– နေပြည်တော်မှ CDM လှုပ်ရှားမှုတစ်ခု
ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၈ (မော်ကွန်း)
CDM လှုပ်ရှားမှုတွင် ပါဝင်လာကြသည့် နေပြည်တော်မှ အစိုးရဝန်ထမ်းများအား ယနေ့နံနက်က နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ အရေးယူခံရနိုင်ကြောင်း အထက်အရာရှိများက သတိပေးခဲ့ကြောင်း CDM လှုပ်ရှားမှုကို ဦးဆောင်နေသည့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြောသည်။
“မနက်ကတော့ အစည်းအဝေးသဘောမျိုးခေါ်ပြောတာတွေ၊ ရုံးမလာတဲ့ ဝန်ထမ်းတွေကို စာရင်းစစ်တာတွေလုပ်တယ်။ ခြောက်တစ်ခါ ချော့တလှည့်တွေ လုပ်လာတယ်။ ကျွန်တော်တို့ကတော့ ရုံးကဆက်သွယ်နိုင်တဲ့ ဖုန်းနံပတ်တွေကို ပိတ်ထားလိုက်တယ်” ဟု ယနေ့မနက် အခြေအနေကို ၎င်းရှင်းပြသည်။
စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၅ ရက်မှစတင်ကာ နေပြည်တော်တွင် အစိုးရဝန်ထမ်းများ Civil Obedience Movement – CDM လှုပ်ရှားမှု စတင်ခဲ့ပြီး လက်ရှိအချိန်အထိ အစိုးရ ဝန်ကြီးဌာနပေါင်း ၁၅ ခုမှ ဝန်ထမ်းပေါင်း တစ်ထောင်ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် အချို့ဝန်ထမ်းများ အလုပ်ထွက်စာတင်သည်များကိုလည်း ခွင့်မပြုကြောင်း သူကပြောသည်။ သို့သော် မကြာသေးမီက အချို့ဝန်ထမ်းများ CDM လှုပ်ရှားမှုအဖြင့် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ အလုပ်တာဝန်များ ပြန်လည်ထမ်းဆောင်နေသည်ဆိုသည့် သတင်းများမှာလည်း မမှန်သတင်းလွှင့်ခြင်းသာဖြစ်ကြောင်းလည်း ဦးသက်လွင်ဦးက ရှင်းပြသည်။
ထို့အပြင် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အချို့ဌာနမှ ဝန်ထမ်းများအား ၂၄ နာရီအတွင်း ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခိုင်းသည်ဆိုသည့် သတင်းများကိုလည်း အတည်ပြုရန်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဦးသက်လွင်ဦးက ပြောသည်။
#Dailynews

