ညသန်းခေါင်ယံလောက်မှာ ရန်ကုန်မြို့လယ်က လမ်းမ တွေပေါ်ကို ကျွန်တော်တို့လူငယ်တစ်စု တာဝန်ကိုယ်စီခွဲယူပြီး ညဘက်မှောင်ရိပ်ကို အကာအကွယ်ယူရင်း လမ်းလျှောက်လာခဲ့ ကြတယ်။ ကျွန်တော်တို့လူစုရဲ့ အဝတ်အစားတွေကလည်း လွတ် လပ်ပေါ့ပါးတဲ့ တီရှပ်အင်္ကျီနဲ့ ဘောင်းဘီအတိုတွေဖြစ်ပါတယ်။ အကြောင်းကတော့ ပြေးရလွှားရ လွယ်ကူအောင်လို့ပါ။ ကျွန်တော်တို့လူစုထဲက အချို့ကတော့ ကျောပိုးအိတ်တွေ လွယ်ထား ကြတယ်။ အဲဒီအိတ်တွေထဲက “ဂလောက်၊ ဂလောက်”နဲ့ မြည်နေတဲ့ အရာတွေကိုလည်း ပတ်ဝန်းကျင်က သတိမထားမိအောင် ဂရုတစိုက် သယ်ဆောင်လာခဲ့ရပါတယ်။
ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကတော့ ကျွန်တော်တို့ကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ ကျွန်တော်တို့လူစုကို ဒုစရိုက်လုပ်မယ့်ကောင်တွေလို့ သူတို့တစ်တွေက ထင်ချင်ထင် နေကြမှာ။ ကိုယ်တွေကလည်း ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ဆို တော့ ဂရုမစိုက်အားဘဲ ဆက်လျှောက်လာခဲ့ကြပါတယ်။
ရှေ့ကဦးဆောင်တဲ့ နှစ်ယောက်က လူသူရှင်းတဲ့ လမ်းတစ်ခုကို တွေ့သွားပြီး အဲဒီလမ်းထဲကို ဝင်သွားကြတယ်။ အဲဒီမှာပဲ ကျွန် တော်တို့တစ်တွေ လိုချင်နေတဲ့ နေရာကို တွေ့သွားတော့တာပဲ။ တွေ့လျှင်တွေ့ချင်းပဲ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို အကောင် အထည်ဖော်ဖို့ စပြီး ပြင်ဆင်ကြရတာပေါ့။ ကျွန်တော်တို့တစ်တွေ ပထမဦးဆုံး လူစုခွဲလိုက်တယ်။ တစ်ဖွဲ့က လမ်းပေါ်ဝိုင်းဖွဲ့ထိုင်ပြီး စကားပြောသလို ဟန်ဆောင်ရင်း ကင်းစောင့်နေကြရတယ်။ ကျန်တဲ့လူစုကတော့ ဦးတည်ချက်ကိုယ်စီကို ပြေးပြီး ရည်ရွယ် ချက်တွေကို အလျင်အမြန် အကောင်အထည်ဖော်နေကြတယ်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်လိုက် တဲ့နေရာကတော့ မျက်နှာပြင်ပြောင်တင်းနေပြီး ဆေးရည်ဝနေ တဲ့ နံရံတွေပေါ်မှာပါ။ ကျွန်တော်တို့တစ်တွေ အကောင်အထည် ဖော်လိုက်ကြတာကတော့ အင်္ဂလိပ်လို ဂရပ်ဖစ်တီ (Graffiti) လို့ ခေါ်တဲ့ နံရံပန်းချီရေးဆွဲကြခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် တို့အတွက် လုပ်ရိုးလုပ်စဉ်တွေပါ။
တကယ်တော့ ကျွန်တော်တို့တစ်တွေဟာ မှောင်ရိပ်ကို ခိုပြီး အခုလိုလုပ်တာဟာ တချို့လူတွေ သံသယရှိသလို ဒုစရိုက် အမှုကိုလုပ်တာ လုံးလုံးမဟုတ်ရပါဘူး။ အနုပညာတွေကို ပြည်သူ လူထုတွေ အလွယ်တကူခံစားနိုင်အောင် လမ်းပေါ်ထွက်ပြီး ဂရပ်ဖစ်တီ ရေးဆွဲကြခြင်းသာဖြစ်ပါတယ်။
ဒီလိုလမ်းပေါ်ထွက် အရဲစွန့်ပြီး ဂရပ်ဖစ်တီဆွဲတာကို ကျွန် တော်တို့ လောကမှာ Bombing လို့ ခေါ်ပါတယ်။ အဲဒီလို Bombing ထွက်ဆွဲတာက ဂရပ်ဖစ်တီသမားတွေအတွက် တကယ်တော့ စိန်ခေါ်မှုများစွာရှိပါတယ်။ အကြောင်းကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ စောင့်ကြပ် ဖမ်းဆီးရေးအဖွဲ့တွေက အရပ်ဝတ်တွေနဲ့ ရန်ကုန်မြို့တော်ရှိ နေရာတော်တော်များများမှာ ကျွန်တော်တို့လို ဂရပ်ဖစ်တီရေးတဲ့ သူတွေကို လိုက်လံဖမ်းဆီးတတ်ကြလို့ပဲဖြစ်ပါတယ်။
မြို့နယ်တိုင်းမှာလည်း ဒီလိုဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဖမ်းဆီးခံရတဲ့ဂရပ်ဖစ်တီရေးသူတွေဆိုရင် ဖြေရှင်းတဲ့နေရာမှာ တော်တော်ခက်ခဲမှုတွေရှိပါတယ်။ ရဲစခန်းရှိ တာဝန်ရှိသူတွေရဲ့ မချေမငံပြောဆိုဆက်ဆံတာကို ခံရသလို အချို့ဂရပ်ဖစ်တီရေး သူတွေဆိုရင် နိုင်ငံရေးနဲ့ဆက်နွှယ်မှုရှိနေသယောင် စွပ်စွဲခံကြရ တာတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေကြားထဲကပဲ ကျွန်တော်တို့ လူငယ်တွေရဲ့ အနုပညာကို ပြည်သူလူထုကိုချပြဖို့ ကြိုးစားနေကြရခြင်းပဲဖြစ်ပါတယ်။
