မြေအောက်ရေတွေ အလွန်အကျွံသုံးရင် ဘာတွေဖြစ်မလဲနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့၊ အတွင်းရေးမှူးး၊အမျိုုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်၊ ဒေါက်တာခင်နီနီသိန်း နှင့်တွေ့ဆုံခြင်း

မြေအောက်ရေတွေ အလွန်အကျွံသုံးရင် ဘာတွေဖြစ်မလဲနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့၊ အတွင်းရေးမှူးး၊အမျိုုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်၊ ဒေါက်တာခင်နီနီသိန်း နှင့်တွေ့ဆုံခြင်း

Photo: Kaung Myat Moe

“မြေအောက်ရေကိစ္စမှာ  အားလုံးမပါဘဲဘာမှမပြီးဘူး”

(မြေအောက်ရေတွေ အလွန်အကျွံသုံးရင် ဘာတွေဖြစ်လာမလဲနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူပညာရှင်များအဖွဲ့၊  အတွင်းရေးမှူး ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်၊  ဒေါက်တာခင်နီနီသိန်းနှင့် တွေ့ဆုံခြင်း)

ရန်ကုန်၊ နိုဝင်ဘာ ၂၀၁၄

၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။

ကောင်းမြတ်မိုး တွေ့မေးသည်။

ကျွနု်ပ်တို့ နေထိုင်သော လူနေအိမ်များ၊ တိုက်တာအဆောက်အအုံများ၊ သွားလာလှုပ်ရှားသော လမ်းများကို ထမ်းပိုးထားရသော မြေကြီးအတွင်းရှိ မြေအောက်ရေတွေကို အလွန်အကျွံသုံးလျှင် မည်သို့သောဘေးအ္တရာယ်များကို ကြုံကြရမလဲ၊ အဲဒီန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ဆိုရင် ကျွနု်ပ်တို့ဘာလုပ်ကြရမလဲ အစရှိသည်တို့ကို မော်ကွန်း စာဖတ်ပရိသတ်ထံ တင်ပြပေးနိုင်ရန် မော်ကွန်းကတွေ့ဆုံမေးမြန်းထားပါသည်။

မော်ကွန်း။  ။ မြေအောက်ရေရဲ့ အရေးကြီးပုံကို အရင်ဆုံး ရှင်းပြပေးပါ ခင်ဗျာ။

ဒေါ်ခင်နီနီသိန်း။  ။ လူသားတွေအခု သောက်သုံးနေတဲ့ ရေတွေ အားလုံးက နေရာဌာနသုံးခုကပဲလာတယ်။ မိုးရေရှိတယ်။ မိုးရေ ပြီးတော့ Surface Water လို့ခေါ်တယ်။ မြစ်ချောင်းအင်းအိုင်တွေမှာ မြေပေါ်ရေပေါ့။ ပြီးတော့မှ မြေအောက်ရေ ရှိတယ်။ အဲဒီတော့ အဲဒီမိုးရေရယ်၊ မြေပေါ်ရေရယ်၊ မြေအောက်ရေရယ်က ဘာလို့ဆက်စပ်နေလဲဆိုတော့ ရေသံသရာ လည်ပုံနဲ့ဆက်စပ်နေတယ်။ အဲဒီတော့ ဒီမြစ်ချောင်းတွေထဲကို စီးဖို့က ရေခဲတောင်တွေ အရည်ပျော်တဲ့ နှင်းရေကလည်း လာတယ်။ အဲဒီလိုပဲမြေအောက် ရေကလည်း လာတယ်။

အဲဒီတော့ စီးဆင်းနေတဲ့ မြစ်တစ်ခုကိုတွေးကြည့်လိုက်။ တွေးကြည့်လိုက်ရင် မြစ်ထဲမှာရှိတဲ့ရေက မိုးပေါ်က ကျတယ်။ နောက်ပြီး မြစ်ညာက စီးတယ်။ နောက်ပြီး မြေအောက်ရေက တက်လာတာ။ အဲဒီတော့ မြေအောက်ရေမရှိရင် ခုန စီးနေတဲ့မြစ် တွေထဲမှာ ရေနည်းသွားမယ်။ နောက်တစ်ခုက ရေသံသရာလည် တဲ့ သံသရာကြီးက ပျက်စီးသွားမယ်ပေါ့။ ပျက်စီးသွားရင် ဘာဖြစ်မလဲ။ ရာသီဥတုတွေ ဖောက်ပြန်လာမယ်။ ရာသီဥတုတွေ ဖောက်ပြန်လာတဲ့အခါမှာ တစ်ခါမြေအောက်ရေက ညစ်ပတ်တာ၊ ဒါမှမဟုတ်ခန်းတာ အဲဒီလိုဖြစ်ကုန်မယ်ဆိုလို့ရှိရင် လူသားတွေရဲ့ မြေအောက်ရေ အရင်းအမြစ်က ပျောက်ဆုံးသွားမယ်။

