“Covid ကာလ တည်ငြိမ်သွားတဲ့အချိန်ရောက်မှ ရွေးကောက်ပွဲကို လုပ်စေချင်တယ်။ ဒီရွေးကောက်ပွဲကို ကျွန်တော်တို့က နောက်ဆုတ်ပေးစေချင်တယ်”

စက်တင်ဘာ ၈ ရက်မှ စတင်ကာ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားပါပြီ။ ဒါပေမဲ့ Covid ရောဂါဖြစ်ပွားဆဲကာလမို့ အကန့်အသတ်တွေနဲ့ မဲဆွယ်ကြရမှာပါ။ ဒီအကန့်အသတ်တွေက နိုင်ငံရေးပါတီတွေကို ဘယ်လိုအခက်အခဲတွေ ဖြစ်လာနိုင်သလဲ၊ ဘာတွေ အခက်အခဲကြုံ တွေ့နေရလဲစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်ကို မော်ကွန်မဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဒေးဗစ်လှမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ စတင်တည်ထောင်စဉ်က ဧရာဝတီတိုင်း စည်းရုံးရေး ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်ပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)ကို ၂၀၁၉ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ လည်း ဖြစ်ပါတယ်။

အောင်ထူးနိုင် – မေးမြန်းသည်။

မော်ကွန်း။ ။ UEC က မနက်ဖြန်မှာ မဲဆွယ်စည်းရုံးခွင့် ပြုလိုက်ပြီဆိုပေမယ့် Covid -19 ရောဂါကြောင့် အကန့်အသတ်တွေ ရှိနေတာမို့ ဘာတွေ အခက်အခဲ ကြုံတွေ့နိုင်လဲ။

ဦးဒေးဗစ်လှမြင့်။ ။ ကျွန်တော်တို့က အခု Covid -19 ကာလနဲ့ လာကြုံနေတဲ့အခါကြတော့ ရွေးကောက်ပွဲ စည်းရုံးရေးကာလလည်း ရောက်ပြီ။ ကျွန်တော်တို့မှာ အခက်အခဲက အများကြီးကြုံရတယ်။ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ဥပဒေတွေရဲ့အောက်မှာ ဖြစ်နေတဲ့အခါကြတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ မရတော့ဘူး။ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်တဲ့အခါ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ထိတွေ့ဖို့ တော်တော်အခက်အခဲ ဖြစ်ပါတယ်။ နောက်တစ် ခုက ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေး သွားမယ့်ဒေသက ပြည်သူတွေကလည်း Covid နဲ့ပတ်သက်ပြီး စိုးရိမ် ထိတ်လန့်မှုတွေ အရမ်းဖြစ်နေတယ်။

အခုဆိုရင် ကျွန်တော်တို့ ကော့မှူးရောက်နေတဲ့အခါ ကော့မှူးမှာ တော်တော်များများ အပြင်မထွက်ကြဘူး။ အကုန်လုံးအိမ်ထဲမှာပဲ နေနေကြတာ တွေ့ရတယ်။ လူတွေက ဒီရောဂါ ကူးမှာကို အင်မတန်စိုးရိမ်နေကြတယ်။ ဒီတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်တဲ့အခါကြတော့ လုံးဝအဆင်မပြေဘူး။ ဒီလိုအခြေအနေ တွေနဲ့ လုပ်မယ်ဆိုရင် ဒီရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာမှာမဟုတ်ဘူး။

ပါတီကြီးတွေက သူတို့မှာ ပြင်ဆင်ပြီးသားရှိတယ်။ လိုအပ်တဲ့ ကော်မတီတွေ၊ ရုံးတွေ အကုန်ရှိပြီးသား၊ ပါတီ အသေးတွေနဲ့ အသစ်တွေက တည်ဆောက်ဆဲကာလ ဖြစ်နေတယ်။ ကျွန်တော်တို့ ဘာမှ ပြင်ဆင်ချိန်လည်း မရလိုက်ဘူး။ ပြင်ဆင်ချိန်မရတဲ့အပြင် ရွေးကောက်ပွဲစည်းရုံးရေးကာလမှာလည်း ထပ်ပြီး အကန့်အသတ်တွေနဲ့ လုပ်နေမယ်ဆိုရင် ဒီရွေးကောက်ပွဲက တန်းတူရည်တူရှိတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်သလို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့လည်း အကြောင်းမမြင်ဘူး။ ရှင်းရှင်းပြောရရင် ဘက်ပေါင်းစုံက အဆင်မပြေ ဖြစ်နေတာပါ။

မော်ကွန်း။ ။ ဒီကန့်သတ်ချက်တွေက ပါတီငယ်တွေကို ဘယ်လိုမျိုး လာပြီး ရိုက်ခတ်နိုင်ပါသလဲ။