ဒါပေမဲ့ အတော်များများကတော့ လမ်းပေါ်က နံရံပန်းချီ တွေဟာ မြို့တော်ရဲ့အလှကို ပျက်စီးစေတယ်လို့ပဲ မြင်နေကြဆဲ ပါ။ နံရံပန်းချီရေးဆွဲသူတွေကိုလည်း လမ်းသရဲတွေ၊ ဖျက်လိုဖျက် ဆီးလုပ်သူတွေလို့ ထင်မြင်နေကြဆဲပါ။
လူအများစုက ပန်းချီပြခန်းတွေမှာ ပြသထားတဲ့ ပန်းချီ ကားတွေကိုတော့ တကူးတက သွားကြည့်ချင်ကြည့်မယ်။ ဈေး ကြီးပေးပြီး အမြတ်တနိုး ဝယ်ယူသိမ်းဆည်းချင်၊သိမ်းဆည်းမယ်။ ဒါပေမဲ့ လမ်းတွေပေါ်က အုတ်နံရံ၊ အုတ်တံတိုင်းတွေမှာ သွားရင်း၊ လာရင်း အခမဲ့ကြည့်လို့ရမယ့် ကျွန်တော်တို့ရဲ့ နံရံပန်းချီတွေကို တော့ အနုပညာတစ်ခုအဖြစ် မှတ်ယူခံစားခြင်း မရှိကြပါဘူး။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဂရပ်ဖစ်တီရေးသူ တစ်ဦးဖြစ်တဲ့(R.0.A.R)အဖွဲ့မှ ကိုဝဏ္ဏလင်းက “ဂရပ်ဖစ်တီကို အနုပညာ လို့ မသတ်မှတ်တဲ့သူတွေဟာ ကျွန်တော်တို့က သူတို့လက်ခံ လောက်တဲ့ပုံမျိုးကို ဖန်တီးပြခွင့်မကြုံသေးလို့ဖြစ်ပါလိမ့်မယ်”လို့ ဆိုပါတယ်။
ဂရပ်ဖစ်တီကို လက်မခံနိုင်သေးတဲ့ သူတွေအဖို့တော့ မြို့တော်ရဲ့နေရာအနှံ့ များပြားလာတဲ့ ဂရပ်ဖစ်တီတွေဟာ မျက်စိ စပါးမွေးစူးစရာ ဖြစ်နေပါတယ်။ တကယ်တော့ ဂရပ်ဖစ်တီလို့ ခေါ်တဲ့ နံရံပန်းချီဆိုတာဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမှာမဆို မြင်တွေ့နေရတဲ့ အနုပညာလက်ရာဖြစ်တယ်လို့ ဂရပ်ဖစ်တီပိုင်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ တင်းကျပ်ပါတယ်ဆိုတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာတောင် အနည်းဆုံး Tag လို့ခေါ်တဲ့ လက်ရေး ခပ်သော့သော့နဲ့ရေးထားတဲ့ စကားလုံးတွေ ရှိတတ်ကြတယ်လို့ ကိုဝဏ္ဏက ပြောပြပါတယ်။
အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း သမိုင်းဝင်မယ့် ခရီးစဉ်အဖြစ် လာရောက်ခဲ့တဲ့ အချိန်ကျမှ မြန်မာနိုင်ငံရဲ့ ဂရပ်ဖစ်တီလောကကို အများပြည်သူ က စပြီး သတိထားမိလာကြပါတယ်။ အကြောင်းကတော့ Night အဖွဲ့က အနုပညာရှင် အာကာကျော်က သမ္မတအိုဘားမားကို ကြိုဆိုကြောင်း နံရံပေါ်မှာ ပုံရေးဆွဲဖော်ပြခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီကနေ့ သတိထားမိလာကြတဲ့ ဂရပ်ဖစ်တီဆိုတာ ဘယ်လို အမျိုးအစားလဲ၊ ဘယ်လိုတွေ တိုးတက်လာခဲ့သလဲ၊ မြန်မာနိုင်ငံ မှာရော ဘယ်နည်းဘယ်ပုံ စတင်ပြီး ထွန်းကားခဲ့လဲဆိုတာကို ကိုယ်ကိုယ်တိုင်ကလည်း ဂရပ်ဖစ်တီလောကမှာ ကျင်လည်နေခဲ့ တဲ့ ကျွန်တော့်အနေနဲ့ တတ်စွမ်းသမျှ ခြေရာလိုက်ခံကြည့်ခဲ့ပါတယ်။
ဂရပ်ဖစ်တီဆိုတာ ဘာလဲ
Street Art လို့ခေါ်တဲ့ လမ်းပေါ်က အနုပညာခေါင်းစဉ် အောက်က တစ်ခုဖြစ်တဲ့ ဂရပ်ဖစ်တီဆိုတဲ့ အနုပညာဟာ လူတို့ရဲ့ ခံစားချက်တွေကို နံရံပေါ်ထုတ်ဖော်ရာက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဂရပ်ဖစ်တီရေးတဲ့ သူတွေဟာ ပြည်သူထဲက ပြည်သူတွေဖြစ်တာကြောင့် သူတို့ အနေနဲ့ လူထုရဲ့လိုအပ်ချက်တွေကို အုပ်ချုပ်သူအစိုးရ သိစေဖို့ နံရံတွေပေါ်မှာ ရေးဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့်ပဲ အစိုးရတွေဟာ ဂရပ်ဖစ်တီတွေကို ဖိနှိပ်မှု တွေ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ တကယ်တော့ ဂရပ်ဖစ်တီဆို တာဟာ မီဒီယာထဲမှာလည်းအကျုံးဝင်ပါတယ်တဲ့။ တချို့ကဆိုရင် ဂရပ်ဖစ်တီတွေဟာ အနုပညာနဲ့ပြတဲ့ မီဒီယာလို့တောင် ဆိုကြ ပါတယ်။
