ရေဂင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၆ (မော်ကွန်း)
COVID ကာလအတွင်း YBS ယာဥ်လိုင်းများအား CNG ဈေးလျှော့ရောင်းချပေးရန် ရန်ကုန်တိုင်းအစိုးရ သို့ YRTA မှ တင်ပြထားပြီး တိုင်းအစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံသို့ ထပ်မံတင်ပြထားကြောင်း YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ယနေ့ မနက်တွင် ပြုလုပ်သည့် YRTA သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ရန်ကုန်မြို့အတွင်း YBS စီးနှင်သူဦးရေမှာ သြဂုတ် (၁၆) ရက်မှစ၍ တစ်စတစ်စ ကျဆင်းခဲ့ပြီး စက်တင်ဘလအတွင်း YBS စီးနှင်သူဦးရေမှာ ယခင်သြဂုတ်လ အစောပိုင်းကာလများထက် ထက်ဝက်ခန့် ကျဆင်းနေပြီး တစ်ရက်အတွင်း YBS စီးနှင်သူငါးသိန်းဝန်းကျင်သာ ရှိတော့သော်လည်း YBS ကားပြေးဆွဲ မှုကို လျော့ချ၍ မရသည့် အခြေအနေတွင် ရှိကြောင်း ဦးလှအောင်က ရှင်းပြသည်။
“ဥပမာ ပုံမှန် YBS ယာဥ်တစ်စီး ပုံမှန်ခေါက်ရေအတိုင်း ပြေးမယ်ဆိုရင် CNG အသုံးစားရိတ်က (၂၅, ၀၀၀) ဝန်းကျင်မှာရှိနေပြီး ဒီကုန်ကျငွေကို ထက်ဝက်လျော့ချ နိုင်မယ်ဆိုရင် YBS ကုမ္ပဏီတွေ အနေနဲ့ လုပ်ငန်းဆက်လက် လည်ပတ်ဖို့ အများကြီး အထောက်အကူဖြစ်လာမှာပါ”ဟု ဦးလှအောင်က ပြောသည်။
သို့သော် ထိုသို့ CNG ဈေးနှုန်းလျော့ချပေးရန် တောင်းဆိုထားသော်လည်း ပြည်ထောင်စုအစိုးရဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိသေးပေ။ လက်ရှိ YRTA အနေဖြင့် YBS ယာဥ်လိုင်းများအား လုပ်ငန်းဆက်လက် ရပ်တည်နိုင်ရန် စီမံခန့်ခွဲမှု ရန်ပုံငွေ ကောက်ခံမှု ယာယီရပ်ဆိုင်းထားခြင်းအား စက်တင်ဘာလ ကုန်အထိ တိုးမြှင့်ပေးထားခဲ့သည်။
ယခင် မက်လမှ မေလကုန်အထိ ကာလအတွင်း YRTA မှ YBS ယာဥ်လိုင်းများအတွက် CNG ဖိုး ကျပ်သိန်း (၅၀၀) ကျော် စိုက်ထုတ်ပေးခဲ့သည်များလည်း ရှိခဲ့ဖူးသည်ဟု ဦးလှအောင်က ပြောသည်။
လက်ရှိ COVID – 19 ကာလအတွင်း တစ်ရက် YBS ယာဥ်စီးရေ ၂,၅၀၀ မှ ၃,၀၀၀ အထိ ပြေးဆွဲနေပြီး ယမန်နေ့က စီးနှင်သူဦးရေ (၅၀၂, ၂၇၁) ဦးရှိကြောင်း YRTA မှတ် ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ ။ ။ Covid ကာလအတွင်း ပြေးဆွဲနေသည့် YBS
ပုံ ။ ။ မော်ကွန်း
#Dailynews

