ဦးသိန်းစိန်အစိုးရ မျက်နှာဖုံး ကွာပြန်ပြီ

ဦးသိန်းစိန်အစိုးရ မျက်နှာဖုံး ကွာပြန်ပြီ

ဉာဏ်လင်း ရေးသည်။

ရန်ကုန် (မတ် ၆၊ ၂၀၁၅)

ယမန်နေ့က မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေကြသူများကို အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းြဖင့် မြန်မာအစိုးရသည် သူ၏ “ပြုပြင်ပြောင်းလဲရေး မျက်နှာဖုံး”ကို ခွာချပစ်လိုက်ပြန်ပါသည်။

 ဦးသိန်းစိန်အစိုးရအဖို့ ၂၀၁၀ ရွေးကောက်ပွဲက ချုပ်လုပ်ပေးလိုက်သော “ပြုပြင်ပြောင်းလဲရေးမျက်နှာဖုံး”သည် ပူလောင်လွန်း၍ပဲလားမပြောတတ်။ တပ်ဆင်ထားသည့်မျက်နှာဖုံးကို ဆွဲချွတ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်သည်။

 ခေတ်ဟောင်းအခြေအနေများကို ပိုမိုထင်ဟပ်စေသည်က “တာဝန်” လက်ပတ်များကိုဝတ်ဆင်ထားသည့် စွမ်းအားရှင်များအား အသုံးပြုကာ ဆန္ဒပြသူများကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ပြီး ဆွဲခေါ်သွားသည့် ကိစ္စပင်ဖြစ်သည်။

 ယခင်ခေတ်တစ်လျှောက်လုံး မြန်မာပြည်သူလူထုကို ခြောက်လှန့်ခဲ့သော လက်ကိုင်တုတ်များကို လမ်းမပေါ်မောင်းတင်ပြီး ပြန်အသုံးချသည့်မြင်ကွင်းသည် ရှေ့ရေးအတွက် အင်မတန် စိတ်လေးစရာဖြစ်ရသည်။

 ထိုမြင်ကွင်းများကို ကြည့်ရသူများအဖို့ ၂၀၀၇ သံဃာအရေးအခင်းကို ပြေးမြင်စေသည်၊ လက်ပံတောင်းကိစ္စကို ပြေးမြင်စေသည်။ တချို့က ၈၈ အရေးအခင်းမျိုး တစ်ကြော့ပြန်ရောက်လာနိုင်သည့် အလားအလာအဖြစ် ပြေးမြင်ကြသည်။

 တချို့ကလည်း ထိုမြင်ကွင်းသည် လက်ပံတန်းမှ ရန်ကုန်ကိုချီတက်ရန်ကြိုးစားေနသည့် ကျောင်းသားထုအား ဖြိုခွင်းမည့် ရှေ့ပြေးနိမိတ်လေလား မှတ်ယူကြသည်။

 ပြောရလျှင်တော့ မြန်မာနိုင်ငံ၏ အခြေအနေသည် ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ဆိုရပါလိမ့်မည်။

နိုင်ငံအနှံ့အပြားနှင့် ကဏ္ဍပေါင်းစုံတို့တွင် တင်းကြမ်းမောက်လျှံလာသော ပြဿနာများကို ပြေလည်အောင် မဖြေရှင်းဘဲ ဆက်လက် “မွေးထားခြင်း” သည် တိုင်းပြည်ကို လက်တစ်လုံးကြား ပြန်လည်ကယ်တင်လိုသော ကြောင့်လား၊ သို့မဟုတ်လျှင်လည်း မတည်ငြိမ်၊ မအေးချမ်းမှုများကို ထောက်ပြကာ လာမည့် အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းချင်သည့်အတွက်ကြောင့်လားဆိုသည်မှာ သံသယဖြစ်စရာ ကောင်းလှပါသည်။

အထက်ပါအယူအဆများသည် မှားယွင်းသော အယူအဆများဖြစ်သည်ဆိုလျှင် ကျောင်းသားကိစ္စအပါအဝင် ဆူပွက်နေသော ပြဿနာအရပ်ရပ်ကို ညင်သာစွာဖြေရှင်းခြင်းဖြင့် အစိုးရအနေနှင့် သက်သေပြရပါလိမ့်မည်။

ခြုံ၍ပြောရလျှင် စစ်မှန်သော အပြောင်းအလဲကို မဖော်ဆောင်နိုင်သေးသမျှကာလပတ်လံုး ဦးသိန်းစိန်အစိုးရအဖို့ ပြုပြင်ပြောင်းလဲရေးမျက်နှာဖုံးသည် အကြိမ်ကြိမ်ကွာကျနေဦးမည်ဖြစ်သည်။

Ends//

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."