နှစ်သက်သော စာတစ်အုပ်

နှစ်သက်သော စာတစ်အုပ်

မြန်မာစာပေသမိုင်းကို မြစေတီကျောက်စာမှ အစပြုသည်ဟု မှတ်ယူသည်။ ကိန်းဂဏန်းဖြင့်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင် ပတ်ဝန်းကျင်ကာလက ဖြစ်သည်။ ပုဂံခေတ်၌သာ အထောက်အထားကို မြင်သာထင်သာ တွေ့ရသည်။ ဖွယ်ဖွယ်ရာရာမြင်ရသည်။

‘သိုးကလေ ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား စုံတောပြား၌’
ကို တွေ့ရသလို
‘မြကန်သာ တောင်ကျချောင်းတေး
ရေဝင်ပြေးလှည့် ရေအေးကြည်စွာ
ကန်ပိုင်မာလျက် ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည် ဘုံဝတိံသာ
နန္ဒာပေလော တူစွဟုတ္တာ’ကိုလည်း
တွေ့ ခဲ့ကြပြီး ဖြစ်သည်။

ပုဂံပြီးတော့ ပင်းယ။ ထို့နောက် အင်းဝ။ ထို့နောက် တောင် ငူ။ ထို့နောက် ညောင်ရမ်း စသည်ဖြင့် စာပေခေတ်များ အပီအပြင် ထွန်းကားခဲ့သည်။ ကုန်းဘောင်နှစ်ဆက်အလွန်တွင် ဗြိတိသျှကိုလိုနီ လက်အောက်သို့ ဒုတ်ဒုတ်ထိ ရောက်ခဲ့ပြန်ရာ မဟာဝင်၊ ရာဇဝင်၊ ဘုန်းတော်ဘွဲ့နှင့် ဧချင်း၊ သာချင်းတို့သည် တစ်စုံတစ်ခုသော အရွေ့သို့ ရွေ့ခဲ့ပြီး ၂ဝ ရာစုဆန်းစ၌ ဥရောပ စာပေအငွေ့ အသက် များ ယှက်သန်း ဝင်ရောက်ပျံ့ နှံ့ခဲ့သည်။

‘မောင်ရင်မောင် မမယ်မ’သည် ကနဦး မြန်မာဝတ္ထုရှည် ဖြစ်သည်။ ဒူးမား၏ မွန်တီကရစ္စတို မြို့စားကြီးကို မှီးသည်ဆိုငြား မြန်မာအငွေ့အသက်အပြည့် လွှမ်းခြုံပြီးသား ဖြစ်သည်။ သူ့ခြေ ရာကို နောက်လူတို့က ထပ်ချပ်လိုက်သည်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းတို့၊ ဘိလပ်ပြန်မောင်သောင်းဖေတို့က ဇာတ်နိပါတ် ပရဝဏ်အတွင်းမှ ဖောက်ထွက်လာကြသည်။ ဦးပုည၏ ကာက ဝလ္လိယတို့၊ ဆဒ္ဒန်ဆင်မင်းတို့ကို ဖြတ်ကျော်ကာ မောင်သိန်းတင် မသိန်းရှင်ဖြင့် မြန်မာဝတ္ထုတို တစ်ခေတ်ဆန်းလာသည်။ ၂ဝ ရာစု အစ၌ပင် မြန်မာစာအုပ်လောကသည် အင်နှင့် အားနှင့် ထွန်း ကားခဲ့ပြီး ဖြစ်သည်။

တံတားအောက်မှ ရေများ ဖြတ်သန်းစီးဆင်းသွားပြီး နောက် စစ်ကြိုခေတ်ကို လွန်မြောက် စစ်ပြီးခေတ်သို့အရောက်  စာနယ်ဇင်းလောကသည် ရုတ်ခြည်းပြောင်းလဲခဲ့သည်။ စာအုပ် လုပ်ငန်းလည်း ကြီးထွားလာသည်။ လွတ်လပ်ရေးရပြီးသည်နှင့် လုံးချင်းစာအုပ်များ ဝေဝေဆာဆာထွက်လာသည်။ ထုတ်ဝေသူ များနှင့် ပုံနှိပ်တိုက်များ ရန်ကုန်မြို့၊ မန္တလေးမြို့တို့၌ အပြိုင်းအရိုင်း ပေါ်ထွက်ဖွံ့ဖြိုးလာသည်။

