ဗညားအေးကျော်
ရန်ကုန်- ၂၀၂၀ မေ ၁၃ (မော်ကွန်း)
COVID-19 ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ မသန်စွမ်းအမျိုးသမီးတွေကို လာမဲ့နှစ်လမှာ ငွေကြေးထောက်ပံ့သွားဖို့ရှိတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာက ဥက္ကဌဦးမြတ်သူဝင်းက ပြောပါတယ်။
ရှေ့ပြေးစီမံကိန်းအဖြစ် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်က အလုပ်လက်မဲ့ဖြစ်သွားတဲ့ မသန်စွမ်းအမျိုးသမီးများထဲမှ အယောက် ၇၀ ကို စီစစ်ရွေးချယ်ပြီး လာမဲ့ ဇွန်၊ ဇူလိုင်တို့မှာ တစ်လကို ကျပ် ၁၂၀,၀၀၀ ထောက်ပံပေးမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“ဒီကာလမှာ အလုပ်အကိုင်တွေလျှော့ခံရတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေရှိမှာပဲ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်လာရင် သူတို့နဲ့နွယ်တဲ့ မိသားစုတွေမှာလည်း ထိခိုက်မှုတွေ ရှိနိုင်တယ်။ အမျိုးသမီးမသန်စွမ်းတွေကပိုပြီးတော့ ထိခိုက်လွယ်သလို ခွဲခြားဆက်ဆံမှုကလည်းနှစ်ဆခံရတယ်။ ဒါကြောင့် အမျိုးသမီးမသန်စွမ်းကို ဦးစားပေး ထောက်ပံ့ဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။
ဘယ်အဖွဲ့အစည်းကမှ အထောက်အပံ့မရရှိသေးဘဲ COVID – 19 ကြောင့်အလုပ်ပြုတ်သွားတဲ့ မသန်စွမ်းအမျိုးသမီးတွေကို ဦးစားပေးသွားမယ်လို့ ဦးမြတ်သူဝင်းကရှင်းပြပါတယ်။
ယခုအစီအစဉ်ဟာ COVID-19 ကပ်ရောဂါဖြစ်ချိန်ကာလအတွင်း မသန်စွမ်းသူများကို ထောက်ပံ့တဲ့ ပထမဆုံးရှေ့ ပြေးစီမံကိန်းတစ်ခုဖြစ်ပြီး Action Aid နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဓာတ်ပုံ -ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မသန်စွမ်းသူတစ်ချို့ကို အခြေခံစားသောက်ကုန်ထောက်ပံ့
#Dailynews