျကျန်ခဲ့သည့် သေနတ်ကျည်ဆန်တစ်ခုကအပူချိန်ကြောင့်ထပေါက်ကွဲ ခြင်းပင်ဖြစ်သည်။ကံကောင်းသည်ကကျည်ဆန်ထိပ်ဖူးကအခြားနေရာသို့ထွက်သွားပြီးကျည်ဆန်နောက်ပိတ်သာလာမှန်ခြင်းဖြစ်သည်။ထိပ်ဖူးသာမှန်ပါကအသက်အ္တနရာယ်စိုးရိမ်ရပါသည်။အားလုံးလည်းထိတ်လန့်သွားကြသည်။

မှောင်မှောင်မည်းမည်းတွင်ဓာတ်မီးတွေထိုးကြ၊ဦးစောကဲဒိုကို ဆေးလိမ်းပေးကြနှင့်အလုပ်တွေများကုန်ကြတော့သည်။အခြေအနေတွေတည်ငြိမ်သွားတော့မှကျွန်တော်လည်းအိပ်ဖို့ ပြင်လိုက်သည်။ထိုအခါကျမှကျွန်တော့်အတွက်ထိတ်လန့်စရာ ဖြစ်တော့သည်။အဘယ်ကြောင့်ဆိုသော်ကျွန်တော့်ပုခက်တွင်အပေါက်ရာတစ်ခု ဖြစ်နေခြင်းပင်။ကျည်ဆန်ထိပ်ဖူးကကျွန် တော့်ပုခက်ထဲမှ ဖောက်ထွက်သွားခြင်းဖြစ်သည်။

ကျွန်တော်ကံကောင်းခဲ့တာဖြစ်သည်။ကျွန်တော်ကအစပိုင်း ဆေးသောက်၊ ဆေးချိုးပြီးမီးဖိုကာပုခက်ထဲဝင်အိပ်နေတာ ဖြစ်သည်။သို့သော်ခံတွင်းချဉ်လာသောကြောင့် ဆေးလိပ်ထ သောက်ချိန်ကျည်ဆန်ကထပေါက်ကွဲခဲ့ခြင်းဖြစ်သည်။နို့မို့ဆိုကျွန်တော်လည်းထိုနေရာတွင်ပင်အနိစ္စသဘောနှင့်ကိစ္စချောနိုင်သည်။

ထိုညကိုထိတ်ထိတ်လန့်လန့်နှင့်ဖြတ်သန်းခဲ့ရပါသည်။မနက်မိုးသောက်တော့ ပြန်ဖို့ ပြင်ဆင်ကြသည်။စခန်းချသည့် နေရာတွင်ကျွန်တော်တို့အဖွဲ့အမှိုက်များရှင်းကြသည်။အဓိကကြွပ်ကြွပ်အိတ်များဖြစ်သည်။မီးဖိုတစ်ခုထဲအမှိုက်များကိုစုပေါင်းကာမီးရှို့ကြသည်။အဖွဲ့လိုက်ဓာတ်ပုံတွေရိုက်ကြပြီးမနက်ခုနစ်နာရီဆိုသည်နှင့် တောတွင်းစခန်းမှထွက်ခွာလာခဲ့ တော့သည်။ ဆေးသောက်ပွဲသုံးရက်ပြီးဆုံးခဲ့လေပြီ။

Photo: Thet Oo Mon                       မနက်ကြက်အိပ်တန်းဆင်းချိန် ဆေးချိုး ဆေးသောက်

အလွမ်းနှင့်အိမ်အပြန်

အပြန်ခရီးကတော့အိမ်ပြန်ချင်နေသော ဇောကြောင့်လား၊ တောင်အဆင်းလမ်းပဲပိုများသည်ကြောင့်လားမသိအလာတုန်းကသုံးနာရီကြာလာခဲ့ရသည့်ခရီးကိုတစ်နာရီခွဲနှင့်ပထမဆုံးစခန်းချသည့်နေရာ ချောင်းကြီးချောင်းနေရာသို့ ပြန်လည် ရောက်ရှိလာပါတော့သည်။ထိုမှတစ်ဆင့်ဆိုင်ကယ်တွေထားသည့် နေရာသို့ဆက်လျှောက်ကြပြီးထိုနေရာတွင် ခေတ္တနား၊ ရေမိုးချိုး၊ထမင်းစားသောက်ကြသည်။ဆိုင်ကယ်များလည်းစက်နှိုးကာကြံ့ခိုင်မှုစစ်ဆေးကြသည်။ပြီးနောက်ထိုနေရာမှထွက်လာခဲ့ကြပါတော့သည်။