ဇိနတ္ထပကာသနီ၊ ငါးရာ့ငါးဆယ်၊ မဟာဗုဒ္ဓဝင်၊ မဃဒေဝ လင်္ကာသစ်၊ ကဝိလက္ခဏာ သုံးကျမ်းတွဲ၊ ပဏ္ဏိတဝေဒနိယ၊ ထေ ရီဘာသာပြန်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ စွယ်စုံကျော်ထင်၊ သမန္တစက္ခ၊ ဝေါဟာရတ္တပကာသနီ၊ ကဗျာဗန္ဓသာရ၊ မိလိန္ဒပဥှာ၊ ပူတကေစပိန် အီတာလျှံသွား မှတ်တမ်း၊ ဥတုဘောဇနကျမ်း၊ နိယာမဒီပနီ အစ ချီသောစာအုပ်များ။ အိပ်မက်တိတ္ထုံ၊ ရှေ့ဖြစ်ဖတ်နည်း၊ အနာ ပေါက်ကုထုံးကျမ်း၊ သားရေနယ်နည်း၊ စာပုံနှိပ်လုပ်ငန်း အတတ် ပညာ၊ ရေသွင်းခြင်းမှတ်စု၊ လူထုသိပ္ပံကျမ်း၊ နှစ်ငါးဆယ် ယဉ် ကျေးမှုရေးရာ၊ သိပ္ပံနှင့် လူ၊ လျှပ်စစ်မီးသွယ်တန်းနည်း၊ ဂန္ဓာ လရာဇ်မှတ်တမ်း၊ အခြေခံစိုက်ပျိုးရေးပညာ၊ သစ်တန်တွက်နည်း၊ မြန်မာ့စွယ်စုံကျမ်း၊ ငှက်သဘင်၊ မာလာငွေဖော့နှင့် အခြားပုံပြင်များ၊ ဗမာ့ကျွန်း၊ ရုပ်စုံ ဗုဒ္ဓသာသနာဝင်၊ ကုန်စုံဆိုင်လုပ်ငန်း၊ ဂရိ ပညာရှိကြီးများ၊ မြေဆီလွှာနှင့် အသီးအနှံ၊ လူပေါ်လူဇော်လုပ် နည်း၊ အဂ္ဂိရတ်မှ ဓာတုဗေဒသို့၊ အခြေပြ ကမ္ဘာ့သမိုင်း၊ အာဇာ နည်၊ စစ်သားဂုဏ်ရည်၊ တို့တိုင်းပြည်၊ မဟာဂီတပေါင်းချုပ်ကြီး၊ မောင်မယ်သိဖွယ်၊ အပျင်းဖြေနည်း၊ ကမ္ဘာ့ကျေးဇူးရှင်ကြီးများ၊ လူတစ်လုံးသူတစ်လုံး၊ ပဒေသာပင်များ၊ ရိုးရိုးသိပ္ပံ၊ အမေရိကန် ဆေးရွက်၊ သိပ္ပံနှင့် အားသဘော အစရှိသော စာအုပ်များ။