အဲဒါဆို လူသားတွေ ပျောက်ဆုံးသွားမှာပေါ့။ အဲဒီအထိ ကောက်ချက်ဆွဲလို့ရတာပေါ့။ နောက် ဒုတိယတစ်ချက်က ကမ္ဘာမြေကြီးတည်နေပုံနဲ့ဆိုင်တယ်။ က္ဘာမြေကြီးတည်နေပုံကအလွှာရှိတယ်။ ဟိုးအပေါ်ယံမြေဆီလွှာက သစ်ပင်တို့၊ ကောက်ပဲ သီးနှံတို့စိုက်တာ။ အဲဒီအောက်မှာက ဒုတိယမြေသားလွှာရှိတယ်။ အဲဒီအထဲမှာ ကျောက်စရစ်ခဲတွေ ဒါမှမဟုတ် ကျောက်ချပ်လွှာ တွေ ရှိတယ်။ အဲဒီလိုနဲ့တဖြည်းဖြည်းအောက်ကို နိမ့်သွားတဲ့အခါ ကျောက်လွှာတွေ အများကြီးရှိတယ်။ အဲဒီကျောက်လွှာတွေရဲ့ အလယ်မှာ ရေလွှာရှိတယ်။ အဲဒီရေလွှာကို မြေအောက်ရေကြော လို့ခေါ်တာ။ အဲဒီတော့ မြေအောက်ရေကြောက တစ်ခါတလေမှာ မြေကြီးမျက်နှာပြင်နဲ့ နီးနီးမှာ ရှိတယ်။ တစ်ခါတလေမှာ ဟိုး အဝေးကြီးမှာ ရှိတယ်။ တစ်ခါတလေမှာ နှစ်ထပ်၊ သုံးထပ် ရှိတယ်ပေါ့။

ဒီဟာတွေက ကမ္ဘာမြေကြီးရဲ့  ဖြစ်ပေါ်ပုံမှာ အစကတည်းက ပါနေပြီးသား။ ဆိုတော့ အဲဒီကျောက်ထပ်လွှာ နှစ်ခုကြားက ရေကိုကုန်အောင် စုပ်ထုတ်လိုက်ရင် ဘာဖြစ်သွားလဲဆိုတော့ လေဟာနယ်ကြီးဖြစ်လာတယ်။ အဲဒီ လေဟာနယ်ကြီး ဖြစ်လာတော့ မြေကျွံတာပေါ့။ နောက်တစ်ခုကကျတော့ မြေကျွံမှုဆိုတာက ရုပ်ပိုင်းသဘောတရားအရ။ ဓာတုသဘောတရားအရက ပြဿနာရှိသေးတယ်။ အာဆင်းနစ်ရှိတဲ့အရပ်တွေမှာဆိုရင် အဲဒီရေကြောက လုံးဝထွက်သွားတဲ့အခါ သူကဓာတ်ပြုတာ။ အောက်ဆီဂျင်တွေဝင်လာပြီးတော့ အောက်ဆီဂျင်နဲ့ ဓာတ်ပြုတဲ့အခါ ဓာတုသဘောအရလည်း မကောင်းတဲ့၊ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အဲဒီလိုမျိုး ဓာတ်တွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အာဆင်းနစ်ပေါ့။

မော်ကွန်း။  ။ အခု ရန်ကုန်မြို့မှာ လူဦးရေက ခုနစ်သန်းနီးပါး လောက် ရှိလာပြီ။ မြေအောက်ရေထုတ်ယူသုံးစွဲမှုနဲ့ယှဉ်ရင် အခု ရန်ကုန်ရဲ့ အခြေအနေက ဘယ်လိုမျိုး အခြေအနေမှာ ရှိနေပြီလဲ။

ဒေါ်ခင်နီနီသိန်း။  ။ ဘောလုံးပွဲ အခြေအနေနဲ့ ပြောရင် အနီရောင် အဆင့်ရောက်နေပြီ။ အနီရောင် ပြနေပြီ။ အဲဒီမြေအောက်ရေကို တူးတဲ့သူတွေက သူတို့တူးချင်တိုင်းတူးနေတာ။ ဒါကတစ်ချက်။ သူတို့ကပြောမှာပေါ့။ ရေလိုလို့ တူးရပါတယ်လို့။ ဒါပေမဲ့ ရေလိုလို့ တူးရလည်း သူက စနစ်တကျ စည်ပင်ကိုလျှောက်လွှာတင်ရမှာ။ ဒုတိယ စည်ပင်ကို လျှောက်လွှာတင်ပြီး တူးတဲ့သူတွေအကြောင်း ပြောရအောင်။

အဲဒါဆိုရင်လည်း စည်ပင်က ဘယ်လိုနည်းစနစ်တွေနဲ့ တူးခွင့်တွေကို ချပေးနေတာလဲဆိုတော့ သူတို့မှာလည်း ပြဋ္ဌာန်းထား တဲ့ သူတို့ရဲ့တူးခွင့်တွေရှိတယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေကတူးခွင့်မှာ သတ်မှတ်ထားတဲ့အချက်တွေကကို မပြည့်စုံဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုတုန်းကလိုအပ်ချက်နဲ့ လုပ်ထားတဲ့ စဉ်းမျဉ်းဥပဒေ တွေက ဒီခေတ်မှာလိုအပ်တဲ့ စဉ်းမျဉ်းဥပဒေတွေဖြစ်ဖို့ အသစ်ပြင် ရေးဆွဲရမှာ။ အဲဒါက ဒုတိယအချက်။

တစ်ခါ တတိယအချက်ကျတော့ အဲဒီစည်ပင်မှာရော၊ မြန် မာနိုင်ငံမှာရော မြေအောက်ရေကို သေချာပေါ့နော် ဘယ် လောက်ရှိတယ်၊ ပြီးတော့ ဘယ်နေရာမှာ တူးပြီးတော့ ဘယ်နေ ရာမှာ မတူးရဘူး။ အရင်က အင်္ဂလိပ်ခေတ်က ရှိတယ်။ ဒီရန်ကုန် တစ်မြို့လုံးရဲ့ မြေပုံမှာ မြေအောက်ရေမတူးရဆိုတဲ့ ပြဋ္ဌာန်းထားတဲ့ နေရာရှိတယ်။ ဥပမာ-အာဆင်းနစ်ရှိတဲ့နေရာဆိုရင် သွားမဆွ သင့်ဘူးလေ။ အသာလေး မတူးဘဲ ထားရမှာ။

