ပေါင်မုန့်

၂၀၁၅-ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉)မှ အက်ဆေး  ဖြစ်ပါသည်။

ဝေလင်း ရေးသည်။

ပေါင်မုန့်သည် ကျွန်တော့်ဘဝအတွက် မမေ့နိုင်သော အမှတ်အသားတစ်ခုလိုဖြစ်နေသည်။ ပေါင်မုန့်များကိုတွေ့လျှင် ကျွန်တော့်အဖေကို သတိရမိသည်။ အပြစ်ရှိသလိုလည်း ခံစားရသည်။ ဘယ်သောအခါမှ ပြန်လုပ်ပေး၍ မရနိုင်သော နောင်တတစ်ခုလည်းဖြစ်၏။ အကြောင်းမှာ ကွယ်လွန်သွားပြီဖြစ်သည့် ကျွန်တော့်အဖေ၏ ဆန္ဒတစ်ခုအား မဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်၏။

ကျွန်တော့်အဖေသည် ကျွန်တော် အသက် ၂၂ နှစ် အရွယ် တွင် ကွယ်လွန်သွားခဲ့သည်။ ကျွန်တော် အသက်ခြောက်နှစ် အရွယ်က စ၍ အဖေသည် ကျွန်တော်တို့မိသားစုနှင့်အတူ မနေ နိုင်တော့။ ရဲဝန်ထမ်းအဖြစ် ရန်ကုန်သို့ပြောင်းရွှေ့သွားရခြင်း ကြောင့် ဖြစ်သည်။ နွေရာသီကျောင်းပိတ်သည့်အချိန်ရောက်မှသာ ကျွန်တော်တို့မိသားစု ရန်ကုန်သို့အလည်လာပြီး အဖေ့ကို တွေ့ရသည်။ သို့မဟုတ်ပါက အဖေသည် ကျွန်တော်တို့ရှိရာသို့ နှစ်ရက်၊ သုံးရက်ခန့် အချိန်လုပြီး ပြန်လာတတ်သည်။

မိသားစု စုံစုံလင်လင်ဖြင့် နေထိုင်နိုင်ရန် အဖေရှိသော ရန် ကုန်သို့ ကျွန်တော်တို့ အပြီးပြောင်းရွှေ့ခဲ့ကြသည်။ သို့သော် သုံး နှစ်ကျော်သာ အတူနေလိုက်ရသည်။ ကျွန်တော့်အဖေ သေဆုံး သွားခဲ့၏။ လည်ချောင်းကင်ဆာဖြင့် သေဆုံးခဲ့ခြင်းဖြစ်၏။ ထိုစဉ် က အသံဝင်လာပြီး နောက်ဆုံး အသံမထွက်တောသည့်အထိဖြစ် လာခြင်းကြောင့် တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံသို့ တက်ခဲ့ရသည်။

ဆေးရုံသို့ ရောက်သောအခါ ဆရာဝန်တို့က ခွဲစိတ်ရန် အကြံပေးသည်။ လည်ပင်းအား ခွဲစိတ်ပြီး အသားစကို စစ်ဆေး ကြည့်မှသာ ဘာဖြစ်သည်ကို ပြောလို့ရမည်ဖြစ်ကြောင်း ဆရာဝန် က ရှင်းပြသည်။ ထို့ကြောင့် လည်ပင်းကိုခွဲစိတ်ရန် သဘောတူ လိုက်သည်။ လည်ပင်းကို ခွဲစိတ်လိုက်သည့်အတွက် ကျွန်တော့် အဖေလည်ပင်းတွင် အပေါက်ဖောက်ကာ စတီးပိုက်ချောင်း တစ် ခုတပ်လိုက်ရသည်။ ထိုအချိန်မှစ၍ ကျွန်တော့်အဖေသည် စကားမပြောနိုင်တော့။ စကားပြောသည့်အခါ လည်ချောင်းရှိ စတီးပိုက်ပေါက်မှ လေထွက်သွားသဖြင့် ပါးစပ်မှ အသံထွက် မလာတော့။

