ဇေယျာမြင့်
ပြည်- ၂၀၂၀ ဧပြီ ၇ (မော်ကွန်း)
COVID-19 ကာကွယ်ရေးအတွက် နေအိမ်မှာပဲ ၁၄ ရက် ကန့်သတ်နေထိုင်ဖို့ ခံဝန်ကတိချုပ်ဆိုထားသူတစ်ဦးဟာ ကတိဖောက်ဖျက် အရပ်ထဲလှည့်လည်ကာ တာဝန်ရှိသူတွေကို ပြဿနာရှာတဲ့အတွက် ပြည်မြို့နယ်တရားရုံးက အလုပ် နဲ့ထောင်ဒဏ် ခြောက်လ ချမှတ် အပြစ်ပေးလိုက်ပါတယ်။
အပြစ်ပေးခံရသူဟာ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ထဲက လွှစင်ကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာမှာ နေထိုင်တဲ့ ဘိုစိန်(ခေါ်)စိန်အောင်ဆိုသူအမျိုးသားဖြစ်ပြီး သူဟာ ဧပြီ ၂ ရက်တုန်းက ရန်ကုန်ကနေ သူ့ရွာကို ပြန်လာသူဖြစ်ပါတယ်။
ဒီနောက် နေအိမ်ကန့်သတ်စောင့်ကြည့်မှု ၁၄ ရက် ပြုလုပ်ပါ့မယ်လို့ို ခံဝန်ကတိချုပ်ဆိုနေထိုင်ခဲ့ပြီး ဧပြီ ၅ ရက်မှာ ခံဝန်ဖောက်ဖျက်ခဲ့တာကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက တရားလိုလုပ် တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။
ပြည်မြို့နယ်တရားရုံးက တရားသူကြီးဦးဇော်မင်းက ” သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ ဆိုရင် ပုဒ်မ ၃၀ ပါ ပြဌာန်းချက်အရ ထောင်ဒဏ် တစ်နှစ်ထိဖြစ်စေ ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ခုတော့ တရားခံဘိုစိန်(ခ) စိန်အောင်ကို အလုပ်နဲ့ ထောင်ဒဏ် ခြောက်လ ကျခံစေလို့ အမိန့် ချမှတ်ခဲ့ပါတယ်” လို့ ဒီနေ့ တရားခွင့် အပြီးမှာ ပြောပါတယ်။
စိန်အောင်ဟာ နေအိမ်အကန့်အသတ်နဲ့နေထိုင်နေစဉ် သုံးရက်အကြာမှာ ရန်ကုန်ကို ပြန်သွားချင်တဲ့အတွက် ကျန်းမာ ရေးဌာနက ထောက်ခံချက်ရေးပေးရန် လာရောက်ခွင့်တောင်းရာ မရေးပေးတဲ့အတွက် ဒီဌာနနဲ့ ရပ်ကွက်တာဝန်ခံတွေကို အော်ဟစ်ဆဲဆိုတာတွေအထိ ပြုလုပ်ခဲ့တယ်လို့ ဦးဇော်မင်းက ပြောပြတယ်။
တရားလိုပြုလုပ်တရားစွဲဆိုခဲ့သူ လွှစင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးစိုးက ” ၅ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ကျေးရွာတာဝန်ခံဆီကို သူက စည်းကမ်းဖောက်ဖျက်ပြီးတော့ သူအိမ်နဲ့ ပေ ၆၀၀ အကွာကနေပြီးတော့ ကျေးရွာတာဝန်ခံ ကို လာပြီးတော့ သူအလုပ်ပြန်သွားချင်တယ်လို့ လာပြီးပြောတဲ့အခါမှာ မရဘူး၊ ကျန်းမာရေးမှူးနဲ့ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဆီမှာ ခွင့်ပြုချက်ယူပါဆိုပြီးပြောတဲ့ အခါကျတော့ သူကမရဘူး၊ ခင်ဗျားပဲ လုပ်ပေးရမယ်ဆိုပြီး ဆဲဆိုကြိမ်းမောင်း တာဖြစ်တဲ့အတွက် COVID-19 ဥပဒေနဲ့ တရားစွဲလိုက်ခြင်းဖြစ်ပါတယ်” လို့ ပြောပြတယ်။
ဒီနေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာမှာ COVID-19 ရောဂါ ကူးစက် ခံရသူ ၂၂ ဦးအထိ ရှိနေပြီး အဲဒီထဲက လေးဦးကို ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဓါတ်ပုံ- ဇေယျာမြင့်
ပုံစာ- ပြည်မြို့နယ်တရားရုံးမှာ တွေ့ရတဲ့ အပြစ်ပေးခံရသူအမျိုးသား။
#Dailynews