ဒါပေမဲ့ ရန်ကုန်မြို့မှာ အာဆင်းနစ်ရှိလားလို့ မေးရင်တော့မရှိသေးပါဘူး။ မတူးရဘူးလို့ ပြောတဲ့နေရာတွေက သံဓာတ်များ လို့။ ဥပမာဆိုရင် ကြို့ကုန်းအရှေ့ဘက်တစ်ဝိုက်ဆိုရင် တူးကြည့်၊ ရေတွေက သံဓာတ်များတယ်။ ရေတွေက ဝါဝါ၊ နီနီတွေ။ အဲဒီ လိုနေရာမျိုးက ရေကျတော့ အဆင်မပြေဘူးလေ။ တစ်မြို့လုံးနဲ့ဆိုင်တဲ့ မြေအောက်ရေ ဘယ်လောက်ရှိလဲ။ နောက်တစ်ခုက အရည်အသွေး။ မြေအောက်ရေရဲ့ အရည်အသွေးက ဘယ်လောက်ရှိလဲ။ ဥပမာ-လှိုင်ဘက်မြစ်ကမ်းမှာဆိုရင် တူးကြည့် လိုက်။ ရေငန်တွေထွက်နေပြီ။ နာဂစ်(မုန်တိုင်း)ရဲ့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတောင် မတူသေးဘူး။ နာဂစ်က ၂၀ဝ၈၊ မေ အစောပိုင်းမှာဖြစ်သွားတာ။ ၂၀ဝ၈ ရဲ့နောက်ပိုင်းလတွေမှာ နိုဝင်ဘာလောက်က စပြီးတော့ ရေကငန်တော့တာလေ။ ဆား ငန်ရည်တွေ အကုန်ဝင်လာတာ။ တချို့ရွာတွေမှာ တစ်ရွာလုံး။ ရေ တွင်းလေးတွင်းဆိုရင် လေးတွင်းစလုံး ငန်သွားတယ်။

အခု ကြည့်မြင်တိုင်တစ်ဝိုက်ကြည့်၊ လှိုင်တစ်ဝိုက်တွေမှာ ရေတွေငန်နေတယ်။ အဲဒီလိုဖြစ်တယ်ဆိုရင် စောစောက ရန်ကုန် တစ်မြို့လုံးနဲ့ ပတ်သက်တဲ့ မြေအောက်ရေပမာဏနဲ့ မြေအောက် ရေ အရည်အသွေးကို သိရသလို အဲဒါကို အမြဲတမ်း Monitor (စောင့်ကြည့်) လုပ်နေရမှာ။ အဲဒီစနစ်လည်း မရှိသေးဘူး။ စည် ပင်ကို အပြစ်သာတင်ရတယ်။ သူတို့ကိုရော လိုအပ်တဲ့ ယန္တရားတွေ တပ်ဆင်ပေးပြီးပြီလား။ သူတို့ကို သေချာအပြစ်တင်ချင်လို့ ရှိရင် ပထမဆုံးက ယ္တရားတပ်ဆင်ပေးလိုက်၊ ငွေပဲ ရှာပေးလို့ မရဘူး။ အခု ဂျပန်က လာတယ်၊ JICA ကဘယ်လောက် ပေး တယ်၊ ဘယ်သူက ဘယ်လောက်ပေးတယ်။ နောက် သူတို့က ပြောတယ်၊ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ လုပ်နေတာတဲ့။

အဲဒီနောက်ဆုံးပေါ်နည်းပညာဆိုတာ ဘာလဲဆိုတော့ ဆရာဝန်တွေ ခွဲစိတ်သလိုပဲ။ ဒီနေရာမှာ အဖုကြီးရှိတယ်။ အဲဒီ နေရာကို အရက်ပြန်တွေနဲ့ သုတ်ပြီး သေချာလုပ်ပြီး ခွဲပြီးတော့ ထုတ်လိုက်တယ်။ ဒီနေရာ အရေးပေါ် ဖြစ်နေတယ်။ အဲဒီနေရာကိုပဲ ကုလိုက်တာ။ အရေးပေါ်လုပ်တာပေါ့။ နိုင်ငံခြားက လာကူတဲ့ သူကလည်း ဟုတ်တယ်လေ၊ တစ်က္ဘာလုံးက ပိုက်ဆံတွေ သူတို့ ဆီမှာ ရှိတာမဟုတ်ဘူး။ အဲဒီတော့ သူတို့ဆီမှာ သုံးရမယ့် ပိုက်ဆံ အထဲကတတ်နိုင်တဲ့ ပိုက်ဆံလေးကို ယူလာတဲ့အခါမှာ ဒီဘက်က အစိုးရ သို့မဟုတ် စည်ပင်ကိုမေးလိုက်တဲ့အခါမှာ ခင်ဗျား ဘာ အရေးကြီးဆုံးလဲ။ ခင်ဗျားရဲ့ ဦးစားပေးအဆင့်တစ်က ဘာလဲ။ ဒီဘက်ကလည်း ပြန်ဖြေတယ်လေ။ ကျွန်တော်တို့ရဲ့ ဦးစားပေးက ဒါပါဆိုပြီးတော့။ အဲဒီတော့ အရေးပေါ်တွေကိုတော့ နိုင်ငံတကာကကူမယ်။ ရန်ကုန်တစ်မြို့လုံးရဲ့ ရေလည်ပတ်မှုမှန်အောင်က ဘယ်သူ့ တာဝန်လဲ။ ကိုယ်တွေရဲ့ တာဝန်ပဲ။

ကိုယ်တွေရဲ့ တာဝန်ပဲဆိုတာမှာ အစိုးရရော၊ စည်ပင်ရော၊ ပြည်သူတွေရော၊ မီဒီယာတွေရော၊ ကျောင်းသား တွေရော၊ အကုန်ပါရမှာ။ အဲဒီအကုန်ပါတဲ့ စနစ်ကြီးပေါ်လာတော့မှ ဒီကိစ္စကို အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်မှာ။ အဲဒီတော့ စည်ပင်က လည်း သူတို့ရဲ့ ကောင်းတဲ့လုပ်ဆောင်ချက်တွေကို ပြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလောက်နဲ့ ကျေနပ်မနေသင့်ဘူး။

