AA ကလွဲပြီး အပစ်မရပ်ရသေးတဲ့အဖွဲ့တွေကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားမယ်

AA ကလွဲပြီး အပစ်မရပ်ရသေးတဲ့အဖွဲ့တွေကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားမယ်

အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၅ (မော်ကွန်း)

ရခိုင့်တပ်တော်(AA)ကလွဲပြီး အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခွင့်ရတယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ် နိုင်အောင်မငေးက ပြောတယ်။

အစိုးရကိုယ်စားလှယ်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စားလှယ် (NCA-S EAO) (၇) ကြိမ်မြောက် ညှိနိုင်းအစည်းအဝေးကို မနေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ ကျင်းပခဲ့ပြီး ဒီနေ့ အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောတာပါ။

“ အပစ်ရပ်စဲရေးမလုပ်ခဲ့သေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားဖို့ ပြောထားတယ်၊ ဒါကိုလည်း နိုင်ငံတော်က ဖိတ်ပေးပါမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ AA ကလွဲပြီး ဖိတ်ပေးပါမယ်လို့ ဒီနေ့အစည်းအ‌ဝေးမှာ တရားဝင်ပြောပါတယ်” လို့ နိုင်အောင်မငေးက ပြောတယ်။
ညီလာခံတက်ရောက်ခွင့်ရတဲ့အဖွဲ့တွေရဲ့ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ရမှာဖြစ်ပြီး ကိုယ်စားလှယ်တက်ရောက်ခွင့်ရှိမှာ မဟုတ်ဘူးလို့ သူက ပြောတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “လက်မှတ်မထိုးတဲ့အဖွဲ့တွေ ကျွန်တော်တို့ ခုနစ်ဖွဲ့ ဖိတ်မယ်၊ တချို့အဖွဲ့အစည်းတွေကြတော့ ဒီလိုဥပဒေအရ ဖိတ်ကြားဖို့ အကန့်အသတ်ရှိတယ်၊ ဒါမျိုးတွေကတော့ ကျွန်တော်တို့ ဖိတ်ကြားနိုင်မှာမဟုတ်ဘူး”လို့ ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိပ်အပိုင်း (၃) ကို ဆက်လက်ချုပ်ဆိုနိုင်ရေးတို့အတွက် အချက်အလက်တွေကို ညှိနိုင်းရာမှာ အပိုင်း( ၁ )အနေနဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက်ကိစ္စအတွက် စုစုပေါင်း (၁၄) ချက်ရရှိပြီး ဆက်လက်ဆွေးနွေးဖို့ တစ်ချက်ကျန်နေပါတယ်။

အပိုင်း( ၂ )အနေနဲ့ ၂၀၂ဝ အလွန်မှာ အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော်မှုကိစ္စအတွက် ဇယား (၁) အဆင်ပြေပြီး ဇယား ( ၂ ) ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပြီး အပိုင်း ( ၃ )အနေနဲ့တော့ လမ်းညွှန်မှုအခြေခံမူ သဘောတူညီချက်ကိစ္စအတွက် အချက် (၂) ချက် ရရှိပြီး ဆက်ဆွေးနွေးဖို့ (၅) ချက်ကျန်နေတယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက ပြောပါတယ်။

ပုံစာ – ၂၀၁၉ ခုနှစ် သြဂုတ်လက ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေတွေဆုံးဆွေးနွေးပွဲတွင် တက်ရောက်လာသည့် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခတို့အား တွေ့ရစဉ်။
ဓါတ်ပုံ – NRPC


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."