တစ်ကျော့ပြန် သေနတ်သံများ

တစ်ကျော့ပြန် သေနတ်သံများ

သန်းစိုးနိုင် ရေးသည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ကိုယ်စားလှယ်တွေပါဝင်တဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ စက်တင်ဘာရှစ်ရက်ကနေစတင်ပြီး နှစ်ရက်ကြာဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဒုတိယမူကြမ်းအဆင့်မှာ ဆုံးဖြတ်ချက်မချနိုင်ခဲ့တဲ့ အရေးကြီးအချက်အချို့ကို အစိုးရနဲ့ မဆွေးနွေးခင်ကြိုတင်ညှိနှိုင်းပြီး တတိယမူကြမ်းကို အဆိုပြုနိုင်အောင် ဝိုင်းဝန်းပြင်ဆင်ခဲ့ကြတာပါ။

ဒီတတိယမူ ကြမ်းကို ဆွေးနွေးလို့ အဆင်ပြေကြမယ်ဆိုရင် ၂၀၁၅ ခုနှစ်မကုန်မီ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင် လိမ့်မယ်လို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ယုံကြည်မျှော်လင့်ခဲ့ကြပါတယ်။ ဒီလိုမျှော်လင့်ရ တာလည်း ဒုတိယမူကြမ်းဆွေးနွေး ပွဲမှာ အဆင့်မြင့် တပ်မတော်အရာရှိကြီး များကိုယ်တိုင် တက်ြွကစွာ ပါဝင်လာခဲ့ရုံမက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းကိုယ်တိုင်က နိုင်ငံရေးမူဘောင်ချမှတ်ဆွေးနွေးရာမှာ ‘ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး’ နဲ့ ‘ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး’ ကိစ္စတွေပါ ထည့်သွင်းဆွေးနွေးနိုင်ပါလိမ့်မယ်လို့ ကတိကဝတ်ပြုခဲ့တဲ့အတွက်ပါ။ အစိုးရနဲ့ တပ်မတော်ဘက်က ဒီလောက်အထိ သဘောထားပျော့ပျောင်းလိုက်လျောခဲ့မှတော့ အပစ်ရပ်စာချုပ်ချုပ်ဆိုရေးဟာ လက်တစ်ကမ်းမှာပဲ ရှိတော့မယ်လို့ UNFC ခေါင်းဆောင်များက ထင်မြင်ခဲ့ကြပုံရပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၂၂ ရက်မှာ တတိယမူကြမ်းဆွေးနွေး ပွဲကျင်းပချိန်မှာတော့ အထင်နဲ့ အမြင် ပါစဉ်အောင် လွဲသွားခဲ့ကြ ရပါတယ်။ ဒီဆွေးနွေးပွဲမှာ တတိယမူကြမ်းနဲ့ပတ်သက်လို့ ဘာမှ တိတိကျကျပြတ်ပြတ်သားသား ညှိနှိုင်း ဆုံးဖြတ်ချက်ချနိုင်ခဲ့ပုံ မရပါဘူး။ ဦးအောင်မင်းတို့ UNFC အဖွဲ့အနေနဲ့လည်း မီဒီယာ တွေနဲ့ တွေ့ဆုံပွဲတွေ မလုပ်ရဲခဲ့ပါဘူး။ ဒီတစ်ကြိမ်တွေ့ဆုံပွဲမှာ တပ်မတော်ဘက်က သိသိသာသာသဘောထားတင်းမာလာပြီး ဘာဆုံးဖြတ်ချက်မှ မည်မည်ရရ မချနိုင်ခဲ့ဘူး။ အောက်တိုဘာထဲမှာ အဆင်ပြေရင် နောက်တစ်ကြိမ်ဆွေးနွေး ညှိနှိုင်း ကြမယ်ဆိုတဲ့ မရေမရာစကားတွေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။

