၂၀၁၅- ဖေဖော်ဝါရီထုတ် ၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၀)မှ အက်ဆေးဖြစ်သည်။
ဥသြ(ချယ်ရီမြေ) ရေးသည်။
လူခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်အစိတ်အပိုင်းက အရေး ကြီးဆုံးလဲလို့ စဉ်းစားမိတဲ့အခါ ပုံပြင်လေးတစ်ပုဒ်ကို သွားသတိ ရပါတယ်။
ရွာတစ်ရွာမှာ လူတစ်ယောက်က နေ့တိုင်း မုတ်ဆိတ်မွေး ကို ပွတ်ပြီး စဉ်းစားခန်းဝင်နေတတ်တယ်တဲ့။ ဒါနဲ့ သူ့ကို လူတွေက ပညာရှိလို့ ထင်ကြတာပေါ့လေ။ သူ့ကို အထင်ကြီးသွားတဲ့ သမီး ရှင်တစ်ယောက်က သူ့သမီးနဲ့ ပေးစားလိုက်ရောဆိုပါတော့။ အိမ် ထောင်ကျသွားပြီးတဲ့အခါမှာလည်း အဲဒီလူက မုတ်ဆိတ်မွေးတွေ ပွတ်နေတုန်းပဲတဲ့။ တစ်နေ့လာလည်း ဒီပုံစံ၊ နောက်တစ်နေ့လာ လည်း ဒီပုံစံဆိုတော့ ကြာတော့ ယောက္ခထီးက စိတ်မရှည်တော့ ပါဘူး။ လူလေးရယ်၊ မင်းကိုကြည့်ရတာ စိတ်ကူးအကြံအစည် ကောင်းတွေ ရှိနေတဲ့ပုံ ပေါ်တယ်၊ ဘာစိတ်ကူးတွေများ ရှိနေလဲ အဘကို ပြောစမ်းပါကွယ်လို့ မျှော်လင့်တကြီးနဲ့ ပြောလိုက်တဲ့ အခါ ဘသားချောက ကျွန်တော်စိတ်ကူးနေတယ်ဆိုတာ ဟုတ်ပါ တယ်လို့လည်း ပြောလိုက်ရော ယောက္ခထီးကြီးက ဟုတ်ပြီပေါ့။ ဘာများလဲကွယ်လို့လည်း ဝမ်းသာအားရမေးလိုက်တဲ့အခါ ဒီ မုတ်ဆိတ်မွေးတွေက ဆံပင်ရဲ့ အမြစ်တွေလား၊ နှုတ်ခမ်းမွေးရဲ့ အမြစ်တွေလားဆိုတာ စဉ်းစားနေတာပါလို့ ဆိုလိုက်တဲ့အခါမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ယောက္ခထီးခမျာ ပက်လက်ကို လန်ရှာပါလေရောတဲ့။ ကျွန်တော်လည်း အရေးမပါတာကို အရေးလုပ်ပြီး စဉ်းစားခန်းဝင်နေတဲ့သူ ဖြစ်နေပြီလားလို့ တွေးမိ ပါတယ်။
ကျွန်တော်ကတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်စိကို နံပါတ်တစ်ထားပါတယ်။ နံပါတ်နှစ်ကတော့ လက်ပေါ့။ မျက်စိက တော့ ရှင်းပါတယ်။ အလင်းဓာတ်ကို ဖမ်းယူနိုင်တဲ့ မျက်စိသာ မရှိ ရင် ဘယ်လောက်တောင်များ မှောင်မိုက်နေမှာပါလိမ့်။ ကျွန် တော် မျက်စိမရှိဘဲ နေဖို့ မစဉ်းစားဝံ့ပါဘူး။ အဲ…လက်ကတော့ ကျွန်တော့်စိတ်ကူးမှန်သမျှကို ပုံဖော်ပေးနိုင်တယ်လေ။ လက် အကြောင်း စိတ်ဝင်စားလွန်းလို့ အက်ဆေးတစ်ပုဒ်တောင် ရေးမိ ဖူးပါရဲ့။ အခုရေးချင်တာကတော့ အဲဒီလက်ထဲမှာမှ လက်ညှိုး လေးတစ်ချောင်းကို ရေးချင်တာပါ။ အခုတလော ကျွန်တော် လက်ညှိုးတွေအကြောင်း စဉ်းစားခန်းဖွင့်နေမိပါတယ်။