ဂရပ်ဖစ်တီရေးဆွဲတာကို အမေရိကန်နိုင်ငံမှာ ၁၉၇၀ ခုနှစ် လောက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စတင်ရေးဆွဲတုန်းကတော့ ဒီနေ့ခေတ်ပုံစံမျိုး မဟုတ်ဘဲ Tag (ခပ်သော့သော့လက်ရေးဖြင့် ရေးခြင်း၊ လက်ရေးတို သဘောဆောင်သည်)ဆန်ဆန် Spray (မှုတ်ဆေး)ဖြင့် ရေးဆွဲခဲ့ ကြတာဖြစ်ပါတယ်။ နောက်ပိုင်းခေတ်တွေမှာတော့ အဆင့်ဆင့် ပြောင်းလဲ လာပြီး ရုပ်ပုံများကိုပါ ထည့်သွင်းရေးဆွဲလာခဲ့ကြတယ်။
ဂရပ်ဖစ်တီရေးနည်းကလည်း အမျိုးမျိုးရှိပါတယ်။ ကမ္ဘာမှာ အတွေ့ရအများဆုံး ဂရပ်ဖစ်တီရေးနည်းတွေကတော့ နံရံမှာ Spray (မှုတ်ဆေး)နဲ့ရေးတဲ့နည်း၊ Stencils (စက္ကူဖောက်ဆေး မှုတ်)ပြီးရေးတဲ့နည်း၊ Sticker Art (ကပ်ခွာစက္ကူ) ကပ်ပြီးရေးတဲ့ နည်း၊ Wheat Pasting (ကော်ကပ်)ပြီး ရေးတဲ့နည်းနဲ့ Poster Art (ကြော်ငြာစာရွက်)ကပ်ပြီး ရေးတဲ့နည်းတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နံရံမှာမှုတ်ဆေးနဲ့ ရေးတဲ့နည်း၊ စက္ကူဖောက်ဆေး မှုတ်နည်းနဲ့ ကပ်ခွာစက္ကူကပ်ပြီး ရေးတဲ့နည်းတွေဟာ အတွေ့ရ အများဆုံး ဖြစ်ပါတယ်။
တကယ်တော့ ဂရပ်ဖစ်တီဆိုတာဟာ Hip Hop Culture (ဟစ်ဟော့ဂီတဆိုင်ရာယဉ်ကျေးမှု)ထဲမှာလည်း အကျုံးဝင်ပါ တယ်။ မြန်မာနိုင်ငံမှာတော့ Hip Hop ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Acid အဖွဲ့ရဲ့ အောင်မြင်မှုနဲ့အတူ ဂရပ်ဖစ်တီရေးဆွဲတာကလည်း ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ထွက်ရှိခဲ့တဲ့ Hip Hop သီချင်းအယ်လ်ဘမ်တွေရဲ့ ကာဘာတွေမှာ ဂရပ်ဖစ်တီစာလုံးတွေနဲ့ မြန်မာပြည်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီခေတ်ကထွက်ရှိခဲ့တဲ့ NS အဖွဲ့ သီချင်း အယ်လ်ဘမ်ရဲ့ကာဘာမှာ ဂရပ်ဖစ်တီစာလုံးတွေ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာလုံးတွေကို စတွေ့တုန်းက ဂရပ်ဖစ်တီစာလုံးတွေ ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ နောက်ပိုင်းကျမှသာ သဘော ပေါက်လာတာပါ။
မြန်မာနိုင်ငံက ဂရပ်ဖစ်တီရေးတဲ့သူတွေမှာ သင်ဆရာ ဆိုလို့ မည်မည်ရရမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အစတုန်းကဆိုရင် မြန်မာနိုင်ငံမှာ အင်တာနက်က မထွန်းကားသေးတဲ့အတွက် သူတို့အတွက် နိုင်ငံခြားသီချင်းတွေ၊ ဗီဒီယိုတွေ၊ မဂ္ဂဇင်းတွေမှာ ပါဝင်တဲ့ စာလုံးတွေကိုပဲ မြင်ဆရာတွေအဖြစ် သင်ယူခဲ့ကြရတာ လို့ ဆိုပါတယ်။ စတင်ရေးဆွဲသူတွေဟာ တစ်ယောက်နဲ့ တစ် ယောက်လည်း ချိတ်ဆက်မိမှုမရှိခဲ့ဘဲ တစ်ဦးတစ်ယောက်ချင်း သာ ရေးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဂရပ်ဖစ်တီကို စတင်ရေးခဲ့ကြသူတွေထဲမှာ ကိုဝိုင်အီးတူး (Y.E.TWO) နဲ့ Cyclone ဂီတအဖွဲ့မှ ကိုသုတ အေးတို့လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အများပြည်သူကို ဂရပ်ဖစ်တီနဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးတာကတော့ ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနပဲဖြစ်ပါတယ်။ ၂၀၀၈ခုနှစ် မှာ ပြင်သစ်သံရုံးအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ “လမ်းပေါ်က အနုပညာအလုပ်ရုံဆွေးနွေးပွဲ”ဆိုတဲ့ အစီအစဉ်ဟာ ရန်ကုန်မြို့ လမ်းမပေါ်က အနုပညာရှင်တွေအတွက် အရေးပါခဲ့ပါတယ်။ မြန်မာဂရပ်ဖစ်တီ သမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ပွဲစီစဉ်သူတွေကတော့ နိုင်ငံခြားက ဂရပ်ဖစ်တီသမားတွေဖြစ်တဲ့ ပြင်သစ်နိုင်ငံသား ဇာဂို (Zargo) နဲ့ ဆွီဒင်နိုင်ငံသား ကတ်စ်ပါ ဂျိုဟန်ဆန် (Casper Johansson) တို့ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ ဂရပ်ဖစ်တီသမားဆိုတာ လက်ချိုးရေလို့ရတဲ့ အခြေ အနေလို့ ဆိုရမှာပါ။
၂၀၀၉ ခုနှစ်အရောက်မှာတော့ မြန်မာနိုင်ငံက ဂရပ်ဖစ်တီ သမားတွေပဲ ပါဝင်တဲ့ ပြပွဲတွေကို New Zero Art Space အမည်ရှိတဲ့ ပန်းချီပြခန်းက ဦးဆောင်ကာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ဝံသာနုလို့အမည်ပေးထားတဲ့ နောက်တစ်ပွဲကို တော့ ဟစ်ဟော့အဆိုတော် အနဂ္ဂက ဦးဆောင်ပြီး ကျင်းပခဲ့ပါ တယ်။ ဒီပွဲကတော့ မြန်မာဂရပ်ဖစ်တီလောကကို တစ်ဆစ်ချိုး ပြောင်းလဲနိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
အဲဒီပွဲမှာ YSA၊ Y.E.TWO၊ NSH၊ ASH တို့ ပါဝင်ခဲ့ကြ သလို အခြားဂရပ်ဖစ်တီသမားများစွာလည်း ပါဝင်ခဲ့ပါတယ်။ အရင်က ဂရပ်ဖစ်တီကို နှိမ်ခဲ့ကြတဲ့ ပန်းချီဆရာများကိုယ်တိုင်က အဲဒီပွဲမှာ မြန်မာဂရပ်ဖစ်တီဆွဲတဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဝံသာနုပွဲကျင်းပပြီးနောက်ပိုင်းမှာ ဂရပ် ဖစ်တီပွဲတွေကို အမြဲကျင်းပခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း ဂရပ်ဖစ်တီအနုပညာရှင်လူငယ်တွေ တစ်နေ့တခြား တိုးပွားလာ ခဲ့ပါတယ်။ ၂၀၁၂၊ ဖေဖော်ဝါရီမှာတော့ အရှေ့တောင်အာရှက ဂရပ်ဖစ်တီသမားအချို့ မြန်မာနိုင်ငံကို တစ်စုတစ်စည်းတည်း ရောက်လာခဲ့ကြပြီး The Rendezvous ဆိုတဲ့ပွဲကို လေးရက်ကြာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံက ဂရပ်ဖစ်တီရေးသူတွေဟာ သူ တို့ရဲ့လက်ရာတွေကို အရှေ့တောင်အာရှဂရပ်ဖစ်တီသမားတွေ ရဲ့ရှေ့မှာ ချပြခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲကျင်းပပြီး တစ်နှစ်တင်းတင်း ပြည့်တဲ့အချိန်မှာပဲ The Rendezvous (2)ကို ထပ်မံကျင်းပခဲ့ ပါတယ်။
၂၀၀၇ ကနေ ၂၀၁၃ အစောပိုင်းအထိ မြန်မာနိုင်ငံက ဂရပ်ဖစ်တီရေးတဲ့သူတွေနဲ့ ဂရပ်ဖစ်တီတွေ အတူတကွ ရေးခဲ့ဖူးတဲ့ ကတ်စ်ပါဂျိုဟန်ဆန်ကတော့ မြန်မာဂရပ်ဖစ်တီသမားတွေရဲ့ လက်ရာကို အခုလိုချီးကျူးပြောဆိုပါတယ်။
“သူတို့ဟာ တော်တော်လေး ဖန်တီးနိုင်စွမ်းရှိကြသလို တော်တော်လေးလည်းစူးစမ်းတတ်ကြတယ်။ ပြီးတော့ မမော် ကြွားကြဘူး”
မြန်မာပြည်ကို သူစရောက်ခဲ့တဲ့အချိန်တုန်းက မြန်မာပြည်ရဲ့ ဂရပ်ဖစ်တီလောကဟာ ကလေးတစ်ယောက် လေးဖက် ထောက် သွားတတ်ရုံသာရှိသေးတဲ့အဆင့်ပဲလို့ ကတ်စ်ပါဂျိုဟန် ဆန်က ပြောပြပါတယ်။
“ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ မတူတော့ဘူး။ စတိုင်လ်တွေ၊ နည်းပညာတွေ တိုးတက်လာတယ်။ ပြီးတော့ မြန်မာပြည်က ဂရပ်ဖစ်တီတွေမှာ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေရှိတယ်။ ဒါဟာ တော်တော်စိတ်ဝင်စားစရာပဲ”လို့ ၎င်းက အီးမေးလ်ကတစ်ဆင့် ကျွန်တော့်ကို ပြောပြခဲ့တယ်။