ကာချုပ်ရဲ့ မူဝါဒ ၆ ရပ်

တတိယအကြိမ် အပစ်ရပ်မူကြမ်းဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက အဖွင့်စကားပြောဆိုရာမှာတော့       “ ငြိမ်းချမ်းရေးအလိုချင်ဆုံး၊ အလိုလားဆုံး၊ ရှေ့ဆုံးတန်းမှာရှိနေတာကတော့ တပ်မတော်သာဖြစ်ကြောင်း” ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့လက်တွေ့ဖြစ်ရပ်တွေကတော့ တပ်မတော်ရဲ့ သံသယနဲ့ တင်းမာတဲ့ သဘောထားတွေကြောင့် အပစ်ရပ်စာချုပ်ကိုတောင် အပြီးသတ်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိခဲ့တာ ဖြစ်တယ်လို့ ဝေဖန်သုံးသပ်သူတချို့က ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒ ၆ ရပ်နဲ့အညီ ဆောင်ရွက်သွားမယ်လို့လည်း ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက ထပ်လောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒ ၆ ရပ်ဆိုတာက ဘာတွေပါလဲ။

(၁) လူမသတ်ရန်

(၂) အဓမ္မတပ်သားစုဆောင်းခြင်း မပြုရန်

(၃) ဆက်ကြေးအခွန်မကောက်ရန်

(၄) တပ်နေရာသစ် တိုးချဲ့တည်ဆောက်မှု မပြုရန်

(၅) အစိုးရအုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်စွက်ဖက်မှုမပြုရန်

(၆) တပ်မတော်အုပ်ချုပ်မှုအောက်ရှိ ပြည်သူ့စစ်တပ်အဖွဲ့များကို မတိုက်ခိုက်ရန်စတဲ့ အချက်တွေပါဝင်တယ်လို့ သိရ ပါတယ်။

တကယ်တော့ ဒီမူဝါဒတွေဟာ တိုင်းရင်းသားလက်နက် ကိုင်တွေဘက်ကသာ လက်ခံလိုက်နာဖို့ လိုအပ်တာ မဟုတ်ပါ ဘူး။ တပ်မတော်ဘက်ကလည်း လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ စစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေချိန်မျိုးမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဒီမူတွေ ချိုးဖောက်ခဲ့တာ ရှိသလို တပ်မတော်ဘက်က ကျူးလွန်မိတာတွေလည်း ရှိခဲ့ဖူးပါလိမ့်မယ်။ ဒါတွေကို မူချပြီး တစ်ဖက်သတ်လိုက်နာခိုင်းမယ့်အစား ညှိနှိုင်း ဆွေးနွေးပွဲမှာ ဒီမူတွေကို ဘယ်လိုထိန်းသိမ်းလိုက်နာ ကာကွယ် ကြမယ်ဆိုတာကို နှစ်ဦးနှစ်ဖက် အကြေအလည်ဆွေးနွေးပြီး နည်းလမ်းရှာဖွေကြရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် ဒီမူဝါဒတွေ ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လိုက်နာဖို့ အခက်အခဲရှိတဲ့အပိုင်းတွေကိုလည်း တပ်မတော်အနေနဲ့ နား လည်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

တပ်မတော်အနေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို လိုအပ်သလို ခွဲဝေသုံးစွဲခွင့်ရထားတဲ့ အဖွဲ့အစည်းဖြစ်လို့ ဆက်ကြေး ကောက်ဖို့မလိုအပ်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရပ်တည်နေထိုင်လှုပ်ရှားနိုင်ရေးအတွက် မလွဲမသွေ ဆက်ကြေးအခွန်တွေ ကောက်ခံဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုအချက်တွေကို နိုင်ငံတော်အနေနဲ့ ဖြည့်ဆည်းပေး မယ်လို့ ဆိုစေဦးတော့ ဒီအဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို ပြည့်စုံလုံလောက်အောင် တာဝန်ယူနိုင်စွမ်း မရှိနိုင်ပါဘူး။

