အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ မတ် ၁၉ (မော်ကွန်း)
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးဖြစ်စေမယ့် အခမ်းအနားနဲ့ ပွဲလမ်းသဘင်တွေကို အစိုးရက ပိတ်ပင်လိုက်ပြီးနောက် လေးကြိမ်မြောက်အဖြစ် ဧပြီလထဲမှာ ကျင်းပနိုင်ဖို့ကြိုးပမ်းနေတဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးဟာလည်း ဖြစ်နိုင်ချေနည်းသွားပြီလို့ ငြိမ်းချမ်းရေးဆိုင်ရာလေ့လာသူနဲ့ ပါဝင် ပတ်သက်နေသူတစ်ချို့က ပြောပါတယ်။
“ ဧပြီ ၃၀ ရက်နေ့အထိ လူစုလူဝေးက ကန့်သတ်ထားတဲ့ အတွက်ကြောင့်မို့ ဒီလိုအနေအထားမျိုးမှာ လုပ်ဖို့ဆိုတာကတော့ တော်တော်ခဲယဉ်းသွားလိမ့်မယ်” လို့ ညီလာခံကျင်းပနိုင်ချေအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောတယ်။
ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်အဖြစ် လူစုလူဝေးကန့်သတ်ချက်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မတိုင်မီ ပြုလုပ်ရမယ့်အစည်းအဝေးတွေဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲမှုကော်မတီ (UPDJC) အစည်းအဝေး၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ခေါ်ယူဖို့လည်း အခက်အခဲဖြစ်မယ်လို့ သူက ရှင်းပြတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ရဲ့ ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ကလည်း ဗိုင်းရပ်စ်ကိစ္စအပါအဝင် တခြားသောအကြောင်းအရင်းတွေလည်း ရှိသေးတာကြောင့် ညီလာခံဖြစ်မြောက်ရေးက စောင့်ကြည့်ရမယ့် အခြေအနေလို့ မှတ်ချက်ပေးပါတယ်။
လတ်တလောမှာ ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအဖြစ် လူစုလူဝေးတွေ မပြုလုပ်ဖို့ အစိုးရက ကြေညာခဲ့ပြီးနောက် ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုလည်း ရက်ရွှေ့ဆိုင်းထားပါတယ်။
သုံးကြိမ် ကျင်းပထားပြီး ပြည်ထောင်စုသဘောတူညီချက်(၅၁)အချက်အထိ ရရှိထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နောက်ဆုံးကျင်းပခဲ့တာက ၂၀၁၈၊ ဇူလိုင်လထဲမှာ ကျင်းပထားတာပါ။
ဓာတ်ပုံ – အောင်ထူးနိုင်
ပုံစာ- မတ်လ ပထမ အပတ်အတွင်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ ပြင်ဆင်တဲ့ အစည်းအဝေးကို တွေ့ရစဉ်
#Dailynews