ထိုစတီးပိုက်ချောင်းသည် လက်သန်းအရွယ်ခန့်သာရှိပြီး လည်ချောင်းထဲသို့ အလိုက်သင့်ထည့်ထားနိုင်ရန် ကောက် ကောက်လေးလုပ်ထားသည်။ ယင်းစတီးပိုက်ကို လည်ပင်းတွင် ကြိုးဖြင့် ချည်ထားရ၏။ တစ်ခါက လည်ချောင်းရှိပိုက်ကို လက် ညှိုးဖြင့်ပိတ်ပြီး စကားပြောကြည့်ရာ အသံသည် ပါးစပ်မှ ဗလုံး ဗထွေးထွက်လာသည်။ သို့သော် လည်ချောင်းယားပြီး ချောင်းဆိုး သဖြင့် ဆက်မကြိုးစားတော့။ ထိုအချိန်သည် ကျွန်တော့်အဖေ၏ အသံကို နောက်ဆုံးကြားရခြင်း ဖြစ်လေ၏။

လည်ပင်းခွဲစိတ်ပြီး တစ်ပတ်လောက်ကြာပြီးနောက် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အမျိုးသားသူနာပြုတစ်ယောက် က ကျွန်တော့် အဖေလည်ချောင်းတွင် ကင်ဆာဖြစ်နေတာ ဖြစ် ကြောင်း ကျွန်တော့်ကို ခေါ်ပြောလေသည်။ ထိုနေ့သည် ကျွန် တော့်ဘဝအတွက် ပထမဆုံးအကြိမ် ဝမ်းအနည်းရဆုံးနေ့ ဖြစ်ခဲ့ သည်။ ကင်ဆာရောဂါသည် ဆေးမရှိ။ ကျွန်တော့်အဖေ အနှေးနှင့် အမြန်သေရတော့မည်ဆိုသော အတွေးသည် ကျွန်တော့်အား အတော်ပင်ငိုကြေးစေခဲ့သည်။

အဖေကိုယ်တိုင်လည်း သူ့တွင် ကင်ဆာဖြစ်နေကြောင်း သိ သွားခဲ့သည်။ သူသည် စိတ်ဓာတ်ကျသွားဟန်တူသည်။ ရက်ပိုင်း အတွင်း ခန္ဓာကိုယ် ချက်ချင်းပိန်ကျသွားလေ၏။ လည်ချောင်း တွင် ပိုက်တပ်ထားရခြင်းကြောင့်လည်း ထမင်းမစားနိုင်။ ဆန် ပြုတ်လောက်သာ သောက်ရသည်။

ကျွန်တော့်အဖေတွင် ကင်ဆာဖြစ်နေကြောင်း အဖြေသိရ သောအခါ ဆရာဝန်က အကြံနှစ်ခုပေးသည်။ ပထမတစ်ခုက လည်ချောင်းရှိ အသံအိုးကို ထုတ်ပစ်ရန်ဖြစ်သည်။ လတ်တလော အချိန်တွင် ကင်ဆာဆဲလ်များ ပျံ့နှံ့မှု မရှိသေးခြင်းကြောင့် ရောဂါ ပျောက်နိုင်သည့် အလားအလာပိုများကြောင်း ရှင်းပြသည်။ သို့သော် တစ်ဖက်တွင် တစ်သက်လုံးစကားပြောနိုင်တော့မည် မဟုတ်ဟု ဆိုသည်။

ဒုတိယတစ်ခုမှာ အသံအိုးကို မထုတ်ဘဲ ဓာတ်ရောင်ခြည် ကင်ခြင်းဖြစ်သည်။ ယင်းသို့လုပ်ခြင်းသည် ရောဂါပြန့်ပွားမှု မဖြစ် စေရန် ယာယီထိန်းပေးထားသည့် သဘောဖြစ်သလို ရောဂါသေး ငယ်ပါကလည်း ဓာတ်ရောင်ခြည်ကင်ရုံဖြင့် ပျောက်ကင်းသွားနိုင် သည့် အလားအလာများရှိကြောင်း အကြံပေးလေသည်။

ပထမအကြံပြုချက်တွင် တစ်သက်လုံးစကားမပြောနိုင်ဆို သော အချက်တစ်ခုတည်းဖြင့် ထိုအကြံကို ငြင်းပယ်လိုက်သည်။ ဒုတိယအကြံပြုချက်ကိုသာ ပိုမိုလုပ်လိုကြသည်။ ဓာတ်ရောင် ခြည်ကင်မည်ဆိုပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရမည် ဖြစ်သည်။ ယင်းသို့ဆုံးဖြတ်ပြီး နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံမှဆင်းကာ အိမ်သို့ပြန်လာခဲ့သည်။

အိမ်သို့ရောက်သောအခါ ကျွန်တော်တို့သည် ရန်ကုန်ပြည် သူ့ဆေးရုံကြီးသို့သွားပြီး ဓာတ်ရောင်ခြည် မကင်လိုတော့။ မြန် မာဆေးဝါးနှင့်သာ ကုသမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ကျွန် တော်တို့၏ မိတ်ဆွေတချို့က မြန်မာဆေးဖြင့် ကုသရန် အကြံပေး သည်။ မြန်မာဆေးဖြင့် ကုသ၍ ပျောက်ကင်းသွားသည့်သူများရှိ သည်ဟု ဆိုသည်။ ကျွန်တော့်အဖေကိုယ်တိုင်ကလည်း မြန်မာ ဆေးဖြင့် ကုသလိုသည်။ ဆေးရုံသို့ မသွားချင်တော့။

ပဲခူး၊ ဥဿာမြို့သစ်ရှိ ဘုန်းကြီးတစ်ပါးဆိုလျှင် ကင်ဆာ ရောဂါသည်များစွာကို ကုသပေးလျက်ရှိကြောင်း၊ ၎င်းင်း၏ ဆွေမျိုး တစ်ဦးတွင် ဖြစ်နေသည့် ကင်ဆာရောဂါသည်ပင် ဘုန်းကြီးက ကုသပေး၍ ပျောက်ကင်းသွားပြီဖြစ်ကြောင်း အိမ်နီးချင်းမိတ် ဆွေတစ်ဦးက ဆိုလေသည်။ ထ့ိုပြင် ဓာတ်ရောင်ခြည်ကင်ဖို့ အတွက်ကိုလည်း သူတို့က လုံး၀ အားမပေး။

တကယ်တမ်းတွင် မြန်မာဆေးဝါးဖြင့် ကုသမည်ဟုဆို သော်လည်း ကျွန်တော်တို့သည် မြန်မာသမားတော်ဖြင့် ကုသခဲ့ ခြင်းတော့ မဟုတ်။ မိတ်ဆွေများ အကြံပြုကြသည့်အတိုင်း ကောင်းနိုးရာရာသာ လိုက်လုပ်ခဲ့သည်။ ယင်းသို့လုပ်ခြင်းသည် ဆေးရုံသို့ မသွားလိုခြင်း၊ ဓာတ်ရောင်ခြည် မကင်လိုခြင်းကြောင့်သာ ဖြစ်သည်။ ကျွန်တော့်အဖေကိုယ်တိုင်လည်း ဆေးရုံသို့ မသွားချင်။

ထိုစဉ်က အိမ်တွင် ကျွန်တော့် အစ်ကိုတစ်ဦးတည်းသာ အလုပ်လုပ်သည်။ ယခင်ကတော့ အဖေက အဓိက ငွေရှာသူဖြစ် သည်။ ယခု သူကျန်းမာရေး မကောင်းဖြစ်သောအခါ မိသားစု အိမ်သုံးစရိတ်က အခက်တွေ့ရသည်။ ကျွန်တော့် အစ်ကိုရသည့် လစာမှာ အိမ်မီးဖိုချောင်သုံးဖို့အတွက်ပင် မလောက်င။ လိုအပ် သည့်ဆေးဖိုးအတွက်က ကြုံသလိုရှာရသည်။ မိတ်ဆွေတချို့က လည်း လိုအပ်သည့် ဆေးဝါးကုန်ကျစရိတ်များအတွက် ကူညီပေး ကြသည်။

ထိုအတောအတွင်း ကျွန်တော်သည် ရန်ကုန်မြို့၊ ဆိပ် ကမ်းသာလမ်းရှိ သင်တန်းကျောင်းတစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့ သည်။ တစ်လလျှင် လစာ ၆,၀၀၀ ကျပ်ရသည်။ ထိုသင်တန်း  ကျောင်းတွင် နေရသည်။ အိမ်ပြန်လို့မရ။ ထိုအချိန်က တယ်လီ ဖုန်းများ ယခုလို မပေါသေး။ ထို့ကြောင့် ကျွန်တော့်အစ်ကိုနှင့် တွေ့မှသာ အိမ်အကြောင်းကို မေးရသည်။ သူနှင့်လည်း ပုံမှန် တော့ မတွေ့ဖြစ်။ တစ်ရက်တွင် အမေသည် ကျွန်တော့်ကို အိမ်သို့ အမြန်ပြန်လာရန် ဖုန်းလှမ်းဆက်သည်။