ရန်ကုန်က LAC အဖွဲ့ဝင်တစ်ယောက်ကတော့ အရှေ့ တောင်အာရှက ဂရပ်ဖစ်တီသမားတွေနဲ့ ယှဉ်ရင် မြန်မာဂရပ်ဖစ် တီသမားတွေက သူတို့ကိုမကျော်နိုင်ရင်တောင် တန်းတူလောက် ရှိတယ်လို့ ဆိုပါတယ်။
“သူတို့နဲ့က အင်အားတွေ၊ ဘာတွေလည်း ကွာတယ်လေ။ ဆေးဘူးတို့၊ ဘာတို့ကွာတယ်။ ကျွန်တော်တို့ Cap (ဂရပ်ဖစ်တီ ဆွဲရာမှာ အသုံးပြုတဲ့ မှုတ်ဆေးဘူးခေါင်း) လိုချင်ရင် သူတို့ဆီ (အပြင်)က လှမ်းမှာရတာ။ သူတို့က လက်တစ်ကမ်းမှာရှိနေတယ် လေ။ သူတို့က Cap တစ်ခုကိုဆွဲပြီး လွှင့်ပစ်လိုက်လို့ရတယ်။ ကျွန် တော်တို့က သုံးပြီးသား Cap တွေကို ပြန်သုံးနေရတာတွေရှိမယ်။ အဲဒီလို ကွာခြားချက်တွေတော့ရှိတယ်” လို့ LAC အဖွဲ့ဝင်က ဆို ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက စတင်ပေါ် ပေါက်လာတဲ့ နံရံပန်းချီလောကဟာ ၂၀၁၁ အရောက်မှာတော့ ခေတ်အရမ်းကောင်းလာခဲ့တယ်လို့ဆိုရမှာပါ။ အဲဒီနှစ်မှာ ဂရပ် ဖစ်တီသမားတွေဆိုတာဟာ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ သူ့ ထက်ငါ အပြိုင်လက်စွမ်းပြခဲ့ကြပါတယ်။ သူတို့လက်စွမ်းပြတဲ့ အထဲမှာ ၂၄နာရီလျှပ်စစ်မီးမရရှိသေးတဲ့ အခြေအနေတွေကို ရေးဆွဲခဲ့ကြခြင်းလည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့အနှံ့မှာ “မီးပေး ပါ” ဆိုတဲ့ စာတန်းကို ရေးဆွဲပြီး ပြည်သူတွေရဲ့ဆန္ဒကို နံရံများပေါ် တွင် ရေးသားထုတ်ဖော်ခဲ့ကြပါတယ်။ ရန်ကုန်မြို့တင်မက အခြား မြို့ ကြီးအချို့မှာလည်း ဂရပ်ဖစ်တီက ဝင်ရောက်ထိုးဖောက်လာခဲ့ ပါတယ်။
အဲဒီတုန်းကဆိုရင် နိုင်ငံပိုင်သတင်းစာတွေနဲ့ ပုဂ္ဂလိက ဂျာနယ်အချို့ကတော့ ဂရပ်ဖစ်တီရေးတဲ့သူတွေဟာ ရန်ကုန်မြို့ တော်ရဲ့အလှကို ဖျက်ဆီးကြတဲ့ ဖျက်ဆီးရေးသမားတွေအဖြစ် ပုတ်ခတ်ရေးသားခဲ့ကြပါတယ်။
အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်း Welcome Obama လို့ ရေးဆွဲကာ ကျော်ကြားခဲ့တဲ့ အာကာကျော် (Night)ရဲ့ ပုံ နာမည်ကြီးချိန်တွင်တော့ အပတ်စဉ် ထုတ်ဂျာနယ်တွေက မျက်နှာဖုံးသတင်းအဖြစ်ဖော်ပြလာခဲ့ကြပါ တယ်။ ဂရပ်ဖစ်တီကို အရင်တုန်းက ပုတ်ခတ်ရေးသားခဲ့တဲ့ ဂျာနယ်တချို့လည်း အဲဒီအချိန်မှာတော့ အဲဒီအကြောင်းကို ထိပ် တန်းသတင်းအဖြစ် ဖော်ပြခဲ့ကြတာကို တွေ့ရပါတယ်။
အဲဒါကြောင့်ပဲ အာကာကျော်နဲ့ အခြားဂရပ်ဖစ်တီသမား တွေကြားမှာ မပြေလည်မှုတွေတောင် ဖြစ်သွားခဲ့ပါတယ်။ ဂရပ် ဖစ်တီသမားတွေ ခံစားကြရတာက သူတို့ရေးဆွဲခဲ့တုန်းကကျ တော့ ဖျက်ဆီးရေးသမားတွေအဖြစ် ခေါင်းစဉ်တပ်ခံခဲ့ရပြီး အခု ကျမှ ဂျာနယ်တွေက အရေးတယူဖော်ပြနေကြပါလားလို့ ခံစား နေကြရတယ်။ နောက်အကြောင်းအရာကတော့ တခြားဂရပ်ဖစ် တီသမားတွေနဲ့ အာကာကျော်နဲ့က ခံယူချက်ချင်း မတူကြပါဘူး။
တခြားသော အနုပညာနယ်ပယ်မှ အနုပညာရှင်တွေက တော့ ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့အတူ ဖန်တီးရှင်ဟာ ကျွန်တော်၊ ကျွန်မပါဆိုပြီး လူလုံးထွက်ပြတတ်ကြပြီး အနုပညာ လက်ရာတစ်ခု လူကြိုက်များလာပြီဆိုတာနဲ့ ဖန်တီးရှင်ပါ တွဲလို့ ထင်ပေါ်ကျော်ကြားလာပါတယ်။ ဂရပ်ဖစ်တီမှာကျတော့ ပြောင်း ပြန်။ ပုန်းလျှိုးကွယ်လျှိုးဖန်တီးရတဲ့ အနုပညာဖြစ်တာကြောင့် ကိုယ့်အသိုင်းအဝိုင်းလောက်ကပဲ သိကြပါတယ်။ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုတွေကိုတော့ မျက်ကွယ်ပြုထားကြသူတွေဖြစ်ပါတယ်။