နိုင်ငံတော်က ခွဲဝေပေးတဲ့ ဘဏ္ဍာငွေနဲ့မလုံလောက်လို့ တပ်မတော်အနေနဲ့တောင် စီးပွားရေးလုပ်ငန်းကြီးတွေ ထူထောင် ရှာဖွေလုပ်ကိုင်နေကြရတာ လူတိုင်းအသိပါ။ အဓမ္မတပ်သားစုဆောင်းမှုမပြုရေးဆိုတာလည်း မူသဘောအရသာ ကောင်းတာဖြစ်ပြီး လက်တွေ့မှာတော့ တပ်မတော်ထဲမှာတောင် အားလုံးဟာ ဆန္ဒအလျောက် ဝင်ရောက်လာကြဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဆိုရရင် ဒီမူတွေအကောင်အထည်ပေါ်လာဖို့ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးဖြေရှင်းကြရမယ့် ပြဿနာတွေပါ။  တစ်ဖက်သတ်မူဘောင်ချမှတ်ပြဋ္ဌာန်းသင့်တဲ့ ကိစ္စမျိုးတွေ မဟုတ်ပါဘူး။

ကာချုပ်ရဲ့ သတိပေးချက်

စက်တင်ဘာ ၁၉ရက် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် အရာရှိကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ပြည်ပနဲ့ ပြည်တွင်း နယ်စပ်ဒေသမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့ အချို့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာပြီး ပြည်တွင်း ပြည်ပ အထောက်အပံ့နဲ့ နိုင်ငံရေးနဲ့ အခြားအင်အားတည်ဆောက်မှုတွေ၊ တောင်းဆိုမှုတွေပြုလုပ်လာကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC)ရဲ့  မကြာသေးမီက ထုတ်ပြန်ကြေညာချက်ကြောင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အခက်အခဲ တွေဖြစ်လာနိုင်ကြောင်း ထုတ်ဖော်သတိပေးသွားခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သတိပေးချက် ထဲမှာ ဘယ်အဖွဲ့အစည်းက၊ ဘယ်သူ့အထောက်အပံ့နဲ့ ဘယ်လို နိုင်ငံရေးစုဖွဲ့မှုနဲ့ အင်အားတည်ဆောက်မှုတွေ လုပ်နေတယ်ဆို တာတော့ တိတိကျကျခိုင်ခိုင်မာမာ ဘာမှ ထုတ်ဖော်ရှင်းပြသွား တာ မရှိပါဘူး။ ဒီတော့လည်း ရှုပ်ရှုပ်ထွေးထွေးစဉ်းစားစရာတွေ ဖြစ်လာတော့တာပေါ့။ UNFC က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံတာကို မကြိုက်တာလား။ ငြိမ်း/ပွင့်အဖွဲ့က ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာကိုလက်မခံနိုင်တာလား။ ပြည်တွင်းကနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာကို သဘောမကျတာလား စတဲ့ လားပေါင်းများစွာကို စဉ်းစားလာကြရပါတယ်။

တကယ်တော့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ပြဿနာဆိုတာ UPWC နဲ့ UNFC အဖွဲ့နှစ်ဖွဲ့တည်း ညှိနှိုင်းဆွေး နွေးကြရမယ့် ပြဿနာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံ ရေးအင်အားစုအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ပါဝင်ဆွေးနွေးဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် UNFC အနေနဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ပိုမိုကျယ်ပြန့်လေ ကောင်းလေပါပဲ။ ဒါကို တပ်မတော်ခေါင်းဆောင်တွေ ဘာ ကြောင့် စိုးရိမ်သောက ပွားနေရသလဲဆိုတာတော့ မစဉ်းစား တတ်အောင်ပါပဲ။

အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ မကြာ မီက UNFC က ထုတ်ပြန်တဲ့ ကြေညာချက်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အခက်အခဲဖြစ်နိုင်တယ်ဆိုတာကလည်း ဘယ်ထုတ်ပြန်ကြေညာချက်အပေါ် ရည်ညွှန်းတယ် ဆိုတာကို ရှင်းရှင်း လင်းလင်း သိခွင့်မရကြပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအကဲခတ်သူတွေ ကတော့ အပစ်အခတ်ရပ်စဲပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ UNFC က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဦးဆောင်ဆွေးနွေးမယ်ဆိုတဲ့ သဘောထားကို ရည်òန်းပုံရ တယ်လို့ ယူဆရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တပ်မတော်အနေနဲ့ UNFC လို ပူးပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း မျိုးနဲ့ မဆွေးနွေးလိုဘဲ တစ်ဖွဲ့ချင်းခွဲပြီးသာဆွေးနွေးလိုတာ အစဉ် အလာတစ်ရပ်လို ဖြစ်နေခဲ့ပါပြီ။ ၁၉၆၄ တော်လှန်ရေးကောင်စီ လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတုန်းက တစ်ဖွဲ့ချင်းဆွေးနွေးခဲ့သလို ၁၉၉၀ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေ နဝတစစ်အစိုးရလုပ်ခဲ့စဉ်ကလည်း ဒီအတိုင်းပါပဲ။ ဒီလို တစ်ဖွဲ့ချင်း ခွဲထုတ်ဆွေးနွေးညှိနှိုင်းခဲ့ကြလို့ သူတို့လိုလားတဲ့ ဖက်ဒရယ်အခွင့်အရေးတွေ မရခဲ့ရုံမျှမက အဖွဲ့အစည်းတချို့ ပြိုကွဲပျက်စီးခဲ့ရတဲ့ အဖြစ်တွေကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကြုံခဲ့ကြရပြီးဖြစ်ပါတယ်။ ဒီလို ကွဲအက်၊ ခွဲထွက်တွေ မဖြစ်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ်ကောင်စီကိုဖွဲ့စည်းပြီး တပ်မတော်နဲ့ ဆွေးနွေး ညှိနှိုင်းလိုတဲ့ ဆန္ဒပြင်းပြခဲ့ကြပုံရပါတယ်။

မီးလောင်ရာ လေပင့်

ဒီမှာထူးခြားတဲ့တိုက်ဆိုင်မှုတစ်ရပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ UNFC ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခက်အခဲဖြစ်နိုင်တယ်လို့ ပြောလိုက်ချိန်ဟာ UNFC ထဲက နေ KNU ခွဲထွက်သွားချိန်နဲ့ တစ်ချိန်တည်းလို ဖြစ်နေခြင်းပါပဲ။ UNFC နဲ့ KNU တို့ ကွဲပြဲချိန်မှာ ကာချုပ်က UNFC ကို သတိထားဖို့ ပြောလိုက်ခြင်းဟာ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေ ပိုမိုကြီးထွားအောင် မီးလောင်ရာ လေပင့်ပေးလိုက်တဲ့ သဘောသက်ရောက်နေပါတယ်။

ဒီအချိန်မျိုးမှာ ဒီစကားကို ရွေးထုတ် ပြောလိုက်ခြင်းဟာ UNFC အဖွဲ့ထဲမှာ ဖြစ်နေတဲ့ သွေးကွဲမှုတွေ ပိုမိုကြီးထွားအောင် ထိုးခွဲလိုက်တာ ဖြစ်တဲ့အတွက် UNFC အဖွဲ့ကို ပြိုကွဲအောင်လုပ်လိုက်သလို ဖြစ်နေပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုမှုတွေ အရှိန်အဟုန် ကောင်းနေချိန်မျိုးမှာ ကာချုပ်တစ်ယောက်အနေနဲ့ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် သွေးခွဲတာမျိုး မလုပ်သင့်ပါဘူး။

တစ်ချိန်တည်းမှာ KNU ဥက္ကဋ္ဌကြီးမူတူးစေးဖောနဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ဆိုတာလည်း မကြာခဏ ဆိုသလို တွေ့ဆုံဆွေးနွေးဖြစ်ကြလို့ အလွန်ရင်းနှီးနီးကပ်တဲ့ ဆက်ဆံရေး ရှိသူတွေလို့ အများက သိမြင်နားလည်ထားခဲ့ ကြပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားအဖွဲ့အစည်းတချို့က KNU ဥက္ကဋ္ဌကြီးမူတူးစေးဖောအပေါ် ‘သူ့လူ ကိုယ့်ဘက်သား’ ပေများလားလို့ စဉ်းစားသံသယပွားနေကြချိန် ဖြစ်ပါတယ်။ ဒီအနေအထားမျိုးမှာ KNU ဥက္ကဋ္ဌကြီးက UNFC က ထွက်ခွာသွားပြီး မကြာခင် ကာချုပ်ကြီးကလည်း UNFC ကို သတိထားဖို့ ပြောလိုက်ခြင်းဟာ တပ်မတော်က KNU ဘက်မှ ဘက်လိုက်ပြီး တစ်သားတည်း ရပ်တည်ပြလိုက်တဲ့ သဘောမျိုးဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အောင်မြင်စေချင်ရင် အာဏာပိုင်များအနေနဲ့ တရားမျှတစိတ်စေတနာသဘောထားရိုးသားမှန်ကန်ကြဖို့ အလွန်အရေး ကြီးလှပါတယ်။