အလုပ်ရှင်ထံခွင့်တောင်းပြီး အိမ်သို့ ချက်ချင်းပြန်သွားခဲ့ သည်။ ကျွန်တော် အိမ်သို့ပြန်ရောက်သွားသောအခါ အိမ်တွင် ဘယ်သူမှ မရှိ။ အိမ်နီးချင်းတစ်ဦးက  ကျွန်တော့် အဖေနှင့် အမေ သည် ဆေးခန်းသွားသည်ဟုဆိုသောကြောင့် ကျွန်တော်နောက်မှ လိုက်သွားသည်။

လမ်းထိပ်အရောက်တွင် ဆိုက်ကားတစ်စီးဖြင့် ပြန်လာ သော အဖေနှင့် အမေကိုတွေ့လိုက်ရသည်။ အဖေက ဆိုက်ကား ပေါ်က ဖြစ်ပြီး အမေက ဆိုက်ကားဘေးမှ လမ်းလျှောက်လိုက်လာ သည်။ ဆိုက်ကားသမားကိုယ်တိုင်လည်း ဆိုက်ကားကို မနင်းဘဲ တွန်း၍လာသည်။ ပိန်လှီနေသော အဖေ့ကိုမြင်လိုက်ရ၍ ကျွန် တော် အံ့သြသွားသည်။ အဖေသည် ယခင်ကထက် များစွာ ပိန် နေသည်။ အသားအရေခြောက်ကပ်ကာ ဆံပင်များလည်း ကျွတ်ထားသည်။ နားထင်အရိုးများပင် ငေါထွက်၍နေလေသည်။

အဖေသည် ကျွန်တော့်ကို မတွေ့တာကြာပြီဖြစ်သည့်တိုင် သူရှေ့လျှောက်လာနေသည့် ကျွန်တော့်အား မမြင်သည့်အလား သူ့မျက်နှာတွင် ဘာအမူအရာမှ မပြ။ ကျွန်တော်က ပြုံးပြသည့် တိုင် သူက မည်သို့မျှမတုံ့ပြန်။

တကယ်တော့ အဖေသည် ကျွန်တော်တို့ကို ချစ်သည်။ ဂရု စိုက်သည်။ အားကိုးသည်။ ကျွန်တော်တို့အိမ်မှာ မရှိလျှင် သူ လိုက်ရှာနေတတ်သည်။ ယခုလည်း ကျွန်တော်ပြန်လာတာကို မြင်ရလျှင် သူဝမ်းသာလိမ့်မည်ဟု ထင်ထားခဲ့ရာ လက်တွေ့တွင် ထိုသို့ဖြစ်မလာခဲ့ပေ။ ကျွန်တော့်စိတ်ထဲ အပြစ်ရှိသူတစ်ယောက် လို ခံစားလိုက်ရ၏။ စိတ်ထဲလည်း အတော်ပင် အားငယ်သွား သည်။ “ငါ့ကို အဖေစိတ်ဆိုးနေတာများလား”လို့လည်း တွေးမိသည်။

ထို့ကြောင့် ကျွန်တော်သည် ဘာမှ မပြောတော့ဘဲ ဆိုက် ကားနောက်မှ လိုက်လာခဲ့သည်။ အိမ်ရောက်သည်အထိ ဘာ စကားမျှ မပြောဖြစ်။ အိမ်ရောက်လျှင် အမေနှင့် ကျွန်တော်က အဖေ့ကို တွဲကူပေးကာ ဆိုက်ကားပေါ်မှ ချရသည်။ အဖေသည် အိမ်ထဲသို့ တဖြည်းဖြည်း လျှောက်သွားပြီး ပက်လက်ကုလားထိုင် ပေါ်တွင် စိတ်လွတ်ကိုယ်လွတ် ထိုင်ချလိုက်သည်။ သက်ပြင်း အရှည်ကြီးလည်း ချလိုက်သည်။ တော်တော်ပင်ပန်းသွားဟန်တူ ၏။ စောစောက ချောင်းအရမ်းဆိုးပြီး သွေးများ ပါလာသဖြင့် ဆေးခန်းသို့ သွားပြခဲ့ခြင်းဖြစ်သည်။