မော်ကွန်း။  ။ အခု ရန်ကုန်မြို့ လူဦးရေခုနစ်သန်းရှိတဲ့ အခြေအနေ မှာတောင် အနီရောင်အဆင့် ပြနေပြီဆိုတော့ နောက် ၁၅ နှစ် အတွင်းမှာ Miga City ဖြစ်လာမယ်လို့ ခန့်မှန်းထားကြတယ်။ အဲဒီအချိန်ရောက်ရင် ဘယ်လိုကာကွယ်မှုတွေနဲ့ သွားသင့်ပါ သလဲ။ တကယ်လို့ ကာကွယ်မှုတွေသာ မရှိခဲ့ရင် ရန်ကုန်မြို့ရဲ့ အနာဂတ်က ဘာတွေ ဖြစ်သွားနိုင်ပါသလဲ။

ဒေါ်ခင်နီနီသိန်း။  ။ အဲဒါက လူငယ်တွေတောင် ပြောလို့ရပါတယ်။ ပညာရှင်ဖြစ်ဖို့မလိုပါဘူး။ ဘာတွေဖြစ်သွားမလဲ ဆိုတာတော့ ဆရာမလည်းမပြောတော့ဘူး။ ဒါပေမဲ့ ဘာကိုပြောချင်လဲဆို တော့ အခုကစပြီး အစီအစဉ်တွေလုပ် ခုနလိုအပ်နေတဲ့ အရာတွေ အားလုံးကို ပညာရှင်တွေက ထောက်ပြပြီးပြီ။ ဘာလိုနေတာလဲ၊ ထောက်ပြတဲ့သူ လိုတာလား၊ လိုက်လုပ်တဲ့သူ လိုတာလား။ လိုက် လုပ်တဲ့သူ လိုတာ။ လိုက်လုပ်မယ့်သူဆိုတာကရော ဘယ်သူ့ကို လက်ညှိုးထိုးပြီး အပြစ်တင်ဖို့လိုလဲ။ အစိုးရကလိုက်မလုပ်လို့ဆို အစိုးရက ဥပဒေထုတ်ကြည့်လိုက်၊ အဲဒီဥပဒေကို ဘယ်သူ့မှ မလိုက်နာဘူး။ အဲဒါလေးက ရှင်းရှင်းလေးပဲ။ အဲဒါ မြန်မာနိုင်ငံ မှာတင် မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ဒီလိုပဲလေ။ ဘာလို့လဲ၊ လူတွေကိုး။ လူက စည်းကမ်းကို ကြိုက်လား၊ ဘယ်ကြိုက်မလဲ။လူဆိုတာ ပျော်ပျော်နေချင်တယ်၊ အေးအေးဆေးဆေး နေချင်တယ်။ အဲဒီလူတွေမှာပဲ တခြားစိတ်ဓာတ်အကောင်းတွေရှိတယ်။ အဲဒါဘာလည်းဆိုတော့ ငါ့အိမ်လေး သန့်မှ၊ အိမ်လေး သန့်သွား ရင် အရှေ့က မြောင်းလေးလည်း တူးလိုက်သေးတာ။ အဲဒီလို လူမျိုးတွေရှိတယ်။ ဒါကြောင့်မို့လို့ ရေကိစ္စသည် အားလုံးမပါဝင် ရင် လုံးဝမပြီးဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို ချန်ထားဖို့ မကြိုးစားပါနဲ့။ လူတစ်ယောက်ယောက်၊ အဖွဲ့အစည်းတစ်ခုခု၊ ဌာနဆိုင်ရာတစ်ခုခု ချန်ထားခဲ့ရင် အဲဒီကိစ္စက မအောင်မြင်ဘူး။

မော်ကွန်း။  ။ မြေအောက်ရေကို အလွန်အကျွံထုတ်ယူမိရင် ဘာအန္တရာယ်တွေ ဖြစ်နိုင်မလဲ။ ဒီလိုဖြစ်ခဲ့တဲ့ နိုင်ငံတွေရှိရင် ဥပမာပေးပြီး ပြောပေးပါ ဆရာမ။

ဒေါ်ခင်နီနီသိန်း။  ။ မြေအောက်ရေကို အလွန်အကျွံထုတ်ယူသုံးစွဲရင် မြေကျွံသွားတယ်။ အခု ၃၂ လမ်းမှာ မြေကျွံတယ်။ ရှစ်ပေပတ် လည်အောက်ထဲကို ၁၂ ပေကျော်ကျော် နက်တယ်တဲ့။ စောစော ကပြောသလိုပဲ၊ မြေအောက်ရေကို  အလွန်အကျွံ ထုတ်ယူသုံး ထားတော့ မြေအောက်ကအလွှာတစ်ခုက ခံနိုင်ရည် မရှိတော့ ဘူး။ ဒါက တစ်ချက်။ နောက်တစ်ခုက တုန်ခါမှုပေါ့။ ဆောက်လုပ် ရေးလုပ်ငန်းခွင်တွေက တုန်ခါမှုတွေ များလို့တဲ့။ ဟုတ်ပြီ၊ ဒီနေရာ ကလည်း အရင်တုန်းက တစ်ထပ်အိမ်လေး။ အခု တိုက်တွေဆောက်လိုက်တော့ အထပ်ပေါင်းများစွာ။ နောက်ထပ်တိုက်တစ် တိုက် အဲဒီနားမှာ သုံးအိမ်လောက်ပြိုင်ဆောက်တော့ ဘာနဲ့တူလဲ ဆိုတော့ ကိုယ်တို့လက်မောင်းထဲကို အပ်စိုက်ပြီးတော့ မော်တာ လေးနဲ့ လှည့်သလိုပေါ့။