‌ဦးဒေးဗစ်လှမြင့်။ ။ ရွေးကောက်ပွဲကို ဒီကန့်သတ်ချက်တွေအောက်မှာ လုပ်မယ်ဆိုရင်တော့ ပါတီငယ်လေးတွေက ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုတာ လုံးဝမျှော်လင့်ချက်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါတီကြီးတွေက သူ့မှာ မူလကတည်းက သူ့အင်အားနဲ့သူ ရှိပြီးသားဖြစ်တဲ့အတွက် ဒီကန့်သတ်ချက်တွေအောက်မှာ သူ့အင်အားက ထိခိုက်နိုင်ချေနည်းတယ်။ ပါတီငယ်လေးတွေက အခုမှ စတင်ပြီး စုဆောင်းနေရတာ၊ စည်းရုံးလှုပ်ရှားမှုတွေ လုပ်နေရတဲ့အတွက် ရှင်းရှင်းပြောရရင် အများကြီးလက်ဆုပ်လက်ကိုင် နည်းနေတဲ့သဘောမှာ ရှိတယ်။ ကျွန်တော်တို့က နိုင်ငံရေးပါတီကြီးတွေကို လုံးဝ ယှဉ်နိုင်မှာမဟုတ်ဘူး။
လုံးဝ ခွက်ခွက်လှန်အောင် ရှုံးမှာပဲ။ ဒါက ကျွန်တော်တို့ မြင်တဲ့အမြင်ပါ။ ဒါကြောင့် ဒီလိုမျိုးဖြစ်နေတဲ့အတွက် ဒီ Covid ကာလကြီးထဲမှာ ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကြီးကို မလုပ်စေချင်ဘူး။ Covid ကာလ တည်ငြိမ်သွားတဲ့အချိန်ရောက်မှ ရွေးကောက်ပွဲကို လုပ်စေချင်တယ်။ ဒီရွေးကောက်ပွဲကို ကျွန်တော်တို့က နောက်ဆုတ်ပေးစေချင်တယ်။ ဒါက ကျွန်တော်တို့ရဲ့ ဆန္ဒပဲ။

မော်ကွန်း။ ။ တစ်နေရာနဲ့တစ်နေရာ သွားဖို့ Quarantine ဝင်ရမယ်ဆိုရင် ဒါကို ဘယ်လို ကျော်လွှားဖို့ စဉ်းစားထားပါသလဲ။

ဦးဒေးဗစ်လှမြင့်။ ။ လက်ရှိအနေအထားကတော့ Quarantine ဝင်ရမယ့်အနေအထားတော့ မရှိသေးဘူး။ လွတ်လွတ်လပ်သွားလို့ရမယ့်အနေအထားမှာ ရှိတယ်။ Home stay လည်းမရှိဘူး၊ Lockdown လည်း မချဘူး။ နောက်ပိုင်း Home Stay လုပ်လာမယ်၊ Lockdown တွေ လုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ စည်းရုံးနေတာတွေ အကုန်လုံးရပ်သွားလိမ့်မယ်။ ဒါ့အပြင် ရွေးကောက်ပွဲ Campaign ကာလဖြစ်နေတဲ့အတွက် ကျွန်တော်တို့ Pamphlet တွေ ‌ဝေမယ်။ Door to Door လုပ်မယ်ဆိုရင်လည်း လုပ်လို့မရဘူး။ ဘာဖြစ်လို့လည်းဆို‌တော့ Door to Door နဲ့ ကိုယ်ကသွားချင်ပေမယ့် ဟိုက တံခါးဖွင့်ပေးမှာမဟုတ်ဘူး။ တံခါးပိတ်ထားမှာ။ သူ့ဆီကိုလာရင် စိတ်မချရဘူး၊ မလုံခြုံဘူးလို့ အဲဒီလိုတွေ မြင်လာမယ်။ ဒါကြောင့်မို့ ဒီ Covid ကာလနဲ့ အကန့်အသတ်အောက်မှာတော့ ကျွန်တော်တို့ စည်းရုံးရေးက လုံးဝလုပ်လို့မရအောင်ကို အခက်အခဲက ဖြစ်သွားမှာပဲ။

မော်ကွန်း။ ။ တခြားနည်းလမ်းတွေရော စဉ်းစားထားတာမျိုး ရှိသေးလား။ ဥပမာ အွန်လိုင်းကနေ စည်းရုံးတာမျိုးပေါ့။