အလာတုန်းကလမ်းဆိုးသည့်ဒဏ်ကိုခံစားရသောကိုတင့်လွင်ဆိုင်ကယ်မှာအပြန်ထိုလမ်းကြမ်းကို ပြန်ဖြတ်သည့်အခါဆန္ဒပြတော့သည်။ရွာရောက်ခါနီးအလိုတွင်တော့ဆိုင်ကယ်ဂီယာတံက ပြုတ်ထွက်သွားတော့သည်။ဂီယာတံကိုဆင်းရှာပြီး ပြန်ကောက်ရပါသည်။ထိုဂီယာတံကအလာတုန်းကတည်းကအခြေအနေသိပ်မကောင်း၊အခုအပြန်ခရီးကျတော့မှလုံးလုံး ပြုတ်ထွက်သွားခြင်းဖြစ်သည်။

ဂီယာတံမပါဘဲနှင့်နာရီဝက်ခန့်မောင်းလာရသည်။ကံ ကောင်းသည်ကဂီယာကနံပါတ်နှစ်နှင့်ဝင်နေသောကြောင့်အဆင်းအတက်တွေ မောင်းလို့ရတာဖြစ်သည်။ဆိတ်ဖြုန်းရွာ ရောက်တော့မှဂီယာတံကို ပြန်တက်ရပါသည်။နာရီကြည့်တော့ညနေလေးနာရီထိုးနေပြီ။တချို့အဖွဲ့တွေကဦးစောကဲဒိုအိမ်တွင်ညအိပ်ကာမနက်ကျမှထားဝယ်မြို့ပေါ်သို့ ပြန်တက်မှာ ဖြစ်သည်။

ကျွန်တော်တို့ကတော့မြို့ပေါ်သို့တိုက်ရိုက်ပြန်မည်ဖြစ်ပြီးနှစ်နာရီခန့်ဆိုင်ကယ်မောင်းရဦးမည်ဖြစ်သည်။ဒါကြောင့်ကိုမျိုးသူတို့ကိုနှုတ်ဆက်ကာထားဝယ်သို့ ပြန်လာကြတော့သည်။လမ်းတွင်သင်္ကြန်အကျနေ့ဖြစ်သည့်အတွက် ရေပက်ခံရသေးသည်။ရာသီဥတုက အေးအေး၊ဆိုင်ကယ်က လေတိုးတိုးနှင့်နှစ် ယောက်သားအအေးဒဏ်ကြောင့်ချမ်းကာတုန်နေတော့သည်။

ကိုတင့်လွင်အိမ်သို့ရောက်တော့ညနေ၆နာရီခွဲ။ကျွန် တော်က နောက်နေ့ရန်ကုန်သို့ ပြန်မည်ဖြစ်သောကြောင့်ရထားလက်မှတ်ကိုကြိုတင်ဝယ်ရသည်။သင်္ကြန်တွင်းမို့လိုင်းကားမရှိ၊ရထားလက်မှတ်တောင်ကိုတင့်လွင်မိတ်ဆွေအကူအညီနှင့်မို့အဆင်ပြေပြေနှင့်ရခဲ့တာဖြစ်သည်။

ရထားကမနက်၆နာရီရထားဖြစ်သည်။ထို့ကြောင့်အိမ်မှမနက် လေးနာရီခွဲထ၊အထုပ်အပိုးပြင်ပြီးသည်နှင့်ဘူတာသို့ထွက်လာခဲ့ကြသည်။ရထားက၂၄နာရီကြာစီးရမှာဖြစ်သည်။

မနက်၆နာရီထိုးသည်နှင့်ရထားကထားဝယ်ဘူတာသို့ဆိုက်ရောက်လာပါသည်။ကျွန်တော်လည်းကိုတင့်လွင်ကိုနှုတ်ဆက်ကာရထားပေါ်တက်လိုက်သည်။အထူးတန်းဖြစ်သည်။ထိုင်ခုံကသက်သောင့်သက်သာရှိသည်။ရထားကြီးကဥသြသံ ပေးကာဘူတာမှတရွေ့ရွေ့ထွက်ခွာလာတော့သည်။ကျွန်တော်လည်းအနားယူဖို့မျက်စိကိုမှိတ်ထားလိုက်တော့သည်။

အာရုံထဲတွင် ဆေးသောက်ပွဲပုံရိပ်များ၊ တောတွင်းကခရီးလမ်းများ၊ တောတွင်းနေထိုင်မှုပုံစံများကရုပ်ရှင်အနှေးကွက် ပြသလိုတစ်ကွက်ချင်းပြန်ပေါ်လာတော့သည်။စိတ်ထဲလွမ်းသလိုလိုလည်းခံစားမိသည်။တစ်ဆက်တည်းပင်စိတ်ထဲကဆုံး ဖြတ်ချက်ချလိုက်မိသည်။ နောက်နှစ် ဆေးသောက်ပွဲကိုထပ်လာဦးမည်ဟူ၍ဖြစ်ပါသည်။       ။         အပိုင်း(၃)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."