ရာဇဝင်ကို ပြန်ကြည့်ရင်တော့ လက်ညှိုးနဲ့ပတ်သက်တဲ့ ဖြစ်စဉ်တွေက အများကြီးပါပဲ။ အဇာတသတ်ရဲ့ ဖခင် ဗိမ္မိသာရ မင်းကြီးဆို သူ့သားအပေါ် ချစ်တဲ့အချစ်ကို လက်ညှိုးမှာ ပေါက် နေတဲ့ ပြည်တည်နာလေးကို ငုံပြီး သက်သေပြခဲ့ဖူူးပါတယ်။ အနာ ပေါက်သွားတဲ့အခါ အိပ်နေတဲ့ သား နိုးသွားမှာစိုးလို့ ပြည်တွေကို မျိုချခဲ့ပါတယ်။ ဒါကတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာမှာ လက်ညှိုးက ပါဝင်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဝမ်းနည်းစရာကောင်းတာက အဇာတသတ်က အဲဒီလိုချစ်ခြင်းမေတ္တာတွေနဲ့ မထိုက်တဲ့ သား မိုက်တစ်ယောက် ဖြစ်နေခဲ့တာပါပဲ။ အဲဒီထက်စောတာက အဂုၤ လိမာလနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်ပါ။ သိကြတဲ့အတိုင်း ဆရာက အထင်လွဲပြီး အကောက်ဉာဏ်နဲ့ ပေးတဲ့ အကြံအတိုင်း လူတွေရဲ့ လက်ညှိုးကို လိုက်ဖြတ်တဲ့ ဖြစ်စဉ်ကလည်း ဗုဒ္ဓဘာသာဝင်တွေ ကြားမှာ ထင်ရှားပါတယ်။ သူများလက်ညှိုးလိုက်ဖြတ်ရင်း သူ များသတ်တာ ခံရအောင်လို့ ကြံစည်ခဲ့ပေမယ့် ကံမပါလာခဲ့တဲ့ အင်္ဂုလိမာလက နောက်ဆုံးလက်ညှိုးအတွက် ဘုရားရှင်နောက် လိုက်ရင်း တရားဟောလို့ အကျွတ်တရား ရသွားပါတယ်။ ဒီတစ် ခါတော့ လက်ညှိုးက လူတွေရဲ့ သဘောသဘာဝကို ဖော်ညွှန်းပြ ဆိုခဲ့ပါတယ်။
နောက်ထပ်ထင်ရှားတဲ့ လက်ညှိုးကတော့ တရားစောင့်တဲ့ ရခိုင်ဘုရင်မင်းထီးရဲ့ လက်ညှိုးပါပဲ။ ဘုရင်မင်းထီးက သူ့နန်းတော် ထဲမှာ ကွမ်းစားပြီး နံရံတွေမှာ ထုံးတွေနဲ့ သုတ်လွန်းလို့ ဒီတစ်ခါ ထုံးနဲ့ သုတ်ပါက သုတ်တဲ့လက်ကို ဖြတ်မယ်ဆိုပြီး အမိန့်တော် ထုတ်ပါတယ်။ အဲ…သိပ်မကြာခင်မှာပဲ သူကိုယ်တိုင်မေ့လျော့ပြီး နန်းတော်ထဲက တိုင်တစ်တိုင်မှာ ထုံးနဲ့ သုတ်မိပါလေရော။ အဲဒါ ကို မှူးမတ်တစ်ယောက်က