အုတ်တံတိုင်းကာရံထားသည့်ကြားမှ မြင်တွေ့မြင်ရသည့် ပုဂံဟိုတယ်အတွင်းမှ ဘုရားတစ်ဆူ
Photo : Than Htike
၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။
စေတီတစ်ဆူမြေမြှုပ်ခံရခြင်း
ပုဂံမြို့ဟောင်းထဲတွင် ဘောလုံးကွင်းတစ်ကွင်းစာထက်ပင် ကျယ်ဝန်းသည့်
ခြံတစ်ခြံရှိသည်။ ယင်းခြံသည် ဗူးဘုရားမှ ပုဂံမြို့သစ်သို့သွားသောလမ်းမကြီးဘေးတွင်ရှိသည်။ ထိုခြံကို ဒေသခံ များကတော့ အသောကခြံဟုခေါ်သည်။
၁၉၉၀ ခုနှစ်မတိုင်ခင်က ဤနေရာများသည် လူနေရပ် ကွက်များဖြစ်သည်။ မြို့ဟောင်းမှ လူများရွှေ့ ပြောင်းလိုက်ချိန် တွင်တော့ အဆိုပါနေရာသည် တစ်စုံတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားသည်။ (ပိုင်ရှင်ကို စုံစမ်းမရသေးပါ) မှန်ချို၊ ကျောင်းမှော်နှင့် ပြည်စုဟူသောရပ်ကွက်များသည် အသောက ခြံဟူသော အမည်ဖြစ်သွားသည်။
ခြံထဲတွင် အနုမြူကပ်ကျော်ဘုရားဟူသော ကိုးတောင် ပြည့်စေတီလေးတစ်ဆူရှိသည်။ ထိုစေတီကို ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်နိုင်ငံရှိမြို့ကြီးများကို အမေရိကန်နိုင်ငံက အနု မြူဗုံးကျဲလိုက်သည့်အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ယင်းကပ် များကိုကျော်နိုင်စေရန် ရည်ရွယ်၍ ဘုန်းကြီးတစ်ပါးက ဧရာဝတီ မြစ်ကမ်းနားတွင် တည်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းဘုရားသည် ဗိသုကာနှင့် သမိုင်းအားဖြင့်မကြီးကျယ် သော်လည်း တည်ထားပုံအားဖြင့်တော့ ထူးခြားနေသည်။ အဆို ပါရပ်ကွက်များသည် ကျောက်ဆွယ် ကျောက်တန်းများဖြင့် ပြည့် နေပြီး ယင်းစေတီကို ယင်းကျောက်ဆွယ်ကျောက်တန်းများ အတွင်း ကျောက်တုံးကြီးတစ်တုံးပေါ်တွင် တည်ထားခဲ့ခြင်းဖြစ်သည်။
အနုမြူကပ်ကျော်ဘုရားဟု ဆိုင်းဘုတ်တပ်ထားသော ခြံ ဝင်းထဲသို့ ကျွန်တော်ရောက်သည့်အချိန်တွင်တော့ ဆောက်လက် စတန်းလန်း အဆောက်အအုံတို့ကို တွေ့နေရသည်။ ယင်း အဆောက်အအုံတို့သည် ချုံနွယ်များဖြင့်ဖုံးလွှမ်းနေသည်။
ခြံစောင့်အဖြစ်ထားသော အဘိုးကြီး၊ အဘွားကြီး လင် မယားသည် ဖုန်အလိမ်းလိမ်းနှင့် အိမ်မကြီးထဲတွင် ထမင်းချက် နေသည်။ ၎င်းင်းတို့သည် ဤနေရာသို့လာရောက်၍ ခြံစောင့်လုပ်နေ သည်မှာ ဆယ်နှစ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ သို့သော် ၎င်းင်းခြံကို မည်သူမည်ဝါပိုင်မှန်းလည်းမသိ။ ညောင်ဦးမြို့ပေါ်မှ လူတစ် ယောက်ထံမှသာ နှစ်ယောက်အတွက် တစ်လလျှင် လစာ ၅၅,၀၀၀ ကျပ် ပုံမှန်ထုတ်ကာ နေထိုင်ခဲ့သည်။
ကျွန်တော့်ကို ယင်းခြံထဲသို့လေ့လာရန် ခေါ်လာသူကတော့ ယခုခြံနေရာတွင်နေထိုင်သွားသည့် ဦးသံလုံးဖြစ်သည်။ ဦးသံလုံး ပင်လျှင် ယင်းနေရာသို့ ပြန်လည်မရောက်သည်မှာ နှစ်ပေါင်းများ စွာကြာခဲ့လေပြီ။ ခြံစောင့်အဘွားအိုက ကျွန်တော်နှင့် ဦးသံလုံး ကို အနုမြူကပ်ကျော်ဘုရားဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။ ခြံစောင့်အဘိုးအို၏ နားတို့က ထုံစပြုနေပြီဖြစ်သဖြင့် ယင်းခြံ အကြောင်းကို အသံကျယ်လောင်စွာ ပြောနေရသည်။