မမထား၊ ရွှေချစ်ငွေချစ်၊ ငဘ၊ မှာတော်ပုံ၊ လူမွဲတို့၏ ထွက် ရပ်လမ်း၊ ကလျာမိမိမုန်း၊ သူလိုလူ၊ ရုပ်ပုံလွှာ၊ သံသာလေကမ်း တိုင်၊ သံနှင့် သွေး၊ အနှစ်၊ ချစ်စံနမူ၊ ဈေးချိုသူ၊ မုန်း၍ မဟူ၊ ဤရူပ၊ လရောင်ရွှန်းမြသော ညတစ်ည၊ ဦးပုညဝတ္ထုပေါင်းချုပ်၊ တဝဂူမှ ဂီတ၊ ရှင်ဥတ္တမကျော်တောလား၊ စောရလက်ဝဲ၊ ပထမံဆရာသိန်း၊ မြန်မာ့မျက်ပွင့် ပိတောက်ရွှေဝါ၊ တက်ဘုန်းကြီး၊ စံပယ်ဦး၊ ယုံ တော့မေရယ်၊ လွမ်းခွေရစ်သီ၊ အင်းလျား၊ ကမ္ဘာကုန်ကျယ်သရွေ့ ဝယ်၊ မဟာသာကီ၊ စာဆိုတော် ပယင်းနှင်းဖြူ၊ ရေမြေတော တောင်၊ နိုင်သူ့မျက်ရည်၊ တင့်လှပေဟန်၊ စာပေလောက၊ ကဗျာ ယဉ် စာယဉ်၊ ဗော်လဂါမှ ဂင်္ဂါသို့၊ ဘုံလယ်တစ်ခွင်၊ ဒေါင်းဋီကာ၊ အရွယ်မတိုင်မီ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ဘာလဲဟဲ့ လောကဓံ၊ ကပ္ပ ပြဿ       နာ၊ ဘုံဝါဒနှင့် တို့ဗမာ၊ ဤဘဝ ဤမျှသာ၊ ကြာပန်းရေစင်၊ အညာသားကလေး၊ ကဗျာဖွဲ့နည်း၊ ရဲဘော်သုံးကျိပ်ပြည်တော်ပြန်၊ ဆရာ့ဇာတ်လမ်းစုံ၊ သက်ဝေမေကျော့၊ မုံရွေးမှတ်စု၊ နားခံတော်၊ တစ္ဆေပုံ ညွန့်ပေါင်းကျမ်း၊ အချစ်ရူးလေးရဲ့ အချစ်ဦး၊ ငါးနှစ်ရာသီ ဗမာပြည်၊ ပါဠိ-မြန်မာ အဘိဓာန်၊ မမိုးစွေ၊ ဖလ်မီးအိမ်၊ မောင်ခွေး ဖို့၊ အင်္ဂလိပ်ကုလားစကားပြောနည်းကျမ်း၊ ဆံမြိတ်လည်း ပြေ ပန်းလည်း ကြွေ၊ ခေတ်ဟောင်းရာဇဝင်၊ ပြိုမှာလေလား မိုးရဲ့၊ နွေ တစ်ည၊ လင်္ကာဒီပချစ်သူ၊ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ သုခမှတ်စု၊ နှစ်ငါးဆယ်ရန်ကုန်တက္ကသိုလ်၊ ပွဲစားကြီးသားအဖနှင့် မြမြ အစရှိသော စာအုပ်များ။
ထိုထိုသော စာအုပ်အစုစုတို့အား ဝါသနာအလျောက်၊ အာ သီသအလျောက်၊ လုပ်ငန်းသဘာဝအလျောက်၊ ပညာအလျောက်၊ ထုတ်ချောက်မွှေနှောက်၊ ပေါက်မြောက်ချဉ်းကပ် လေ့လာအပ်ကြ ပါသော ထိုထိုအီအီ ပုဂ္ဂိုလ်အလီလီများစွာတို့အနက် စာရေးကြ သူများ ထိုလူတို့၏ နှလုံးသည်းပွတ်၌ လှိုက်ဝင်ခံစား ပီတိပွားခဲ့ ကြသော စာအစုစု၊ စာအုပ်အစုစုတို့ကို စာရင်းပြုစု မှတ်တမ်းဝင် စေသည့် အမှုအတွက် ၁၉၆၅၊ သြဂုတ်မှ စ၍ ငွေတာရီမဂ္ဂဇင်း သည် …

‘….. မျက်မှောက်ခေတ် စာရေးဆရာကြီးများနှင့် စာပေ ပညာရှင်ကြီးများတွင် မိမိတို့နှစ်သက်မြတ်နိုးစွာ ဖတ်ရှုလေ့လာ သော စာအုပ်များ အများအပြား ရှိပါသည်။ ထိုစာအုပ်များအနက် အချို့ကို စာဖတ်သူများ သိရှိခွင့်ရလျှင် အကျိုးဖြစ်ထွန်းနိုင်မည်ဟု ယူဆပါသည်။ ထို့ကြောင့် ငွေတာရီက ထိုပုဂ္ဂိုလ်များထံ ချဉ်းကပ် လျက် နှစ်သက်ရာ စာအုပ်များထဲမှ မြန်မာစာအုပ် ၁ဝ အုပ်နှင့် နိုင်ငံခြားစာအုပ် ငါးအုပ်စာရင်းကို ပေးပါရန် တောင်းခံခဲ့ပါသည်။ တောင်းခံရရှိသော စာအုပ်စာရင်းကို ငွေတာရီတွင် လစဉ် အလှည့်ကျဖော်ပြသွားပါမည်’ဟု သတ်မှတ်လျက် သူ၏ စာပေ အပေါ် ကောင်းသော ရည်ရွယ်ချက်ကို စတင်ရုပ်လုံးဖော်သည်။