အဲဒီလိုဖြစ်တော့ အလည်က အသားတစ်ထွက်သွားတာ။ အဲဒီလိုပဲ၊ ဒီကောင်က မြေကျွံသွားတာ။ အဲဒီတုန်ခါမှုက တကယ် လို့များ စိပ်စိပ်မဟုတ်ဘဲ ခပ်ကျဲကျဲဖြစ်မယ်။ မြေအောက်ရေကလည်း ခံနိုင်ရည်ရှိနေမယ်ဆိုရင် ဒီကိစ္စက မဖြစ်ပါဘူး။ ဒါက အခုမျက်ဝါးထင်ထင်ပေါ့နော်။ ရက်ပိုင်းအတွင်းမှာပဲဖြစ်သွားတာ။

နောက်တစ်ခုကကျတော့ အဆောက်အအုံတွေ နိမ့်ကျလာတယ်။ အတွေ့အကြုံအရသိနေတယ်။ သက်သေတော့ ပြလို့မရသေးဘူး။ သုသေသနလုပ်ရဦးမှာလေ။ တခြားနိုင်ငံတွေမှာက ဘာဖြစ်လဲဆိုတော့ ဥပမာ-ဘန်ကောက်မြို့ကြီး ကြည့်လိုက်၊ အနီးဆုံးပဲ။ ဟိုးအဝေးကြီးနိုင်ငံတွေကို ကြည့်မနေနဲ့။ ကနေဒါတို့၊ နယ်သာလန်တို့ကိုထားလိုက်ဦး။ ဘန်ကောက်မြို့ကြီးက အမြဲတမ်းနိမ့်ဆင်းနေတယ်။ အဲဒီမြေအောက်ရေတွေ ထုတ်ယူသုံးစွဲတာများသွားလို့။ သူတို့မှာ ကတော့ သုသေသနထားတယ်။ သုတေသနလုပ်ထားတဲ့အတွက် အောက်ကိုနိမ့်ဆင်းနေပြီလို့ သူတို့က သိတယ်။ သိနေတော့ အဲဒီအတွက်ပြန်ပြီးတော့ ဖြည့်တင်းရတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်။ အခု ကုသရမယ်ဆိုရင် သိန်းတစ်ထောင်ကုန်မယ်။ ကာကွယ်လိုက်ရင် ငွေတစ်ရာပဲ ကုန်မှာ။ အဆအများကြီးကွာတယ်။

ဒီလို ဆင်းရဲတဲ့နိုင်ငံက သိန်းတစ်ထောင်အကုန်ခံနိုင်လား။ အကုန်မခံနိုင်ရင် အသေခံရမှာလေ။ အဲဒါကြောင့် ဘာဖြစ်မလဲဆို တော့ တော်တော်ကြီးကိုဆိုးဆိုးဝါးဝါး၊ ဥပမာ-မြေငလျင်လှုပ် လိုက်လို့ရှိရင် ဘာဖြစ်မလဲ။ အောက်က မငြိမ်တဲ့နေရာမှာ တည်ထားတော့ အပျက်အစီးအရမ်းများတယ်။ လူတွေအများကြီးသေမယ်။ အဲဒီထက်ပိုဆိုးတဲ့ အကျိုးဆက်က ပြန်ပြီးတော့ မထူထောင်နိုင်ဘူး။ မထူထောင်နိုင်ရင် ဘာဖြစ်မလဲ။ ဒီစီးပွားရေး တိုးတက်ဖို့ လုပ်နေတဲ့နေရာမှာ အများကြီးနှောင့်နှေးသွားမယ်။အဲဒါတွေဖြစ်နိုင်တယ်။

နောက်ဒုတိယအချက်က အရည်အသွေးမှာလည်း အဲဒီလိုပဲ။ အရည်အသွေးအရမ်းကျလာတဲ့အခါ မှာ လူတွေဘာဖြစ်မလဲ။ အခု အန်တီ ဂျပန်သွားတုန်းက ရေတစ်ပုလင်းကို ခုနစ်ဒေါ်လာ ပေးရတယ်။ ရေတစ်ပုလင်းကို ခုနစ်ဒေါ်လာဆိုရင် ဒီမှာ ခုနစ် ထောင်နော်။ သောက်နိုင်ကြမလား။ တစ်နေ့ တစ်ပုလင်းတောင် မသောက်နိုင်ဘူး။ အဲဒါဆို ဘာဖြစ်မလဲ။ ရှိသမျှရောဂါတွေ ဝင် လာမှာပေါ့။ အဲဒီတော့ဘာဖြစ်မလဲ။ အသက်တိုမှာပေါ့။ ရေဆို တာအသက်ပဲလေ။ ရေဆိုတာမှာလည်း တွေ့ကရာရေကို သောက်လို့မရဘူးလေ။ တစ်ခါမြေအောက်ရေကို ပြန်စဉ်းစား။ မြေအောက်ရေက အရင်ဆိုရင် တိုက်ရိုက်တန်းသောက်လို့ ရတဲ့ ရေ၊ မိုးရေကလည်း တိုက်ရိုက်တန်းသောက်လို့ရတဲ့ရေ။ သူ့ကို ဘာမှ သန့်စင်စရာမလိုဘူး။ ကန်ရေရယ်၊ ချောင်းရေရယ်၊ မြစ်ရေ ရယ်ကိုပဲ သန့်စင်ရတာ။