ဂရပ်ဖစ်တီရေးတဲ့သူတွေဟာ သူရဲ့ အနုပညာနာမည်နဲ့ သူဆွဲတဲ့ပုံတွေကိုသာ တွဲပြီးသိကြပေမယ့် သူတို့ရဲ့ ကိုယ်ရေး အချက်အလက်နဲ့ မျက်နှာကိုတော့ လူသိမခံကြပါဘူး။ လမ်းပေါ် ထွက်ဆွဲရင်တောင် သူတို့ရဲ့မျက်နှာတွေကို တစ်ခုခုနဲ့ ဖုံးကွယ် ထားကြတယ်လေ။ ဒါကြောင့်ပဲ ဂရပ်ဖစ်တီကို လျစ်လျူရှုခံထား ရတဲ့ ပိုင်ရှင်မဲ့အနုပညာလို့တောင် အမည်ခေါ်တွင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဥပမာပြရရင်တော့ အင်္ဂလန်နိုင်ငံသား Banksy ပေါ့။ သူက ကမ္ဘာ့အကောင်းဆုံး ဂရပ်ဖစ်တီရေးသူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ အင်္ဂလန်တွင်သာမက ကမ္ဘာ့ နိုင်ငံတော်တော်များများကို သူကိုယ်တိုင်သွားရောက်ရေးဆွဲခဲ့ပြီး အရှေ့ အလယ်ပိုင်းအထိ ရောက်ရှိပြီး ရေးဆွဲခဲ့တဲ့သူပါ။ ဒါပေမဲ့ ဒီနေ့ အချိန်အထိတော့ သူဘယ်သူလဲဆိုတာ သူ့အသိုင်းအဝိုင်းက လွဲပြီး ဘယ်သူမှမသိကြပါဘူး။ လူရှေ့ထွက်ပြပြီး အောင်မြင်နေတဲ့ သူတချို့တော့ ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ လူလုံးထွက် မပြကြပါဘူး။
အာကာကျော်ဆိုရင် မီဒီယာတွေမှာ လူလုံးထွက်ပြပါတယ်။ သူကိုယ်တိုင်ကလည်း သူ့ကိုယ်ကိုယ် ဂရပ်ဖစ်တီသမားလို့ မခံယူ ထားပါ ဘူးလို့ ကျွန်တော်နဲ့ အင်တာဗျူးတုန်းက ပြောပြတယ်။
“သူများနိုင်ငံရဲ့ အနုပညာကို ကျွန်တော်တို့ ကိုးကားပြီး ပြန်လုပ်တယ်။ အဲဒီလိုပြန်ခံယူနေတဲ့အချိန်မှာကျတော့ သူများ နိုင်ငံက ထုတ်ထားတဲ့ ဂရပ်ဖစ်တီ စည်းမျဉ်းစည်းကမ်းတွေပါ လိုက်ပြီး နာခံနေရမယ်ဆိုရင်တော့ ကျွန်တော်မကြိုက်ဘူး။ အနု ပညာလုပ်ရင် လွတ်လွတ်လပ်လပ် လုပ်ရမယ်။ ကျွန်တော်ကတော့ လွတ်လွတ်လပ်လပ်လုပ်တယ်”လို့ အာကာကျော်က ပြောပြတယ်။
အာကာကျော်က အခုလိုလည်း ပြောဆိုပါတယ်။
“တကယ်တမ်းကတော့ ကျွန်တော်က ပန်းချီဆရာတစ် ယောက်ပါ”
ဂရပ်ဖစ်တီအနုပညာသက်တမ်းအားဖြင့် ဆယ်နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ ကိုဝိုင်အီးတူး(Y.E.TWO) ကတော့ “တို့က အနုပညာကိုပဲ ပေးဆပ်တာ၊ ဒီအပေါ်မှာ (ကိုယ့်ကို) သိပါစေဆိုတဲ့ စိတ် လုံးဝမရှိ ဘူး” လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။
အာကာကျော်နဲ့ အခြားဂရပ်ဖစ်တီသမားတွေကြားမှာ ဘယ်လိုပဲ အယူအဆကွဲပြားကြပေမယ့် သေချာတာတစ်ခုကတော့ အာကာကျော်ရဲ့ အိုဘားမားပုံကြောင့် ဂရပ်ဖစ်တီအနုပညာ ကို လူအများ စိတ်ဝင်စားလာတာကတော့ အမှန်ပဲဖြစ်ပါတယ်။
ရန်ကုန်မြို့စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်းရှိ ဂရပ်ဖစ်တီ လက်ရာ (ဓာတ်ပုံ- မနောထွန်း)
ဂရပ်ဖစ်တီ အကျပ်အတည်း
ကျွန်တော်တို့ ဂရပ်ဖစ်တီလောကကို အများပြည်သူက သတိထားမိခါစရှိသေး၊ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးစ ဂရပ်ဖစ်တီ လောကဟာ အကျပ်အတည်း ဆိုက်ရပါတော့တယ်။
၂၀၁၂၊ ဒီဇင်ဘာလမှာတော့ မြန်မာနိုင်ငံရဲ့ ဂရပ်ဖစ်တီ လောကကြီးဟာ ကံဆိုးမိုးမှောင်ကြခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါ တယ်။ မှတ်မှတ်ရရ အဲဒီနေ့က ဒီဇင်ဘာ ၃ ရက်နေ့။ မနက်မိုးလင်း လို့ တွေ့လိုက်ရတဲ့ နိုင်ငံပိုင်သတင်းစာထဲမှာ ၂၀၁၂ ခုနှစ် အတွက် မြို့တော်စည်ပင်ရဲ့ ပထမဦးဆုံးအမိန့်ကြော်ငြာစာက မြန်မာနိုင်ငံရဲ့ ဂရပ်ဖစ်တီလောကကို နှိပ်ကွပ်ဖို့ ပထမဆုံးထုတ်ပြန် လိုက်တဲ့တရားဝင်ဥပဒေလေ။
