အာပေတူးတို့တိုင်းပြည်မှာ
လူတွေဟာ
ခန္တီပါရမီ ရှိလှစွာ
သဒ္ဓါတရားပြည့်ဝစွာ
အလွန်သည်းခံခွင့်လွှတ်လိုကြရဲ့
ဒါကြောင့် သူတို့ဟာ
ရိုင်းပျပြောဆို ဟောက်ဟမ်းတတ်တဲ့
ဘတ်စ်ကားစပယ်ယာတွေကို
မသိမမြင်ချင်ယောင်ဆောင်လို့ နေကြပေရဲ့။
အာပေတူးတို့တိုင်းပြည်မှာ
လူတွေဟာ
သဒ္ဓါတရားပြည့်ဝစွာ
အလွန်ကောင်းမှုကုသိုလ် ပြုလိုကြရဲ့
ဒါကြောင့် သူတို့ဟာ
အမှန်အကန်လား အကြံအဖန်လား မခွဲခြားဘဲ
ရောက်လာသမျှ အလှူခံတိုင်းကို
ထည့်ဝင်နိုင်သမျှ ပေးကမ်းလို့ နေကြပေရဲ့။
အာပေတူးတို့တိုင်းပြည်မှာ
လူတွေဟာ
လွတ်လပ်ပေါ့ပါးစွာ
အလွန်ရယ်မောပျော်ရွှင်လိုကြရဲ့
ဒါကြောင့် သူတို့ဟာ
အနုပညာအားနည်းစွာ ရိုက်ကူးထားတဲ့
ပေါတောတော ရုပ်ရှင်ဗီဒီယိုတွေကို
မလွတ်တမ်း ကြည့်ရှုလို့ နေကြပေရဲ့။
အာပေတူးတို့တိုင်းပြည်မှာ
လူတွေဟာ
ကိုယ့်အားကိုယ်ကိုးကာ
အလွန်ချမ်းသာကြွယ်ဝလိုကြရဲ့
ဒါကြောင့် သူတို့ဟာ
ပေါက်မယ်မှန်း မသေချာ မရေရာတဲ့
နှစ်လုံး သုံးလုံး ချဲဂဏန်းတွေကို
အမြဲတွက် အမြဲထိုးလို့ နေကြပေရဲ့။
အာပေတူးတို့တိုင်းပြည်မှာ
လူတွေဟာ
ခေတ်မီနည်းပညာသုံးစွဲကာ
အလွန်သိမြင်နှံ့စပ်လိုကြရဲ့
ဒါကြောင့် သူတို့ဟာ
အင်တာနက်လိုင်း ချိတ်ဆက်နိုင်တဲ့
ကိုယ်ပိုင်လက်ကိုင်ဖုန်းတွေကို
အချိန်တိုင်းပွတ်ကာ လေ့လာလို့ နေကြပေရဲ့။ ။
၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀) မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။