ရက်စွဲ၊ အချိန်နဲ့တကွ မှတ်သားထား လိုက်ပါတယ်တဲ့။ ညီလာခံဝင်လို့ ထုံးသုတ်ထားတဲ့ တိုင်ကို မြင်ပြီး မေးတဲ့အခါမှာ မှတ်ထားတဲ့ မှူးမတ်က ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်က ဘုရင်ကိုယ်တော်တိုင် သုတ်ထားတာပါလို့ ဖြေ လိုက်တဲ့အခါ…ရုပ်ရှင်ဇာတ်လမ်းထဲမှာဆိုရင်တော့ ဒါက ဇာတ် ထွတ်ပါပဲ။ ဇာတ်လမ်းရဲ့ အထွတ်အထိပ်ပေါ့။ အဲဒီနေရာမှာ ငါသာ ဆိုရင် ဘာလုပ်မလဲလို့ စဉ်းစားကြည့်ကြပါ။ အများစုရဲ့ အဖြေတွေ က သွားတူနေမယ်ထင်ပါရဲ့။ တရားစောင့်တဲ့ ဘုရင်မင်းထီးက ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံမရှိတော့ သူ့လက်ညှိုးကို သူကိုယ်တိုင် သန်လျက်နဲ့ ဖြတ်ပစ်လိုက်ပါတယ်။ အဲဒီဇာတ်လမ်း ကို ဖတ်ရတဲ့အခါ ဘုရင်မင်းထီးကို ဘယ်လိုကြည်ညိုမိမှန်း မသိ ပါဘူး။ ဒီနေ့ခေတ်မှာဆို ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်တောင် ဖြစ် နေမှာပါ။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့လူတွေ များနေတဲ့ခေတ်မှာ ဘုရင်မင်းထီးလို လူက ရှားမှရှားပါပဲ။ ဒီတစ် ခါ လက်ညှိုးကတော့ တရားစောင့်တဲ့ မင်းကောင်းမင်းမြတ်တစ် ပါးရဲ့ အမှတ်လက္ခဏာပေါ့။
တကယ်တော့ လက်ညှိုးဆိုတာက လက်မောင်းကနေ လက်သည်းအထိ လက်တစ်ခုလုံးမှာ သေးငယ်တဲ့ အစိတ်အပိုင်း လေးပါပဲ။ သူက လက်ချောင်းတွေထဲမှာ အလုပ်လုပ်ရဆုံးပါပဲ။ ပစ္စည်းတွေကို သယ်တဲ့အခါမှာလည်း သူပါပါတယ်။ သေနတ် မောင်းဖြုတ်တဲ့အခါမှာလည်း သူပါပါတယ်။ အကြွေးဇာတ်ကား ထဲက ဦးကျော်(ကျော်ဟိန်း)ရဲ့ ”လက်ညှိုးလေးကွေးတတ်ဖို့က ဆယ်နှစ် ဆယ်နှစ်”ဆိုတဲ့ စကားကို အမှတ်ရမိပါတယ်။ လက်သီး ထိုးတဲ့အခါမှာလည်း သူပါပါတယ်။ အလုပ်သာလုပ်ရပေမယ့် အဆောင်အယောင်ကျတော့ သူနဲ့ မဆိုင်ပါဘူး။ လက်စွပ်ဝတ်တဲ့ အခါ လက်ခလယ်၊ ဒါမှမဟုတ် လက်သူကြွယ်မှာသာ ဝတ်ဆင်ကြ ပါတယ်။ လက်ညှိုးမှာ ဝတ်တဲ့သူလည်း ရှိတော့ ရှိပါတယ်။ နည်း ပါတယ်။ အဲဒီအတွက်တော့ သူ့ကို လျှော့မတွက်သင့်ပါ။ လက် ချောင်းတွေထဲမှာတော့ သူက ပြောရေးဆိုခွင့်ရှိသူ အာဏာပိုင် တစ်ဦးပါ။ သူက တခြားသော လူတွေကိုတောင် ညွှန်ပြခိုင်းစေနိုင် ပါတယ်။ သူညွှန်ပြရင် ခန္ဓာကိုယ်ကြီးတစ်ခုလုံးတောင် လိုက်လုပ် ရပါတယ်။ အဲဒီလောက်အထိ စွမ်းပါတယ်။