ကျွန်တော် သူ့ရှေ့တွင် ရပ်ပြီး “အဖေ သက်သာလား”ဟု မေးလိုက်ရာ မျက်လုံးနှစ်ဖက်ကို မှိတ်ထားလျက် ခေါင်းညိတ် ပြန်ဖြေသည်။ ပြီးလျှင် ခုံပေါ်တင်ထားသော လယ်ဂျာစာအုပ်နှင့် ဘောလ်ပင်ကို ယူပေးရန် ကျွန်တော့်အား ခြေဟန်လက်ဟန်ဖြင့် ပြောသည်။ ထိုစာအုပ်သည် သူပြောစရာရှိလျှင် ရေးပြသော စာအုပ်ပင်ဖြစ်သည်။

သူသည် အမြင်အာရုံစုစည်းသည့်အနေဖြင့် မျက်လုံးနှစ် ဖက်ကို မှေးကာ စာအုပ်ကို ငုံ့ကြည့်လိုက်သည်။ ပြီးတော့ စာရေး ဖို့လုပ်သည်။ အဖေ ပြုံးနေသည်။ ထို့ကြောင့် အဖေသည် စိတ်ဆိုး နေခြင်းတော့ မဟုတ်။ ဘာများရေးလေမလဲဆိုသော သိလိုစိတ် ဖြင့် ကျွန်တော်က သူ့ဘေးမှ ရပ်ကြည့်လိုက်သည်။ ““အဖေ ပေါင် မုန့်ကို ကော်ဖီနဲ့ တို့စားချင်တယ်””ဟု ရေးကာ ကျွန်တော့်ကို မော့ ကြည့်လျက် ပြုံးပြသည်။ ပြီးလျှင် ဘောလ်ပင်ဖြင့် ရေးထားသည့် စာသားပေါ်ထောက်ပြသည်။

ကျွန်တော် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ ပေါင် မုန့်နှင့် ကော်ဖီဝယ်နိုင်လောက်အောင် ကျွန်တော့်တွင် ပိုက်ဆံ မရှိ။ မြို့ထဲသို့ပြန်ရန် လမ်းစရိတ် ကျပ် ၃၀၀ လောက်သာ ပါသည်။ ထို့ကြောင့် “သားနောက်တစ်ခေါက် ပြန်လာရင် ပေါင်မုန့်ဝယ်ခဲ့ မယ်”ဟုသာ ပြန်ဖြေလိုက်သည်။ အဖေသည် ခေါင်းကို တဆတ် ဆတ်ညိတ်ကာ လက်မကိုထောင်ပြသည်။ ထိုပုံရိပ်သည် ယနေ့ အထိ မျက်လုံးထဲက မထွက်။

ကျွန်တော် အိမ်မှ ပြန်လာပြီးသည့်နောက် တော်တော်နှင့် အိမ်သို့ပြန်မရောက်ဖြစ်တော့ပါ။ ရန်ကုန်မြို့ထဲတွင် သွားရင်း၊ လာရင်း ပေါင်မုန့်များကို တွေ့ပါသည်။ ဆူးလေဘုရားအနီး ဗိုလ် ဆွန်ပက်လမ်းနှင့် ၃၁ လမ်းကြား မဟာဗန္ဓုလလမ်းမဘေး ပလက် ဖောင်းတွင် ပေါင်မုန့်ရောင်းသည့် လမ်းဘေးဆိုင်လေး တစ်ဆိုင်ရှိ သည်။ ပေါင်မုန့်ရောင်းသူသည် ပေါင်မုန့်၏ အပေါ် မျက်နှာပြင်အခွံ ကို ဆီများဖြင့် သုတ်လိမ်းထားသည်မှာ စားချင်စရာပင်။ ကျွန် တော်သည် အဖေ့အတွက် ဝယ်ပေးဖို့ စဉ်းစားမိခဲ့သေးသည်။ သို့သော် အလုပ်မှ အိမ်သို့ပြန်ရန် အခွင့်မသာသောကြောင့် မဝယ်ဖြစ်ခဲ့။

