အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဧပြီ ၆ (မော်ကွန်း)
ကြို့ပင်ကောက်မြို့နယ်မှ တည်းခိုခန်းတစ်ခုတွင် COVID – 19 သံသယလူနာ ရှိ၊ မရှိသွားရောက် မေးမြန်းစစ်ဆေးသည့် ရာအိမ်မှူးမိသားစုကို လူတစ်စုက ဓားဖြင့်ဝင်ခုတ်ရာ တစ်ဦးသေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာများရရှိခဲ့သည်။
ဧပြီ ၄ ရက်က ကြို့ပင်ကောက်မြို့နယ် တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့် ဧည့်သည်တစ်ဦးနေမကောင်းဖြစ်ကာ ဆေးဆိုင်တွင် ဆေးလာရောက်ဝယ်ယူသည့်အခါ COVID – 19 သံသယဖြစ်ဖွယ်ရှိနိုင်ကြောင်း ဆေးဆိုင်မှ သတင်းပို့သည့်အတွက်ရာအိမ်မှူးက ယင်းတည်းခိုခန်းကို သွားရောက်စစ်ဆေးစဉ် တည်းခိုခန်းပိုင်ရှင်နှင့် စကားများခဲ့သည်။
ထို့နောက် ဧပြီ ၅ ရက် ညပိုင်းတွင် ရာအိမ်မှူးနေအိမ်ကို လူတစ်စုက ဓားဖြင့်ဝင်ခုတ်ကြရာ မိသားစုဝင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၄၀ အမျိုးသားတစ်ဦးနှင့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး ဒဏ်ရာရှိခဲ့ကြသည်။
“အမှူဖွင့်ထားပြီး တရားခံတွေကို လိုက်နေတယ်။ ဖမ်းလို့မမိသေးဘူး။ အဓိကတရားခံက တည်းခိုခန်းပိုင်ရှင်ပဲ။ ခုထွက်ပြေးတိမ်းရှောင်နေတယ်” ဟု ကြို့ပင်ကောက်မြို့မရဲစခန်းမှူး၊ ဒုရဲမှူးကျော်သန်းနိုင်က မော်ကွန်းကို ပြောသည်။
ဒဏ်ရာရရှိသည့် အမျိုးသားမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရသည်ဟု စခန်းမှူး ကပြောသည်။
#Dailynews