အဲ…လူရွှင်တော်တွေ ပြက်ထားတဲ့ လက်ညှိုးအကြောင်း လေးလည်း သတိရမိပါတယ်။ လူရွှင်တော်တစ်ယောက်က လက် ညှိုးမှာဝတ်ထားတဲ့ လက်စွပ်အကြောင်း ကြွားပါတယ်။ သူက အပေါ်ကို လက်ညှိုးထိုးပြပါတယ်။ တခြားလူရွှင်တော်တွေက အပေါ်လိုက်ကြည့်ကြတာပေါ့လေ။ သူက အပေါ်ကို ထိုးရင် နတ် ပြည်အထိ ရောက်တယ်တဲ့။ ကျန်တဲ့ လူရွှင်တော်တွေက ဟုတ်လှ ချေလားပေါ့။ နောက်တစ်ခါ အောက်ကို ထိုးပြတယ်။ အောက်ကို ထိုးရင် ငရဲပြည်အထိ ရောက်ပြန်တယ်တဲ့။ ဟာ…မိုက်တယ်ကွာ ပေါ့။ နောက်ဆုံးမှာတော့ သူက မျက်နှာမူရာ အလယ်တည့်တည့် ကို ထိုးပြပါတယ်။ ကျန်တဲ့ လူရွှင်တော်တွေက မေးပါတယ်။ ဒီ တစ်ခါ ဘယ်အထိ ရောက်သလဲပေါ့။ အဲဒီအခါ သူက အပေါင်ဆိုင် ကို တန်းရောက်ပါတယ်တဲ့။ အတည်ပေါက်နဲ့ ပြက်ကြတာကြည့် ပြီး ကျွန်တော် ရယ်မောမိပါတယ်။ ဒီလိုကျတော့ လက်ညှိုးလေး က ရယ်မောခြင်းရသအတွက် ပူးပေါင်းပါဝင်သူပေါ့။
ကျွန်တော် ပြန်စဉ်းစားကြည့်တော့ ငယ်ငယ်တုန်းက နို့ဆီ တို့၊ သကြားတို့ကို လက်ညှိုးနဲ့ ကော်ပြီးစားပါတယ်။ အမေမသိ အောင်ပေါ့လေ။ အမေသိရင်တော့ ချောင်းဆိုးရင်ကျပ်မှာစိုးတဲ့ အတွက် ဆူပါတယ်။ ဈေးဆိုင်တွေရောက်တဲ့အခါမှာလည်း ဟို ဟာဝယ်ပေး၊ ဒီဟာဝယ်ပေးဆိုပြီး လက်ညှိုးသေးသေးလေးနဲ့ ပူ ဆာခဲ့ဖူးပါတယ်။ အဲ…စတိတ်ကျောင်းသားဘဝရောက်တော့ လက်ညှိုးရဲ့အသုံးက ပြောင်းသွားပါတယ်။ ဆရာမကို ခွင့်တိုင်ဖို့ အတွက် သုံးပါတယ်။ လက်ညှိုးလေးကို အပေါ်ထောင်ပြီး ခွင့်တိုင် တဲ့ သင်္ကေတအဖြစ် သုံးပါတယ်။
တစ်ခါတလေ ဆရာစာသင်နေတုန်း စကားပြောဖို့ သူငယ် ချင်းလက်မောင်းကို အသာတို့တဲ့အခါ မှာလည်း လက်ညှိုးလေး ကို သုံးပါတယ်။ ဒီထက်ကြီးလာတော့ ကျွန်တော်တို့မြို့ကို လာ လည်တဲ့ ဧည့်သည်တွေကို လိုက်ပို့ရင်း ဟိုနေရာက ဘာ၊ ဒီနေရာ က ဘာ စသဖြင့် လက်ညှိုးလေးနဲ့ ညွှန်ပြပြီး ဂိုက်လုပ်ရပါတယ်။ လက်ညှိုးက