ခြံစောင့်အဘွားအို၏ မျက်စိတို့က မှုန်စပြုနေပြီဖြစ်သဖြင့် နဖူးပေါ်တွင် လက်ကလေးအုပ်ကာ စမ်းတဝါးဝါး လျှောက်ရင်း လမ်းပြနေသည်။ စကားတပြောပြောနှင့် လျှောက်လာစဉ် စေတီ လေးကို မြင်လိုက်ချိန်မှာတော့ ဦးသံလုံး၏ အသံတို့က ဝမ်းနည်း ခြင်းကြောင့် တုန်စပြုလေပြီ။
“ဒီဘုရားဆိုဘယ်လောက်ရင်နာဖို့ကောင်းလဲ လူလေးရဲ့။မြေကြီးထဲကိုရောက်သွားတာ” ဟု လှိုက်သံကြီးဖြင့် ပြောလေသည်။
ကျွန်တော်ရှေ့တွင်မြင်နေရသည်က ကျောက်ဆွယ်တစ်ခုပေါ်တွင်တည်ထားသည့် ရွှေဆေးသုတ်ထားသည် စေတီငယ် လေး။ ၎င်းင်းစေတီ၏ထီးပင်လျှင် မြေကြီးနှင့် ပြင်ညီလုနီးပါး ဖြစ်နေပြီး ကျင်းတစ်ခုထဲသို့ စေတီအဆူလိုက် ပြုတ်ကျထားသည့် နှယ် ဖြစ်နေသည်။
မြို့ဟောင်းပြောင်းရွှေ့သွားပြီးနောက် အစိုးရထံမှ ယင်း ခြံကို ဝယ်ယူလိုက်သူတို့သည် ကမ်းနားတစ်လျှောက် လူတစ်ရပ် သာသာမြင့်သည့် ကျောက်ထရံကြီးကိုကာလိုက်ပြီးနောက် ကွက် လပ်ဖြစ်နေသည့်အပိုင်းကိုတော့ မြစ်ထဲက သဲများကို စုပ်တင်၍ ဖို့ခဲ့ကြသည်။ သဲဖို့ခဲ့စဉ်တွင် ၎င်းင်းစေတီကိုပါ ရော၍ ဖို့ခဲ့ကြသည်။
ယင်းစေတီအားတည်သည့် ဘုန်းကြီး၏ဆွေမျိုးများ လိုက် လာပြီး ရှာဖွေတူးဖော်ထားခြင်းကြောင့် ယခုကဲ့သို့မြင်နေရခြင်း ဖြစ်ကြောင်း ခြံစောင့်အဘွားအိုက ပြောပြသည်။
ယင်းဖြစ်စဉ်သည် ညောင်ဦးမြို့နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးအောင်ကျော်နိုင်လက်ထက်တွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ကမ်းပြိုမည်စိုးသောကြောင့် ၎င်းင်းတို့ထံ သို့လာ၍ မြေထိန်း နံရံတည်ဆောက်ခွင့်တောင်းသဖြင့် ခွင့်ပြုလိုက်ရာ ၎င်းင်းတို့ပိုင် နက်ကိုပင်ကျော်၍ ဘုရားနေရာအထိကာယူကာ ဘုရားကိုပါ မြေဖို့လိုက်ကြောင်းပြောသည်။
“အဲဒါကအောက်မှာ ဘုရားပါသွားတယ်လေ။ ကျွန်တော် လည်းစိတ်မကောင်းဘူး။ ပထမ ကျွန်တော်တို့ဆီ ခွင့်ပြုမိန့် တောင်းတုန်းက အဲဒါမပါဘူးဗျ”ဟု ဦးအောင်ကျော်နိုင်က ပြောသည်။
ယခင်မြို့ဟောင်းမပြောင်းခင်ကဆိုလျှင် ကျောက်ဆွယ် ကျောက်တန်းများရှိသော ယင်းနေရာသို့ နိုင်ငံခြားသားများ လာ ရောက်လေ့လာကြပြီး နေဝင်ချိန်ကိုလည်းဘုရားတည်ထား သည့်ကျောက်တုံးကြီးပေါ်မှ လာကြည့်လေ့ရှိသည်။ သို့သော် ယခု အချိန်တွင်တော့ သဲများဖို့လိုက်သဖြင့် ကျောက်ဆွယ်ကျောက် တန်းများ မြုပ်ကုန်ကြောင်း ဦးဝင်းမောင်က ဆိုသည်။
“ဒီနေ့ လက်တွေ့တူးပြလို့ရတယ်။ ဘယ်နေရာမှာ ဘာဆို တာ ကျွန်တော် ပြောနိုင်တယ်။ ကျွန်တော်လက်ညှိုးထိုးပြမယ်” ဟု ဦးဝင်းမောင်က ငယ်ဘဝက မျက်စိထဲတွင် စွဲထင်ခဲ့ရသည့် ကျောက်ဆွယ်ကျောက်တန်းတို့ကို ပြန်ပြောင်းအောက်မေ့ရင်း ပြောသည်။
အထက်တွင်ဖော်ပြခဲ့သည်များကတော့ ယခင်စစ်အစိုးရ လက်ထက်တွင် ဖြစ်ပျက်ခဲ့သည်များဖြစ်သည်။ ယခုခေတ်တွင် လည်း ယင်းကဲ့သို့ပင် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများကို သိမ်းယူခြင်းများဖြစ်ပွားလျက်ရှိနေသည်။