အခုကျတော့မရတော့ဘူးလေ။ အကုန်လုံးကို သန့်စင်ရတာ။ မိုးကလည်း အက်စစ်မိုးဖြစ်နေပြီ။ အဲဒါ ဘာကြောင့်လဲ။ စောစောက ရေသံသရာလည်တဲ့အခါမှာ အပေါ်ကအညစ်အကြေးတွေက မြေအောက်ရေထဲ ဝင်သွား တယ်။ ဘာတွေဝင်သွားလဲ။ အိမ်သာကျင်းတွေထဲက အညစ်အကြေးတွေဝင်တယ်။ ပြီးတော့ ဓာတုစက်ရုံတွေက၊ ပြီးတော့ ဆေးထုတ်တဲ့ စက်ရုံတွေက၊ အရက် ပြန်စက်ရုံတွေ၊ ချည်ထည်ထုတ်တဲ့ စက်ရုံတွေ၊ ရှိရှိသမျှ စက်ရုံတွေက ဓာတုဆေးဝါးတွေသုံးတယ်။ အဲဒါတွေအကုန်လုံးက မြေအောက်ရေထဲကို ဝင်တယ်။ အဲဒီတော့မြေအောက်ရေရဲ့ အရည် အသွေးကလည်း ထုတ်ပြီးရင် စမ်းရသေးတာ။ စမ်းပြီးတော့မှ သောက်သင့်တယ်ဆိုရင် သောက်၊ မသောက်သင့်ရင် ပြန်လည်သန့်စင်ရတယ်။

အာဆင်းနစ်ပါပြီဆိုရင်တော့ ပြန်လည်သန့်စင်ဖို့မကြိုးစားနဲ့တော့။ တွင်းကိုပိတ်လိုက်တော့။ အာဆင်းနစ်ကို ပြန်လည် သန့်စင်တဲ့အခါမှာရတယ်။ မရတာမဟုတ်ဘူး၊ ရတယ်။ တစ်အချက်ဈေးအလွန်ကြီးတယ်။ နှစ်အချက် ရေကတော့ ကောင်းသွားပါတယ်၊ ခုနက သန့်စင်ထားတဲ့ မကောင်းတဲ့ဓာတ်ကို ဘယ်သွားပစ်မလဲ။ သူက နျူကလီးယားကို လွှင့်ပစ်ရသလိုပဲ ခက်တယ်။ တွင်းအနက်ကြီး တူးပြီးပစ်မလား။ ဒါဆိုရင် ဒါကြီးက အာဆင်းနစ် Bank ကြီးဖြစ်သွားမယ်။ သူ့ရဲ့နောက်ပိုင်းအကျိုးဆက်တွေက များလွန်းလို့ အဲဒီနေရာတွေကို မတူးနဲ့လို့ ကာကွယ်ထားတာက ကုသတာထက် ပိုကောင်းတယ်။

နောက်ပြီးတော့ မိုးရွာလာတယ်။ ဘန်ကောက်မှာဆိုရင် မိုးရွာတဲ့အချိန်မှာ ထီးဆောင်းကြတယ်။ အိမ်ရောက်ရင် အခြောက် လှန်းကြည့်။ အပြာရောင်ထီးဆိုရင် မိုးပေါက်သဏ္ဌန်အဖြူရောင်အစက်လေးတွေက ဆေးတွေကို စားသွားတယ်။ ဘာ ကြောင့်လဲဆိုတော့ အက်စစ်ပါလို့။ အဲဒါကဆရာမတို့နိုင်ငံမှာ ရှိနေပြီလားဆိုတော့ ရန်ကုန်မြို့ကြီးမှာတော့ ရှိလောက်တယ်။ ဘာကြောင့်လဲဆိုတော့ စက်ရုံတွေ၊ စက်မှုဇုံတွေကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ရန်ကုန်မြို့ကြီးကို ဝန်းရံထားတာလေ။ အဲဒီအချက်တွေက မကောင်းဘူး။

တရုတ်နိုင်ငံဆိုရင် စက်မှုမြို့တော်ဆိုပြီး သတ်သတ်ထားတယ်။ အခုဟာက လူနေတဲ့မြို့ကြီးကို စက်မှုဇုံတွေက ဝိုင်းထားတာနော်။ အဲဒီစက်မှုဇုံတွေနဲ့ လူနေတဲ့ရပ်ကွက်ကြားထဲမှာ ဟိုဘက်က စက်မှုဇုံတစ်ခုခုဖြစ်ရင် ပေါက်ကွဲတယ်၊ လေထဲက အခိုးအငွေ့တွေလာတယ်။ အဲဒီကြားထဲမှာ ကြားခံဇုံမရှိဘူး။ Buffer Zone ဆိုတာ လူနေအိမ်လုံးဝ မရှိဘူး။ တောအုပ်လိုဟာမျိုး။ အဲဒါမျိုးကို ကြားထဲမှာ ထားထားပေးရမယ်။ ဒါပေမဲ့ ဒီမှာမရှိသေး ဘူး။ နောက်အဲဒီစက်မှုဇုံအောက်က မြေအောက်ရေအခြေအနေ ဘယ်လိုနေမလဲ။

နှစ်မျိုးရှိတယ်။ စက်ရုံတွေက မြေအောက်ရေကို ထုတ်ယူတဲ့ ပိုက်ကြီးကပိုကြီးတယ်။ အိမ်တွေကိုသာ အပြစ်တင်နေရတာ။ အိမ်တွေကထုတ်တဲ့ပိုက်က နှစ်လက်မပိုက်၊ စက်ရုံတွေက အနည်းဆုံး ခြောက်လက်မပိုက်။ နောက်ပြီးထုတ်တဲ့ ပမာဏ။ ရပ်ကွက်တွေက နည်းနည်းလေးနဲ့ လူတွေအများကြီးထုတ်တယ်။ သူတို့က အများကြီးကို စက်ရုံတစ်ခုတည်းက ထုတ်တယ်။ အဲဒီတော့သူတို့အောက်ကဟာက မြန်မြန်ကုန်တယ်။ တစ်ခါသူတို့က ညစ်ပတ်သေး တာလေ။ အဲဒီအတွက်ကို ဥပဒေတွေ၊ နည်းဥပဒေတွေ ရှိပြီလား။ ရှိရင်လည်း မလိုက်နာကြပါဘူး။

