ရေဂင်
ရန်ကုန်- ၂၀၂၀ ဩဂတ် ၅ (မော်ကွန်း)
COVID-19 ကြောင့် စီစဉ်ပြီးမှ ပျက်ခဲ့ရသည့် ရိုးရာလက်ဝှေ့ပွဲပေါင်း ၆၀ ကျော်အထိရှိပြီး လတ်တလော ပြန်လည်ကျင်းပနိုင်ရန်ပင် မလွယ်ကူသေးကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဗဟိုအမှုဆောင် ဦးလွှမ်းမိုးအောင်က ပြောသည်။
“ကိုဗစ်မတိုင်ခင် အဖွဲ့ချုပ်ကို ပွဲခွင့်ပြုမိန့်တောင်းထားပြီး ခွင့်ပြုမိန့်ရပြီးသားလက်ဝှေ့ပွဲ (၆၀) ကျော်လောက် အထိရှိတယ်။ အများစုကတော့ နယ်ပွဲတွေပေါ့။ အကုန်လုံး ကိုဗစ်ဂယက်နဲ့ ပျက်သွားတာ” ဟု ဦးလွှမ်းမိုးအောင်က ပြောသည်။
လတ်တလောတွင် ပရိတ်သတ်မပါသည့် ရိုးရာလက်ဝှေ့ပွဲတချို့ကို ကျင်းပရန် စီစဉ်နေသော်လည်း အစိုးရခွင့်ပြုချက်ရရန်လိုသေးသည်ဟု သူကဆိုသည်။
ထို့အပြင် လက်ဝှေ့ပွဲများ ကျင်းပရာတွင် အထောက်အပံ့ပေးနေသည့် စီးပွားရေးလုပ်ငန်းများသည်လည်း COVID-19 ကြောင့် ထိခိုက်နေသည့်အတွက် ပြိုင်ပွဲများကျင်းပရေးအပေါ် သက်ရောက်မှုရှိနေကြောင်း သူကရှင်းပြသည်။
လက်ဝှေ့ပွဲများရပ်ဆိုင်းထားရသည့်အတွက် နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရိုးရာလက်ဝှေ့ကလပ်များအနေဖြင့် ကစားသမားများကို လက်လွှတ်ရမှုများ ရှိနေပြီး ကလပ်ရပ်တည်ရေးအတွက် ရုန်းကန်နေသည်ဟု ကလပ်တည်ထောင်သူတချို့က ပြောသည်။
“ကလပ်မှာ လူအများကြီးစုနေလို့မရတာရယ်၊ ဝင်ငွေမရှိတာရယ်ဆိုတာ့ ကစားသမားတွေကို ဆက်ထားဖို့က မဖြစ်နိုင်ဘူး။ ကလပ်မှာ ကစားသမားတွေမထားတော့ဘဲ ကိုယ့်အိမ်ကနေ လာလေ့ကျင့်ရင်တော့ ခွင့်ပြုပေးလို့ရပေမယ့် ရွာဘက်က ကလေးတွေကျတော့ ပြန်လွှတ်လိုက်ရတာတွေ ရှိတယ်” ဟု သုဝဏ္ဏဘူမိကလပ် တည်ထောင်ထားသူ ဦးအော်စကာက ရှင်းပြသည်။
ကလပ်များမှ အိမ်ပြန်ခဲ့ရသည့် လက်ဝှေ့ကစားသမားတချို့သည် အသက်မွေးဝမ်းကျောင်းအတွက် ကြုံရာကျပန်းအလုပ်များလုပ်ရင်း ပြိုင်ပွဲများ ပြန်လည်ကျင်းပမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟု ကစားသမားတချို့က ပြောသည်။
“ပွဲမထိုးရတော့ ဝင်ငွေမရှိဘူး။ အိမ်ကိုလည်း တစ်ပြားမှ ပြန်မပေးနိုင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်က မန္တလေးမှာနေတာဆိုတော့ အိမ်ကနေ ကလပ်ကိုသွားလေ့ကျင့်နေလို့ရသေးတယ်။ အခုလည်း ပွဲ လက်ခံထားတာ နှစ်ပွဲတော့ရှိတယ်။ အခြား နယ်ကလက်ဝှေ့သမားတွေကျတော့ အိမ်ပြန်ရတာတွေရှိတယ်။ သူတို့တွေကျတော့ ပွဲရဖို့မလွယ်တော့ဘူး။ လေ့ကျင့်တာကျတော့လည်း အားနည်းသွားတာတွေရှိတယ်” ဟု မန္တလေးမြို့၊ ယူနိုက်တတ်လက်ဝှေ့ကလပ်က ကစားသမား ကျော်စွာဝင်းက ပြောသည်။
COVID-19 ကြောင့် အိမ်ပြန်ခဲ့ရသည့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေဖူး လက်ဝှေ့ကလပ်က ကစားသမားတစ်ဦးဖြစ်သူ ကသာမိုက်က ဝမ်းရေးအတွက် ကြုံရာကျပန်း ဖြေရှင်းရင်း ပြိုင်ပွဲများကို စောင့်နေသည့်ဟု ပြောသည်။
“ ပွဲတွေပြန်စရင် ခေါ်မယ်ပြောတယ်။ အခုရွာက ကုန်စုံဆိုင်မှာ အလုပ်ဝင်လုပ်နေတယ်။ ကိုဗစ်ဖြစ်တုန်းကလည်း ပွဲတစ်ပွဲလွတ်သွားသေးတယ်။ ကျွန်တော်တို့လို လူသစ်တွေအတွက် ပွဲတစ်ပွဲထပ်ရဖို့ မလွယ်ဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တွင် တရားဝင်မှတ်ပုံတင်ထားသည့် ရိုးရာလက်ဝှေ့ကလပ် ၁၅၀ ရှိနေပြီး မှတ်ပုံတင်ထားသည့် ရိုးရာကစားသမား ၆၀၀ ကျော် ရှိသည်။
ဓါတ်ပုံ – မော်ကွန်း။ ပုံစာ – မန္တလေးတွင် WLC နှင့် GTG တို့ ပူးတွဲကျင်းပခဲ့သည့် ပွဲစဉ်တစ်ခု မြင်ကွင်း။
#Dailynews