ဂေထော
မုဒုံ၊ ၂၀၂၀ ဧပြီ ၁၄ (မော်ကွန်း)
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ်ရာ ဖုန်းပိတ်ထားသောကြောင့် တရားဝင်သတင်းအချက်အလက်အမှန် ရရှိရန် အခက်တွေ့လျက်ရှိသည်။
ယမန်နေ့မှစတင်ကာ ရောဂါပိုးတွေ့ရှိသူဦးရေ ယခင်ရက်များထက်များပြားလာပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ရောဂါပိုးတွေ့ရှိသည့်ပုဂ္ဂိုလ်များ၊ ခရီးသွားရာဇဝင်များ၊ ၎င်းတို့နေထိုင်ရာများနှင့်ပတ်သက်၍ သတင်းမျိုးစုံထွက်ပေါ်ခဲ့သည်။ ၎င်းကိစ္စရပ်များနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုမေးမြန်းရန် တရားဝင်ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသာထွန်းကျော်ကိုဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားခြင်းနှင့်သာကြုံတွေ့ရသည်။
COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွန်ချက်များနှင့်အညီ အကောင်ထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အများပြည်သူနှင့် သတင်းမီဒီယာများကို ဆက်သွယ်အသိပေးပြောကြားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ယင်းဌာနမှ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်အား ဆက်သွယ်ရမည့်ဖုန်းနံပါတ်နှင့်တကွ မတ် ၃၀ ရက်က တာဝန်ပေးအပ်ခဲ့သည်။
ထို့ကြောင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးထံ မော်ကွန်းမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ “ဦးသာထွန်းကျော်ကို မေးရမယ်ဆိုတာ သိပါတယ်နော်၊ ဖုန်းပိတ်ထားရင် ရအောင်ဆက်လေ၊ ဆက်လို့မရရင်လည်း ဆက်လို့မရဘူးဆိုပြီးတော့ သတင်းဌာနတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရအောင်လုပ်လေ၊ ဦးသာထွန်းကျော်ဆီ ဆက်မရတာနဲ့ ကျွန်မက ပြောပေးရမယ်ဆိုတော့ အဓိပ္ပာယ်မရှိဘူး” ဟု ၎င်းကပြောသည်။
ဒေါက်တာခင်ခင်ကြီးသည် ၎င်းကိုယ်ပိုင် Facebook စာမျက်နှာတွင် COVID-19 နှင့်ပတ်သက်၍ သတင်းများတင်လေ့ရှိသော်လည်း မော်ကွန်း၏မေးမြန်းမှုကိုတော့ ယခုကဲ့သို့တုန့်ပြန်ခြင်းဖြစ်သည်။
လူနာအမှတ် ၁၆ ကွယ်လွန်စဉ်က ၎င်း၏ကိုယ်ပိုင်အကောင့်တွင် အမှတ် ၁၅ ဟု ကနဦးမှားယွင်းဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ခြင်းအပေါ် လူထုမှ ဝေဖန်မှုများရှိခဲ့သူဖြစ်သည်။
ယခုလိုမျိုး အရေးကြီးနေသည့် အချိန်တွင် သတင်းထုတ်ပြန်မှု၊ သတင်းအမှန်များ ပိုပြီးစနစ်ကျလာရန်လိုအပ်ပြီး ရောဂါပိုး ပိုများပြားလာနိုင်သည့်အတွက် သတင်းအချက်အလက်ထုတ်ပြန်သောအဖွဲ့ကို သီးသန့် ထားရှိကာ သေသေချာချာ ထုတ်ပြန်လုပ်ဆောင်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ အတွင်းရေးမှူး ဦးကျော်စွာမင်းက မှတ်ချက်ပြုသည်။
“Information Team ကတော့ ကျန်းမာရေးဝန်ထမ်းဖြစ်ချင်ဖြစ်မယ်၊ မီဒီယာနဲ့ပတ်သက်တဲ့ နှံ့စပ်တဲ့ ကျွမ်းကျင်ကိုင်သွယ်နိုင်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်ချင်ဖြစ်မယ်၊ ဒီတစ်နိုင်ငံလုံးက Information တွေကိုစုပြီးတော့ အမြန်အဆန်ထုတ်ပေးနိုင်မှသာလျှင် ဒီ Fake News (သတင်းအတု) ကို ကာကွယ်ရာရောက်မယ်၊ အမြန်ဆုံးတားဆီးရာရောက်မယ်”ဟု ၎င်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ယနေ့ညနေ ၄း၀၀ အထိစာရင်းများအရ စောင့်ကြည့် လူနာ ၁,၂၇၁ ဦး၊ ရောဂါအတည်ပြုလူနာ ၆၂ ဦးမှ သေဆုံးသူ လေးဦးနှင့် ပြန်လည်သက်သာလာသူ နှစ်ဦး ရှိသည်။
#Dailynews