နှစ်ပေါင်း ၅ဝ ကျော်လာသည့်အခါ၌ ရာပြည့်ဟူသော စာ အုပ်တိုက်သည် အဆိုပါစီမံကိန်းကို အနည်းငယ် ဖြည့်စွက်ပြီး…

‘စာပေပညာရှင် စာရေးဆရာများနှင့် စာပေမိတ်ဆွေ ၁၁၁ ဦး၏ သူတို့နှစ်သက်သော စာအုပ်များ’ ကို စာပေဒါနပြုကာ ၂ဝ၁၆၊ ဒီဇင်ဘာတွင် အုပ်ရေ ၂,ဝဝဝ ပုံနှိပ်လုပ်ဆောင်သည်။ ထို စာပေလက်ဆောင် စာပေဒါနစာအုပ်တွင် ပုံနှိပ်ရာဇဝင်ကို သီး ခြားဖော်ပြထားခြင်း မရှိသလို ပထမစာမျက်နှာ First Page ကို လည်း ထည့်သွင်းမထားပါ။ ရေခံစက္ကူပြီးလျှင် မာတိကာကိုတွေ့ ရသည်။ မာတိကာပြီးမှ ရာပြည့်စာအုပ်တိုက်၏ မှတ်ချက်ကို တွေ့ ရသည်။ ဤတွင် ဤစာအုပ်၏ သမိုင်းကို ရာပြည့်က…

‘ရာပြည့်စာတည်းအဖွဲ့ကလည်း ငွေတာရီ၏ ရည်ရွယ်ချက် ကို နှစ်သက်သောကြောင့် မူလ ငွေတာရီ၏ (သူတို့နှစ်သက်သော စာအုပ်များ) ကို လက်ရင်းထား၍ ၁၉၉၆ တွင် ငွေတာရီမှာပင် ထပ်မံထည့်သွင်းခဲ့သော (စာဆိုနှစ်သက် စွဲမက်ဖတ်ရှု စာအုပ်စာ ရင်းစု) ပါ အနှစ်သက်ဆုံး စာအုပ် ၁၂ အုပ်စာရင်းနှင့် ဦးကြည်ဝင်း  (လောကအမွန်)၏ မှတ်သားထားချက်များ၊ အဆောတလျင် တောင်းယူရရှိသည်များကို စုစည်းလျက် စာပေဒါနပြု ထုတ်ဝေ လိုက်ခြင်း ဖြစ်ပါသည်’ ဟု ရေးသားဖော်ပြထားသည်။

ဤတွင် ၁၉၆၅ သြဂုတ်ငွေတာရီမှ ၁၉၆၈ မေ ငွေတာရီ အထိ ၄၇ ဦး၊ ထို့နောက် ၁၉၉၆ မတ် ငွေတာရီမှ ၁၉၉၉ ဖေဖော်ဝါ ရီ ငွေတာရီအထိ ၁၃ ဦးနှင့် ကျန်သီးခြားပုဂ္ဂိုလ် ၅၁ ဦးတို့၏ ‘နှစ် သက်သောစာအုပ်များ’စာရင်းကို ရာပြည့်က စုစည်းရရှိကာ အားကိုးရသော နှစ်လိုဖွယ်နှင့် စာပေသမိုင်းအတွက် အထောက် အကူတစ်ရပ် ဖြစ်ထွန်းစေသည့် ‘သူတို့နှစ်သက်သော စာအုပ် များ’ သည် စာချစ်သူတို့ ရင်ထဲ၌ တစိမ့်စိမ့် ပီတိဖြစ်ကာ အလျဉ်း သင့်တိုင်း လွယ်လင့်တကူ ဖွင့်လှစ်ဖတ်ရှုနိုင်ကြမည့် အိတ်ဆောင် စာအုပ်ငယ်တစ်အုပ်အဖြစ် ထွက်ပေါ်လာသည်ကို ခံစားလှိုက်ဆူ မှုများစွာဖြင့် ဘဝတူများကို အလားတူ ခံစားခွင့်ရစေရန် ရည် ညွှန်းမှုတစ်ခုကို အသေအချာ ပြုလိုက်ရပြီ ဖြစ်ပါကြောင်း ။     ။

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ စာအုပ်အညွှန်း ဖြစ်ပါသည်။

သင့်နော် ရေးသည်။

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."