၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Editorial ဖြစ်ပါသည်။
ယခုတလော နိုင်ငံရေးစင်မြင့်ထက်၌ လူအများ စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အရေးကိစ္စများထဲတွင် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားနေကြသည့် ကိစ္စသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
ဇန်နဝါရီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုတင်သွင်းခြင်းကို တပ်မတော်သား ကိုယ် စားလှယ်များက မတ်တတ်ရပ်၍ ဆန့်ကျင်ကြသည့် အခိုက်အတန့်သည် ယင်းအစည်းအဝေးကို ရုပ်မြင်သံကြားမှ တစ်ဆင့် စောင့်ကြည့် နေကြသည့် ပြည်သူများအတွက် သည်းတထိတ်ထိတ် ရင်တဖိုဖိုဖြစ်ကြရသည်။
လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ၎င်းတို့ဘက်က ကန့်ကွက်ရခြင်းမှာ ကော်မတီဖွဲ့စည်းရေး အဆိုသည် လုပ်ထုံးလုပ်နည်းနှင့် မညီသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့်မူအခြေခံဥပဒေပြင်ဆင်ရေးကို သဘောတူပါကြောင်း ပြောဆိုသွားခဲ့သည်။
ဤနေရာတွင် အထူးစိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခိုင်ခိုင်မာမာဖက်တွယ်ထားသော တပ်မတော်ဘက်က မည်မျှလိုက်လျော၊ ပူးပေါင်းပေးနိုင်မည်နည်းဆိုသောအချက်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော်ဘက် မှ တုံ့ပြန်မှုသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေသော တပ်မတော်နှင့် ရင်ကြားစေ့ရေးလုပ် ငန်းစဉ် မည်မျှအထမြောက်အောင်မြင်သနည်းဆိုသောအချက်ကို မီးမောင်းထိုးပြရာလည်း ရောက်ပါလိမ့်မည်။
တပ်မတော်အစိုးရလက်ထက် နှစ်ပေါင်းများစွာ အချိန်ယူရေးဆွဲ၊ ပြဋ္ဌာန်းခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမို ကရေစီစံနှုန်းများနှင့် ဆန့်ကျင်သည့်အချက်များ၊ တိုင်းပြည်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသည့် အချက်များ ပါဝင်နေသောကြောင့် အမြန်ဆုံးပြင်ဆင်ရန် လိုအပ်နေသည့် တစ်မျိုးသားလုံးနှင့်ဆိုင်သည့်ကိစ္စဖြစ်ရာ တပ်မတော်ဘက်မှ အမှန် တကယ် ပြင်ဆင်ပေးလိုသည့် သဘောထားမျိုးဖြင့် ပူးပေါင်းပါဝင်ရန် လွန်စွာ အရေးကြီးပါသည်။
ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ရုတ်တရက်လွှဲပြောင်းပေးခဲ့ခြင်းဖြင့် နိုင်ငံရေးလေ့လာသူများကိုအံ့အားသင့်စေခဲ့သည့် တပ်မတော် သည် အခြေခံဥပဒေပြင်ဆင်ရေးတွင်လည်း မည်သို့သော အံ့အားသင့်ဖွယ်ပူးပေါင်းမှုမျိုး လုပ်ဆောင်နိုင်မလဲဆိုသည်ကို ပြည်သူများက စောင့်မျှော်နေကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာဆာသောင်းကျန်းသူများကို ရှင်းလင်းနှိမ်နင်းစဉ်က လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ရေး လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာကတပ်မတော်ကို တံဆိပ်အမျိုးမျိုးကပ်ကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ ဆင့်ခေါ်ရန် အထိပင် လှုပ်ရှားစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ဂုဏ်သိက္ခာကို အပွန်းအပဲ့ခံ ကာကွယ်ပေးခဲ့သည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်ဘက်မှ အထိုက်အလျောက် လိုက်လျောကောင်း၊ လိုက်လျောပေးနိုင်လိမ့်မည်ဟုအချို့ကမျှော်လင့်ထားကြသည်။
ကျွနု်ပ်တို့အနေနှင့်မူ တပ်မတော်ကိုတိုက်တွန်းလိုသည်မှာ အရပ်သားအစိုးရနှင့်အပြည့်အဝပူးပေါင်းကာ အခြေခံဥပဒေကိုကြည်ကြည်ဖြူဖြူ ပြင်ဆင်ပေးခြင်းဖြင့် ဆယ်စုနှစ်များစွာ စွန်းပေညစ်နွမ်းခဲ့သော တပ်မတော်၏ ဂုဏ်သိက္ခာကို လျှော်ဖွပ်သန့်စင်ပစ် သင့်သည်ဟူသောအချက်ပင်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဒုက်္ခနွံတောထဲ နစ်မွန်းနေသော တိုင်းပြည်ကို “အစစ်အမှန် ကယ် တင်ပြရန်” တပ်မတော်ကို ကျွန်ုပ်တို့မော်ကွန်းက တိုက်တွန်းလိုပါသည်။
မော်ကွန်းအယ်ဒီတာအဖွဲ့