နိုင်ငံတကာမှာလည်း ဂရပ်ဖစ်တီလောကကို ဖိနှိပ်ထားခဲ့ ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်နေ့မတိုင်ခင် အထိတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ မပါခဲ့ဘူးလေ။
Welcome Obama ပုံဆွဲတုန်းက သူ့ပုံကို အခြားလူတွေ ဖျက်ဆီးမှာစိုးလို့ ရဲတွေတောင် ချထားပြီး စောင့်ရှောက်ပေးတာ ကို ခံယူခဲ့ရတဲ့ အာကာကျော်ဟာ သမ္မတဦးသိန်းစိန်ပုံကို နံရံ တစ်ခုပေါ်မှာ ဆွဲခဲ့တဲ့အခါမှာတော့ ဒဏ်အရိုက်ခံရပါတော့တယ်။ ဒဏ်ကြေးအဖြစ် ငွေတစ်သိန်းဆောင်လိုက်ရပါ တယ်။
အစိုးရပိုင်းက ဒီလိုတွေတင်းကျပ်လာတာဟာ တစ်ဖက်က ကြည့်ရင် ဂရပ်ဖစ်တီရေးသူတွေရဲ့ ကြိုးစားဖော်ထုတ်မှုအား ကောင်းလို့ပဲလို့ ဖြေသိမ့်ကြည့်မယ်ဆိုရင် ဖြေသိမ့်လို့ရမယ်လို့ ထင်ပါတယ်။ ဒီတော့လည်း နိုင်ငံတကာမှာလိုပဲ မြန်မာပြည်က ဂရပ်ဖစ်တီသမားတွေကလည်း တရားဝင်အသိအမှတ်ပြုဆွဲခွင့်ရတဲ့နေရာလေးတွေရဖို့အတွက် ကျွန်တော်တို့ဆက်လက်ပြီး တိုက်ပွဲဝင်ကြရမှာပေါ့။
အခုလို အမိန့်ထုတ်ပြီး ဂရပ်ဖစ်တီကို ပိတ်ပင်မှုတွေလုပ် နေတာဟာ စိတ်မကောင်းစရာပါပဲလို့ မြန်မာပန်းပုပညာရှင် ဦးဆန်နီညိမ်းက ဆိုပါတယ်။
“အရှေ့တောင်အာရှနိုင်ငံကြီးတွေမှာလည်း (ဂရပ်ဖစ်တီ က) တော်တော်ကို ရေပန်းစားနေပါတယ်။ အရင်တုန်းက စင် ကာပူမှာ ခွင့်မပြုခဲ့ပေမယ့် အခုခွင့်ပြုတဲ့အဆင့်ကိုရောက်နေပါ ပြီ။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂရပ်ဖစ်တီကို ဥပဒေထုတ်ပြန်ပြီး အရေးယူနေတာကို စိတ်မကောင်းစွာတွေ့ရပါတယ်”လို့ ဦးဆန်နီညိမ်းကဆိုပါတယ်။
“ယဉ်ကျေးမှုရေစီးကြောင်းဆိုတာ ပိတ်ပင်လို့မရပါဘူး။ ကျွန်တော်တို့က နေရာမှန်မှန်ပေးဖို့ပဲ လိုအပ်ပါတယ်”လို့လည်း သူ့ထင်မြင်ချက်ကို ပြောပြပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုသက်ဇော်(အိုင်တီနှင့် နည်းပညာတာဝန်ခံ)ကလည်း ဒီမို ကရေစီလမ်းကြောင်းကို သွားနေတဲ့ခေတ်ကြီးထဲမှာအနုပညာကို တားဆီးပိတ်ပင်တယ်ဆိုတာ မဖြစ်သင့်တော့ဘူးလို့ ဆိုပါတယ်။
“ဒါကလည်း ဒီမိုကရေစီဖွံ့ဖြိုးစနိုင်ငံမှာမို့လို့ ဖြစ်တာ နေ မှာပါ။ ဂရပ်ဖစ်တီးရေးဆွဲတဲ့သူတွေဘက်ကလည်း တာဝန်ခံမှု အပိုင်းမှာ ပိုပြီးမြင့်တက်လာရင်၊ စည်ပင်ကလည်း အကြောက် တရားတွေ ပြေလျော့သွားရင်တော့ ဒီပြဿနာတွေ ပြေလည်နိုင် မယ်လို့ထင်ပါတယ်”လို့ သူရဲ့ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။
ဂရပ်ဖစ်တီရေးသူတွေအားလုံးကတော့ စည်းမျဉ်းတစ်ခုကို လိုက်နာကြတယ်။ အဲဒါကတော့ ဘုရားပရဝဏ်၊ သာသနာပိုင် နယ်မြေ၊ အစိုးရပိုင်အဆောက်အအုံ၊ ရဲစခန်း၊ မီးသတ်စခန်း၊ ကျောင်း၊ ဆေးရုံ၊ ဂေဟာ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့ အဆောက် အအုံစတာတွေမှာ လုံးဝမရေးဆွဲဘဲ ရှောင်ကြဉ်ကြပါတယ်။ ဂရပ်ဖစ်တီအသိုင်းအဝိုင်းထဲက မဟုတ်ဘဲ မသိနားမလည်ဘဲ ရေးချင်တဲ့နေရာမှာ ရေးချင်သလို ရေးကြသူတွေလည်း အမှန် တကယ်ပဲ ရှိနေပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာ(စီမံ)ဌာနမှ တာဝန်ရှိသူ တစ်ဦး ပြောတာကတော့ ဂရပ်ဖစ်တီကို လက်ခံတာက အသိုင်း အဝိုင်းတစ်ခုပဲ ရှိလိမ့်မယ်လို့ သူ့ရဲ့ထင်မြင်ချက်ကို ပြောပြပါတယ်။
“ဘာကြောင့် အဲဒီလိုပြောရသလဲဆိုရင် ဒီ ဌာနကို တက် တဲ့တိုင်စာတွေ ကြည့်ရင် သိနိုင်တယ်လေ။ အများကြီးပဲ”လို့ သူ က ပြောပြပါတယ်။