ဦးဒေးဗစ်လှမြင့်။ ။ ကျွန်တော်တို့နိုင်ငံမှာ နေထိုင်သူအများစုက တောသူတောင်သားတွေဗျ၊ လယ်သမားတွေ၊ လယ်ထဲမှာ နေတဲ့သူတွေ၊ ကျေးလက်တောရွာ အများဆုံးပဲဗျ။ ကျေးလက်တောရွာ ခြောက်သောင်းကျော်ရှိတယ်။ တစ်နိုင်ငံလုံးက ကျေးလက်ဒေသမှာ ရှိတဲ့အခါကြတော့ အွန်လိုင်းနဲ့သွားပြီး စည်းရုံးရေးလုပ်ဖို့ဆိုတာ လုံးဝမလွယ်ဘူးဗျ။ မဖြစ်နိုင်ဘူး။ Video Conferencing နဲ့ လုပ်တယ်ဆိုတာက ဒါတွေ ပေါ်လာတာ မကြာသေးဘူး။ ဒီ Covid ကာလမှာသာ Zoom တွေ ဘာတွေနဲ့ လုပ်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ သက်ဆိုင်ရာ ကျေးရွာတွေ၊ အင်တာနက်အခက်အခဲဖြစ်တဲ့နေရာတွေမှာဆိုရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။ အွန်လိုင်းနဲ့ လုပ်ဖို့ကတော့ မလွယ်ဘူးဗျ။ လက်ရှိကျွန်တော်တို့ စဉ်းစားတဲ့အထဲမှာ အဲဒီအကြောင်းတွေလည်း ပါတယ်။ ဒါပေမဲ့ မရဘူးဗျ။ ခဲရာခဲဆစ်ဖြစ်မှာပဲလေ။ ထိရောက်မှာလည်းမဟုတ်ဘူး။ ဒီကိစ္စက။

မော်ကွန်း။ ။ ဒီအကန့်အသတ်တွေ ဖြစ်နေတဲ့အပေါ် ဘာများ ဖြည့်စွက်ပြောလိုပါသလဲ။

ဦးဒေးဗစ်လှမြင့်။ ။ UEC ကို ကျွန်တော်ပြောချင်တာက ရွေးကောက်ပွဲကို လက်ရှိအနေထားနဲ့ ကျင်းပဖို့ ကျွန်တော်တို့အနေနဲ့ မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒီအနေအထားအတိုင်း ကျင်းပဖို့ ကျွန်တော်တို့အနေနဲ့ အခက်အခဲဖြစ်တယ်။

နောက်တစ်ခု UEC ကို ပြောချင်တာက အမိန့်တွေ၊ ကြေညာချက်တွေ ထုတ်မယ်ဆိုရင် ကျွန်တော်တို့ လုပ်နိုင်ကိုင်နိုင်အောင် ထုတ်စေချင်တယ်။ အခုရွေးကောက်ပွဲ စည်းရုံးရေးကာလ ရှစ်ရက် လုပ်မယ်ဆိုရင် ကျွန်တော်တို့ကို ‌ခြောက်ရက်မှ ရွေးကောက်ပွဲစည်းရုံးရေးကာလ ရှိတယ်ဆိုပြီး ပြောတယ်။ အဲဒီလို ကပ်ပြီးတော့ မလုပ်စေချင်ဘူး။ ဥပမာ တစ်လလောက်ဖြစ်ဖြစ် ၁၅ ရက်လောက်ဖြစ်ဖြစ် ကြေညာချက်တွေကို ခွာပြီးတော့ ထုတ်စေချင်တယ်။ ကပ်ပြီးတော့ လုပ်တော့အခါကြတော့ ကျွန်တော်တို့မှာ ကသီလင်တနိုင်ပြီး‌တော့ အခက်အခဲတွေ အများကြီးဖြစ်ရတယ်။ ကပ်ပြီးထုတ်ရင် ကျွန်တော်တို့မှာ ပြင်ဆင်ချိန်မရဘူး။

လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်တုန်းကလည်း တစ်လပဲ ပေးထားတယ်။ အဲဒီအချိန်လောက်နဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းရွေးချယ်လို့မရဘူး။ ကျွန်တော်တို့မှာ အခက်အခဲက အချိန်ကို ချုံ့ထားသလို ဖြစ်နေတယ်။ ကျွန်တော်တို့က အချိန်များများရမှ အလုပ်လုပ်လို့ရမှာဖြစ်ပေမယ့် အချိန်ကို ချုံ့ပြီးမှ လုပ်နေရတာဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးဖြစ်တယ်။ အတောင်အလက်စုံအောင်တောင် မနည်းလုပ်နေရသလိုဖြစ်တာပေါ့။ ဒါ့ကြောင့် ကော်မရှင်က ဒါတွေကို မျှမျှတတစဉ်းစားပေးစေချင်ပါတယ်။

Photo – United Nationalities Democracy Party – UNDP


#Dailynews

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."