ကျွန်တော် အိမ်မှပြန်လာပြီး နှစ်ပတ်လောက်အကြာတွင် အဖေသည် ဘာမှမစားနိုင်တော့။ လည်ပင်း၏ ညာဘက်တွင် အနာဖြစ်ကာ အပေါက်တစ်ခု ပေါက်သွားသည်။ ပါးစပ်မှ စား လိုက်လျှင် ထိုအနာပေါက်မှ အစာတချို့ထွက်လာသည်။ နောက် ဆုံး ဝမ်းဗိုက်တွင် အပေါက်ဖောက်ကာ အစာများကို ပိုက်မှတစ် ဆင့် ထည့်ပေးရသည်။ ပါးစပ်မှ လုံးဝမစားနိုင်တော့။ ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက်ပြီး နှစ်လခန့်အကြာတွင် အဖေဆုံး သွားလေသည်။

သူဝေဒနာခံစားနေရသည့်အချိန်တွင် ကျွန်တော်တို့သည် တတ်နိုင်သမျှ၊ ရှိသမျှလောက်နှင့် ကြိုးစားကုသသည်။ ပြောရ လျှင် တစ်ရက် လိုအပ်သည့်ဆေးဖိုးကို တစ်ရက်ရှာဖွေ ချေးငှား၊ ရှိတာရောင်းချပြီး ကုသခဲ့ရသည်။ ကျွန်တော်တို့သည် အဖေ့ကို တတ်နိုင်သမျှ စိတ်ချမ်းသာအောင်ထားသည်။ အဖေကိုယ်တိုင် ကလည်း ဝေဒနာကို ကျိတ်ခံခဲ့သည်။ ကျွန်တော်တို့ စိတ်ညစ်စေ မည့်ကိစ္စမျိုး မဖြစ်စေရန် တတ်နိုင်သလောက် နေသွားခဲ့သည်။ ကျွန်တော်တို့ မလုပ်ပေးနိုင်သည့် ကိစ္စအတွက် အတင်းမတောင်း ဆို။ ထိုသို့ သေသည်အထိ ကျွန်တော်တို့ကို တတ်နိုင်သလောက် စိတ်မဆင်းရဲရအောင် နေပေးသွားသည့် အဖေ့ကို သူစားချင် သည့် ပေါင်မုန့် ဝယ်မကျွေးလိုက်ရပါလားဟုတွေးမိတိုင်း ကျွန် တော် အလွန်တရာမှ စိတ်ထိခိုက်ရလေ၏။ ထိုနေ့က ပေါင်မုန့်စား ချင်သော ကျွန်တော့်အဖေ၏ မျက်နှာကို ယနေ့အထိ မမေ့။

ကျွန်တော့်အဖေအတွက် တတ်နိုင်သလောက် ကုသပြုစုခဲ့ ရခြင်းအတွက် စိတ်ထဲတွင် ကျေနပ်မှုရှိခဲ့သော်လည်း သူစားချင်ခဲ့ သည့် ပေါင်မုန့်အား ဝယ်မကျွေးနိုင်ခဲ့ခြင်းက ကျွန်တော့်အတွက် သေရာပါ အမှတ်တရလိုဖြစ်ကျန်နေခဲ့သည်။ သူသည် ကျွန်တော် တို့ လူလားမြောက်လာဖို့အတွက် ရှာဖွေကျွေးမွေးခဲ့သည်။ သို့ သော် ကျွန်တော်က သူ့ကို ပေါင်မုန့်တစ်လုံးပင် ဝယ်မကျွေးနိုင်ခဲ့။ ယင်းအတွက် နောင်တရသည်။ အပြစ်ရှိသလိုလည်း ခံစားရ သည်။ ယင်းခံစားမှုသည် ပေါင်မုန့်ကို တွေ့ရတိုင်း၊ ပေါင်မုန့်ဆို သည့် အသံကြားရတိုင်း ကျွန်တော် ခံစားရသည့် ဝေဒနာတစ်ခု ပင် ဖြစ်လေ၏။

[  ပြီးပါပြီ။ ]

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."