နိုင်ငံတကာတွင်တော့ ဂရပ်ဖစ်တီရှင်းလင်းရေးအဖွဲ့ အစည်းတွေကို အစိုးရတွေက ဦးဆောင်ဖွဲ့စည်းထားကြတာရှိ တယ်လို့ ဆိုပါတယ်။ တချို့နိုင်ငံတွေမှာဆို ၂၄ နာရီအတွင်း ပြန်ဖျက်ပေးတဲ့ ဝန်ဆောင်မှုတွေတောင် ရှိနေကြတယ်။ ဒါပေမဲ့ လည်း အဲဒီနိုင်ငံတွေမှာ ဂရပ်ဖစ်တီဇုန်တွေကို သတ်မှတ်ပေးထား ပါတယ်။
ထိုင်ဝမ်နိုင်ငံအစိုးရဆိုလျှင် ဂရပ်ဖစ်တီ အနုပညာရှင်တွေ အတွက် တချို့သော သတ်မှတ်ချက်တွေကို ဖြေလျော့ပေးခဲ့ပါ တယ်။ ၂၀၀၅ ခုနှစ်က စပြီး ကမ်းနားပိုင်းက နံရံတွေကို ဂရပ်ဖစ်တီ ဇုန်အဖြစ် သတ်မှတ်ပေးခဲ့ဖူးပါတယ်။ ၂၀၀၇ခုနှစ်အရောက်တွင် တော့ ထိုင်ဝမ်ယဉ်ကျေးမှုဌာနက ကြီးမှူးပြီး အများပြည်သူပိုင်အဆောက်အအုံတွေမှာ ခွင့်ပြုချက်နဲ့ ဂရပ်ဖစ်တီ ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုပဲ အရှေ့ တောင်အာရှနိုင်ငံ တွေမှာလည်း ဂရပ်ဖစ်တီ ရေးဆွဲနိုင်ဖို့ နေရာတွေကို အစိုးရက သတ်မှတ်ပေးထားတာတွေရှိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ ဂရပ်ဖစ်တီဇုန်လို့ သီးသန့် သတ်မှတ်ပေးထားတာ မရှိသေးဘဲ မြို့တော်စည်ပင်က ဖမ်းဆီး အရေးယူဖို့ကိုပဲ လုပ်ဆောင်နေပါတယ်။
“လူတွေက တစ်ခုခုဖြစ်ရင် စည်ပင်ကိုပဲ ဝိုင်းပြောတာ။ ဂရပ်ဖစ်တီကိစ္စဆိုလည်း အိမ်ပိုင်ရှင်တွေက ဖြစ်ပြီဆို စည်ပင်ကို ပြောပြီ။ ဒီတော့ ရပ်ကွက်လူကြီးတွေကို မေးရတယ်။ သူတို့ရပ် ကွက်ထဲမှာ ဂရပ်ဖစ်တီဆွဲလို့ကောင်းတဲ့ နေရာတွေဆို ဒီကနေ အရပ်ဝတ်နဲ့ လူတွေကို လွှတ်ထားရတယ်”ဟု မြို့တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
၎င်းတို့အနေနှင့် တွေ့လျှင် တွေ့ချင်း ချက်ချင်းဖမ်းဆီးလို့ မရဘူးလို့ ဆိုပါတယ်။ ဆွဲတဲ့သူတွေရဲ့ အိမ်အထိလိုက်ကြည့်၊ ဘေး ပတ်ဝန်းကျင်ကို မေးမြန်း၊ အတည်ပြုပြီးမှ ရဲစခန်းကို အကြောင်း ကြားကာ အဖမ်းခိုင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။
“အရမ်းအလုပ်ရှုပ်တာပဲ”လို့လည်း အထက်ပါမြို့တော် စည်ပင်တာဝန်ရှိသူက ညည်းညူပါတယ်။
အခုလို အမိန့်တွေထုတ်ပြန်၊ လိုက်လံဖမ်းဆီးမှုတွေ ရှိလာ တော့ ညဘက်၊ ညဘက် လျှို့လျှို့ဝှက်ဝှက်ဆွဲကြတဲ့ ကျွန်တော်တို့ အခေါ် Bombing တွေ ရှားလာတယ်လို့ LAC အဖွဲ့မှ ဂရပ်ဖစ်တီ သမားတစ်ယောက်က ပြောပြပါတယ်။
“အစိုးရကလည်း အမိန့်တွေ ထုတ်ပြန်လိုက်တယ်ဆိုတော့ Bombing တွေ ရှားသွားတယ်။ လမ်းမပေါ်မှာ တွေ့ဖို့ တော်တော်ရှားသွားပြီ”လို့ LAC မှ ဂရပ်ဖစ်တီသမားက ဆိုပါတယ်။
ဒီလိုအဖိနှိပ်ခံရလို့လည်း ကျွန်တော်တို့ ဂရပ်ဖစ်တီလောက အနေနဲ့ ငုပ်လျှိုးသွားကြမှာမဟုတ်ပါဘူး။ ကိုဝိုင်အီးတူး (Y.E.TWO) ပြောသလို ထင်းချောင်းတွေ တစ်ချောင်းချင်းစီ မဟုတ်ဘဲ တစ်စုတစ်စည်းတည်း စုပေါင်းလိုက်ရင်တော့ ဘယ်သူ မှ ချိုးလို့ရမှာ မဟုတ်ပါဘူး။ ဒီကနေ့ ဖိနှိပ်နေတဲ့သူတွေလည်း တစ်ချိန်ချိန်တော့ အသိအမှတ်ပြုရမှာပေါ့ဗျာ။
အမိမြေ ဆွီဒင်ကို ပြန်သွားတဲ့ ကတ်စ်ပါဂျိုဟန်ဆန်ကတော့ ကျွန်တော်ကနေတစ်ဆင့် မြန်မာပြည်က ဂရပ်ဖစ်တီရေးသူတွေ ကို အခုလို နှုတ်ဆက်စကား ပါးလိုက်ပါတယ်တဲ့။
“ဘယ်အရာမှာမဆို ဈာန်ဝင်စားပါ။ ပြီးတော့ဆွဲပါ၊ ဆွဲပါ၊ ဆွဲပါ။ ကိုယ်ကြိုက်လို့ ကိုယ်ဆွဲတယ်ဆိုတာပဲဖြစ်ပါစေ။ ဒီကမ္ဘာမြေကို ပိုပြီးလှပလာအောင် လုပ်ရင်းနဲ့ ပျော်ရွှင်မှုကိုရယူကြပါ” ။ ။
၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ကောင်းမြတ်မိုးရေးသည်။