‘ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး’နဲ့ ‘ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး’မူဝါဒတွေအပေါ် ရပ်ခံတင်ပြနေတဲ့ UNFC အဖွဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောမကျနိုင်တာ သဘာဝကျပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံကို ရပ်ခံကာကွယ်ဖို့ ပိုင်းဖြတ်ထားတဲ့ ကာချုပ်ကြီးအနေနဲ့ ဒီဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲဖို့ ပြောဆိုတင်ပြလာတဲ့ UNFC အဖွဲ့ကြီး ပြိုကွဲပျက်စီးစေချင်တာလည်း သိပ်မဆန်းလှပါဘူး။

ဒါပေမဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအချင်းချင်း ကျောချင်းကပ်၊ ရင်ချင်း အပ်ထားကြဖို့ လိုအပ်နေပြီဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်  ယုံကြည်လာတဲ့အလျောက် ဝအဖွဲ့၊ မိုင်းလားအဖွဲ့၊ တအာန်း ပလောင်အဖွဲ့၊ SSA(south) ၊ ABSDF စတဲ့ အဖွဲ့တွေဟာ အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ UNFC အဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ အလားအလာကောင်းနေပါတယ်။

ဒီအခြေအနေမျိုးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားအောင်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပြိုကွဲအောင် ကြိုးပမ်းသူမှန်သမျှ ပြည်တွင်းစစ်သံသရာရှည်ကြာအောင်လုပ်တဲ့ စစ်တရားခံတွေ အဖြစ် သမိုင်းဆိုးတွင် ကျန်ရစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက “ အခုလို ငြိမ်းချမ်းရေးတည် ဆောက်နေတဲ့ကာလမှာ ကာချုပ်က အခုလိုထုတ်ပြောလိုက်တာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်မလုပ်ချင်လို့လားဆိုပြီး မေးလိုက်ချင်တယ်”လို့ ပြောခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။

ဒီလိုနဲ့ပဲ အပစ်ရပ်ရေး တတိယမူကြမ်းဆွေးနွေးပွဲဟာလည်း ‘ဗုံမဟုတ်၊ ပတ်မဟုတ်၊ အရည်မရ၊ အဖတ်မရ’နဲ့ တစ်စခန်းရပ်သွားခဲ့ရပါပြီ။ ဒါပေမဲ့ မရပ်နိုင်ဘဲ တစ်ပတ်ပြန်လည်လာခဲ့တာကတော့ စစ်ပွဲတွေပါပဲ။ စက်တင်ဘာ နောက်ဆုံးပတ်အတွင်းက မူဆယ်ခရိုင် မုန်းကိုးဒေသတစ်ဝိုက်မှာ တပ်မတော်စစ်ကြောင်းနဲ့ KDA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ပြန်လည် ဖြစ်ပွားလာခဲ့ပြန်ပါပြီ။

စက်တင်ဘာ ၂၇ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ ကရင်အမျိုးသားကာကွယ်ရေး (KNDO) တပ်ဖွဲ့နဲ့ အစိုးရ ခ.မ.ရ (၃၆၁) တပ်ရင်းတို့အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားကြပြန်ပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာ ဘားအံမြို့နယ်၊ မြိုင်ကြီးငူတစ်ဖက်ကမ်းမှာ အစိုးရပူး ပေါင်းတပ်ဖွဲ့နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့ တစ်ရက်အတွင်းမှာတင် တိုက်ပွဲငါးကြိမ်အထိ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လာခဲ့ကြပြန်ပါတယ်။ ငြိမ်းချမ်းရေး စကားသံတွေ တိတ်သွားတာနဲ့ တစ်ပြိုင်နက် တစ်ကျော့ပြန် သေနတ်သံတွေ ပြန်လည်ဘဝဂ်ညံလာခဲ့ပြန်ပါပြီ။             ။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."