သူ့ချည်းသက်သက်တင် မဟုတ်ပါဘူး၊ တခြားလက် ချောင်းတွေနဲ့ တွဲပြီးလည်း အသုံးတော်ခံပါတယ်။ သူက လက် ခလယ်နဲ့တွဲပြီး ဗွီပုံစံထောင်ပြတဲ့အခါ မှာ ဏနခေန ဆိုတဲ့ အနက်ကို ဆောင်ပါတယ်။ ရည်းစားရတဲ့အခါ ကျတော့ ချစ်သူနှဖူးကို လက် ညှိုးလေးနဲ့ အသာတောက်ရင် ကလူကျီစယ်တဲ့အခါမှာလည်း လက်ညှိုးလေးက လက်မနဲ့ ပူးပေါင်းပြီး အသုံးတော်ခံပါတယ်။ အဲ…ချစ်သူက အလိုမကျလို့ ကိုယ့်ဗိုက်ခေါက်ကို လိမ်ဆွဲတဲ့အခါ မှာလည်း သူက မျှတစွာ ပြန် ပြီး အသုံးတော်ခံပြန်ပါတယ်။
တကယ်တော့ လက်ညှိုးလေးက အလုပ်အမျိုးမျိုးလုပ်နိုင် ပါတယ်။ ဇယ်တောက်တဲ့အခါမှာ သူချည်းသက်သက်ပဲ အသုံးပြု ရပါတယ်။ စာရေးတဲ့အခါမှာကျတော့ လက်မနဲ့ ပူးပေါင်းပြီး အသုံးတော်ခံပါတယ်။ လက်ညှိုးကို ထောင်ပြီး ‘မင်း ကြပ်ကြပ် သတိထား’လို့ ပြောနိုင်ပါတယ်။ လက်ညှိုးနဲ့ ထိုးပြီး လူတွေ ခိုင်း စေလို့ ရပါတယ်။ ဟိုဟာလုပ်စမ်း၊ ဒီဟာသယ်လာစမ်းစသဖြင့် ပေါ့လေ။ တစ်ခါတလေကျတော့ ရန်တွေ့တဲ့နေရာမှာလည်း လက်ညှိုးလေးက ဗီလိန်အဖြစ် အသုံးတော်ခံပါတယ်။ လက်ညှိုး ငေါက်ငေါက်ထိုးပြီး ပြောခံရတဲ့အခါ ပြောခံရတဲ့သူအတွက် စိတ် မသက်သာဖြစ်ရတဲ့အထိ လက်ညှိုးက ပြင်းထန်တဲ့ အစွမ်းရှိပါ တယ်။ လက်ညှိုးလေးက သူများအပြစ်ကို ညွှန်ပြတဲ့အခါမှာလည်း အသုံးဝင်ပါတယ်။ အဲဒါဘယ်သူ့ကြောင့်လဲ၊ သူ့ကြောင့်ပါ။ အဲဒါ ဘယ်သူ့အပြစ်လဲ၊ သူ့အပြစ်ပါ။ စသဖြင့်ပေါ့လေ။ အဲဒီကိစ္စက ဘယ်သူ့ကြောင့် အောင်မြင်တာလဲဆိုရင်တော့ လက်ညှိုးလေးကို မသုံးဖြစ်ကြတော့ပါဘူး။ အဲဒီအခါကျတော့ လက်ညှိုးလေးက မျက်နှာငယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်မပဲထောင်နေ ကြတဲ့အတွက်ပါ။
ငယ်ငယ်တုန်းက လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတဲ့ ပုံ ပြင်လေး နားထောင်ဖူးပါတယ်။ ကျွန်တော်ကတော့ လက်ညှိုး ညွှန်ရာ ရေမဖြစ်ချင်ပါဘူး။ ရွှေဖြစ်ချင်ပါတယ်။ အဲ…လက်ညှိုး ညွှန်ရာ ရွှေဖြစ်တဲ့ ဇာတ်လမ်းထဲကလိုတော့ မဖြစ်ချင်ပါဘူး။ အဲဒီ ဇာတ်လမ်းထဲမှာ လက်ညှိုးညွှန်ရာ ရွှေဖြစ်တဲ့အတွက် မေ့လျော့ ပြီး