ရန်ကုန်-၂၀၂၀ မတ် ၃၀
၁၀ ရက်အတွင်း ထိုင်းနိုင်ငံဘက်က တရားဝင် ပြန်ဝင်လာသူတွေ များပြားပြီး မြန်မာနိုင်ငံအနှံ့ကို ပျံ့နှံ့ ရောက်ရှိနေတဲ့ ထိုသူတွေမှာ COVID-19 ရောဂါကူးစက်ခံရ နိုင်သူတွေ ပါဝင်လာနိုင်ချေ များတဲ့ အတွက် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၉ ည ၁၁ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။
မတ် ၂၉ ည ၉ နာရီမှာ ထုတ်ပြန်တဲ့ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးအနက် တစ်ဦးဟာ ထိုင်းနိုင်ငံက ပြန်လာသူလို့ ဝန်ကြီးဌာနက ဖော်ပြအပြီးမှာ အခုလို သတိပေးချက်ကို ထပ်မံ ထုတ်ပြန်တာပါ။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
အောက်တွင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။
မိမိတို့နိုင်ငံ၌ (၂၉-၃-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၀) ဦး ရှိပြီဖြစ်သည့်အပြင် နိုင်ငံတွင်းသို့ ပြည်ပမှ အစုလိုက်အပြုံလိုက် ပြန်လည်ရောက်လာသူများ များပြားနေသည့်အချက်ကို နောက်ခံထား၍ ကပ်ရောဂါထိန်းချုပ်မှုရှုထောင့်မှ အဓိက ဆောင်ရွက်ကြရမည့် အချက်များမှာ –
(က) အိမ်တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း (home quarantine)၊ ဟိုတယ်တွင် ထားရှိ အသွားအလာကန့်သတ်ခြင်း (hotel quarantine)၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုဖြင့်သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (community based facility quarantine) နှင့် ဆေးရုံတွင်ထားရှိ အသွားအလာကန့်သတ်ခြင်း (hospital quarantine) လုပ်ငန်းများ တွင် တိုက်ဆိုင်စစ်ဆေးစာရင်းပုံစံ (checklist) များအား အသုံးပြု၍ အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင် ရွက်ခြင်း ရှိ၊ မရှိအား ဆန်းစစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ခြင်း၊
(ခ) COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအဖွဲ့အစည်းများက လက်ကိုင် အသံချဲ့စက်ငယ်များ (သို့မဟုတ်) အသံချဲ့စက်များအသုံးပြု၍ ရပ်ကွက်၊ ကျေးရွာများ တွင် လှည့်လည်၍ အမျိုးသားရေးအသွင်ဖြင့် နေ့စဉ်ဆော်ဩအသိပေး ဆောင်ရွက်ခြင်း၊
(ဂ) ယခုကာလအတွင်း ပြည်သူများအနေဖြင့် ရောဂါပိုးမကူးစက်စေရန်အတွက် မလိုအပ်ပါက အပြင်မထွက်ဘဲ မိမိတို့၏ နေအိမ်များ၌သာ နေထိုင်ကြခြင်း၊
(ဃ) မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် (၁၉-၃-၂၀၂၀) ရက်နေ့မှ (၂၈-၃-၂၀၂၀) ရက်နေ့အထိ တရားဝင်ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်းမှာ (၂၃,၀၀၀) ဦးကျော် ရှိပြီး အဆိုပါပြန်လည်ဝင်ရောက်လာသူများသည် မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိ နေပြီဖြစ်ကာ ပြန်လည်ဝင်ရောက်လာသူများတွင် COVID-19 ရောဂါကူးစက်ခံရ သူများ ပါဝင်လာနိုင်ချေများပြားပြီး ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေပါသဖြင့် ပြန်လည်ရောက်ရှိလာသူများ စာရင်းနှင့် နေထိုင်ရာပြမြေပုံ (mapping) များကို ပြုစုထားရှိကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်များသို့ ပေးပို့၍ မြို့နယ်ဆရာဝန်များက ဦးဆောင်ပြီး အသွားအလာကန့်သတ်မှုများပြုလုပ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊
(င) လတ်တလောကာလအတွင်း မိမိကိုယ်တိုင်၊ မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်တွင် ခရီးသွားရာဇဝင်ရှိပြီး ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းဖြစ်ပွားမှုများ ရှိပါက အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ခြင်း၊ သွားရောက်ပြသကြခြင်း၊
(စ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက် facebook စာမျက်နှာများမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော အသိပေးကြေညာချက်များ၊ လမ်းညွှန်ချက်များ လေ့လာဖတ်ရှု၍ သေချာစွာ လိုက်နာ ကျင့်သုံးဆောင်ရွက်ကြခြင်း၊
ကပ်အသွင်ဖြစ်ပွားနေသော COVID-19 ကို ထိရောက်စွာ ထိန်းချုပ်ရပ်တန့်စေရန် မိမိတို့ပြည်သူများအားလုံးမှ တာဝန်သိစွာ အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#Dailynews