ဒီနိုင်ငံအတွက် ပြောတာမဟုတ်ဘူး၊ တစ်ကမ္ဘာလုံးအတွက်။ လူကိုလူနဲ့ ပြန်ထိန်းလို့မရနိုင်ဘူးလား။ ရတယ်လေ။ ဘယ်လိုရသလဲဆိုတော့ အဲဒီဥပဒေမူဘောင်ကြီးကို စပြီးတော့ဆွဲမယ်ဆိုကတည်းက ကိုယ်တိုင်မဆွဲဘူး။ ဆွဲဖို့ကောင်းတယ်ဆိုတာရယ်၊ ဆွဲထားပြီးသားအကြမ်းကို လူထုကိုချပြတာ။ ချပြတော့မှ လူထုက အဲဒါလုပ်မယ်ဆိုရင် ဟိုဟာလိုသေးတယ်။ ဒါကိုထပ်ထည့်ဦး၊ ဒါကတော့လုံလောက်ပြီ၊ ဒါမျိုးတွေပေါ့။ ဒါဆိုရင် ဒါကပြည်သူက ဆွဲတဲ့ ဥပဒေ ဖြစ်သွားပြီ။ မြေအောက်ရေဥပဒေကို အဲဒီလိုဆွဲသင့်တယ်။ အခုအကြမ်းကတော့ဆွဲပြီးပြီ။ အဲဒါကို ဆရာမတို့က ရေကော်မတီကနေ အဲဒါတွေကို လိုက်ပြီးချပြမယ်။

မော်ကွန်း။  ။ ဆရာမပြောခဲ့တဲ့အထဲမှာ မြေအောက်ရေတူးဖို့ စည်ပင်ကို ခွင့်ပြုချက်တင်ရတယ်။ ဒါပေမဲ့ ဒီခေတ်နဲ့ မလျော်ညီတော့ တာတွေ ရှိနေတယ်ဆိုတာက ဘယ်လိုဟာတွေပါလဲ။

ဒေါ်ခင်နီနီသိန်း။  ။ မညီတာတော့ မဟုတ်ဘူး၊ မလုံလောက်တော့ တာ။ ဥပမာ-အင်္ဂလိပ်ခေတ်တုန်းက မြေတွေများတယ်။ လူတစ်ယောက် တစ်ယောက်က အနည်းဆုံး မြေ ၁၀ဝ(ပေ) ပတ်လည်မှာ နေရတယ်။ ၁၉၆၀ ပတ်ဝန်းကျင်မှာ မြို့သစ်တွေ စတည်ပေးတယ်။ တည်တော့ မြေအကွက်ရိုက်တာကို ကြည့်။ ပေ ၄၀_ပေ ၆၀ အကွက်ရိုက်သွားတယ်။ ဒါ ဆင်းရဲသားတွေအတွက်။ အင်္ဂလိပ်ခေတ်က သာမန်လူတန်းစားက ပေ ၁၀ဝ ပတ်လည်မှာနေတယ်။ ရေအကြောင်း စဉ်းစားရင် မြေအကြောင်းပါရတယ်။ မပါလို့မရဘူး။ နောက်ပိုင်းမြေတွေကို ခွဲခွဲပြီး ရောင်းကြတယ်။

ပေ၂၀ _ ပေ ၆၀၊ နောက်ပိုင်း ၁၀ ပေ _ ပေ ၆၀။ နောက်ပိုင်း လူတစ်ယောက်က ၁၀ ပေပိုင်တယ်။ ဟိုခေတ်က ဥပဒေက ဘာကိုအရေးပေးလဲဆိုတော့ ကျန်းမာရေးကို အရေးပေးထား တယ်။ မြေအောက်ရေ တွင်းတစ်တွင်းတူးရင် အိမ်သာနဲ့ မနီးရ ဘူး။ အနည်းဆုံး ပေ ၅၀ ဝေးရမယ်။ စဉ်းစားကြည့်၊ ၁၀ ပေ ပိုင်တဲ့ သူက ဘယ်လိုသွားလုပ်မလဲ။

မော်ကွန်း။  ။ မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲမှုကို ကာကွယ်နိုင်ဖို့က ဘယ်နည်းလမ်းတွေက အကောင်းဆုံး ဖြစ်မလဲ။

ဒေါ်ခင်နီနီသိန်း။  ။ စင်ကာပူကနိုင်ငံမဟုတ်ဘူး၊ မြို့လေးတစ်မြို့ ။ စင်ကာပူကို တည်တုန်းက ရန်ကုန်မြို့ကွက်အတိုင်း လိုက်ရိုက်တာ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က ရန်ကုန်မြို့ကြီးက အာရှရဲ့နမူနာစံပြမြို့ကြီးမို့လို့ပဲ။ အခုခေတ်အချိန်မှာ စင်ကာပူကြီးက ဘာဖြစ်နေလဲဆိုတော့ သွားကြည့်လိုက်ရင် လမ်းတိုင်းလမ်းတိုင်းမှာ သစ်ပင်တွေ သစ်ပင်တွေကြားထဲမှာ ကားမောင်းနေရတာ။ သစ်ပင်တွေအရမ်းစိုက်တယ်။ ဒါကြောင့် မိုးအရမ်းကောင်းတယ်။ မိုးအရမ်းကောင်းတော့ ရေထိန်းထားနိုင်ပြီး မြေအောက်ရေထဲ ပြန်ဝင်တယ်။