သူ့လက်ညှိုးနဲ့ ထိုးခံရတဲ့သူမှန်သမျှ ရွှေတုံးတွေ ဖြစ်သွားပြီး ဒုက္ခရောက်နေတဲ့လူတစ်ယောက်အကြောင်းပါ။ ပေါများခြင်းကို လည်း လက်ညှိုးနဲ့ ဖော်ညွှန်းကြပါတယ်။ ပုဂံမှာ စေတီပုထိုးတွေ ပေါများတာကို လက်ညှိုးထိုးမလွဲလို့ ဆိုကြပါတယ်။ တချို့က သူ များကို လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်ကို သုံးချောင်းပြန်ထိုး တယ်ဆိုပြီး ပြောကြပါတယ်။ အမှန်တကယ်က လက်ခလယ်၊ လက်သူကြွယ်နဲ့ လက်သန်းက ကိုယ့်ဘက် ပြန်လှည့်နေတာကို ပြောတာပါ။ လက်ချောင်းငါးချောင်းမှာတော့ လက်ညှိုးလေးက အများဆုံး အသုံးခံရသူပါပဲ။
တကယ်တော့ လူတစ်ယောက်ကို လက်ညှိုးနှစ်ချောင်းသာ ပိုင်ကြတယ်ဆိုပေမယ့် အများဆုံးအသုံးပြုကြတာက လက်ညှိုး တစ်ချောင်းပါပဲ။ လက်ညှိုးလေးက ပိုင်ရှင်တွေရဲ့ အဇ္ဈတ္တစိတ် သဏ္ဌန်ကိုလည်း ဖွင့်လှစ်ပြနိုင်ပါတယ်။ လက်ညှိုးတညွှန်ညွှန်နဲ့ နှမ်းဖြူးတဲ့သူဖြစ်ကြောင်းကို လက်ညှိုးလေးက ပြောပြနိုင်ပါ တယ်။ လက်ညှိုးတထိုးထိုးနဲ့ သူများကို အပြစ်ဖို့တတ်တဲ့သူဖြစ် ကြောင်းလည်း ဖော်ထုတ်ပြနိုင်ပါတယ်။ လက်ညှိုးငေါက်ငေါက်နဲ့ ရန်တွေ့တတ်တဲ့သူဖြစ်ကြောင်းလည်း ညွှန်ပြနိုင်ပါတယ်။
လက်ညှိုးတစ်ချောင်းကို သူတစ်ပါးအပြစ်ဖို့ဖို့၊ ချောက် တွန်းဖို့၊ အာဏာပြဖို့အတွက်သာ မသုံးကြစေချင်ပါ။ လက်ညှိုး လေးတစ်ချောင်းကြောင့် ဒုက္ခရောက်သူများ မရှိစေချင်သလို လက်ညှိုးလေးတစ်ချောင်းကြောင့် နိမ့်ကျသူများလည်း မဖြစ်စေ ချင်ပါ။ လက်ညှိုးညွှန်ရာ ရွှေဖြစ်အောင် မလုပ်နိုင်ကြပေမယ့် ရွှေ ထက်အဖိုးတန်တဲ့ လက်ညှိုးပိုင်ရှင်များဖြစ်အောင်တော့ လုပ်နိုင် ကြတာ သေချာပါတယ်။ လက်ညှိုးတစ်ချောင်းရဲ့ တန်ဖိုးကို ကျွန် တော်ကတော့ အများအတွက် ကောင်းကျိုးဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ သာ တိုင်းတာပါတယ်။
သင် ဘယ်လိုလက်ညှိုးပိုင်ရှင်လဲဆိုတာကို အချိန်မီစဉ်းစား ဖို့ လိုပါတယ်။ သင့်လက်ညှိုးလေးတစ်ချောင်းက တစ်ချိန်မှာ သင် သွားရမယ့်လမ်းရဲ့ မြေပုံညွှန်းလည်း ဖြစ်လာပါလိမ့်မယ်။ ။