ရန်ကုန်မြို့ကြီးကို ပထမဆုံးလုပ်ဖို့ဆိုရင် တစ်မြို့လုံးကို ခြုံကြည့်လိုက်။ ဘယ်နေရာတွေမှာ သစ်ပင်တောအုပ် တွေဖြစ်အောင် လုပ်ရမယ်။ မိုးရွာရင် ရေကိုထိန်းထားနိုင်တယ်။ မြေ အောက်ရေပြန်ဝင်တယ်။ အဲဒီအချက်ကို လူတွေက မေ့နေကြ တယ်။ ဘာလုပ်လိုက်လဲ၊ ပန်းခြံတွေကို ဖျက်ပြီးတော့ အဆောက်အအုံတွေ ဆောက်လိုက်ကြတယ်။ အဲဒီတော့ရန်ကုန်မြို့မှာ မိုးရွာရင် ရေလျှံတယ်ဆိုတာ အဲဒါပဲလေ။ မြေအောက်ရေဝင်နိုင်ဖို့ နေရာတွေက ကွန်ကရစ်တွေ ဖြစ်သွားတယ်။ ရေစိမ့်ဝင်နိုင်ဖို့ နေရာရှားသွားပြီ။

အခုအချိန်မှာ ရန်ကုန်မြို့ကိုပြန်ကြည့်။ ဘယ်နေရာကို တောအုပ်အဖြစ်ချန်ထားရမလဲ။ ပန်ခြံတွေ ပြန်ဖွင့်ပေး။ ရပ်ကွက် ထဲတွေမှာ ဘောလုံးကွင်းတွေထားမယ်။ အရမ်းကောင်းတာ။ ဘာဖြစ်လို့လဲ။ ရေလျှံရင် မြောင်းသွယ်ပြီး ဘောလုံးကွင်းထဲ ထည့်ပေးလိုက်၊ ဘောလုံးကွင်းက ယာယီရေထိန်းကန်ဖြစ်သွားတယ်။ နိုင်ငံခြားမှာ အဲဒီလိုပဲလုပ်တယ်။ ဘောလုံးကွင်းတွေကို အနည်းဆုံး သုံးပေ၊ လေးပေလောက် နှိမ့်ပြီးဆောက်ထားကြတယ်။ နာရီဝက်လောက် မိုးရွာရင် ဘောလုံးကွင်းထဲ ရေတွေထည့်ပေးလိုက်တယ်။

ကားလမ်းပေါ်မှာ ရေတွေကျသွားတယ်။ နောက်ဘုရားတွေကတော့ ရွှေ့လိုမရဘူးလေ။ ဒါကြောင့် ဘုရားပတ်ချာလည်မှာ သစ်ပင်တွေကို အများကြီးသာစိုက်ပေတော့။ အဲဒီလိုမျိုးတွေ လုပ်ပြီးတော့ ရန်ကုန်တစ်မြို့လုံးကြီး ကို Green City တစ်ခါတည်း  ဖြစ်အောင်လုပ်ရမှာ။ အဲဒါဆိုရင် ဒီပြဿနာတွေ အကုန်လုံးက တဖြည်းဖြည်းနဲ့ ရှင်းသွားမှာ။ အလုံးစုံလွှမ်းခြုံတဲ့ Planning တစ်ခုမရှိဘဲနဲ့တော့ ပြဿနာက ပိုပိုကြီးလာမှာ။ သေးမသွားဘူး ပိုကြီးလာမှာ။

အဲဒီတော့ ဘာဖြစ်လာမလဲ။ တစ်- နိုင်ငံဂုဏ်နဲ့ မလျော်ညီတဲ့ စုတ်စုတ်ပြတ်ပြတ်မြို့ကြီးတစ်မြို့ ဖြစ်သွားမယ်။ နှစ်- လူတွေ ဆင်းရဲမယ်။ လူတွေ ဆင်းရဲရင် ပြဿနာပိုများတယ်။

မော်ကွန်း။  ။ ဆရာမပြောတဲ့ အာဆင်းနစ်အကြောင်းကို ပြန်ရှင်းပြပေးပါဦး။ ဘယ်လို အန္တရာယ်တွေရှိတာလဲ။ အများပြည်သူ နားလည်နိုင်အောင် ရှင်းပြပေးပါဦး။

ဒေါ်ခင်နီနီသိန်း။  ။ အာဆင်းနစ်ကို မြန်မာလိုတော့ ပြန်ပြောလို့ မရဘူး။ ပရဆေးမှာတော့ စိန်လို့ခေါ်တယ်။ အဲဒီစိန်က လက်ဝတ် ရတနာတွေ၊ ဘာတွေလုပ်တဲ့(ကျောက်မျက်ရတနာ) စိန်မဟုတ်ဘူး။ တချို့ ပြောတဲ့ စိန်နဲ့ သံပရာသောက်ရင် သေတယ်လို့ပြော ကြတယ်လေ။ အဲဒီ စိန်ကိုပြောတာ။ ပရဆေးမှာပြောတဲ့ စိန်ဆို တာ အာဆင်းနစ်ပဲ။  နောက်တစ်ခုက သူက ရေထဲမှာပျော်နေတာ။ ဘာအရောင်ရှိလဲဆိုတာ အတုံးအခဲ ပြောရတာခက်တယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ဓာတ်ပစ္စည်းတစ်ခုဖြစ်တယ်။ ဒါပေမဲ့ သူ့သူငယ်ချင်းကို ရှာလို့ရတယ်။အဲဒါက Iron ။ သံဓာတ်များတဲ့နေရာမှာ အာဆင်းနစ်က တွဲနေတယ်။ သူက တစ်ကောင်တည်း ဘယ်တော့ မှ မနေဘူး။ သံဓာတ်များတဲ့ရေဆိုရင်တော့ နည်းနည်းသံသယ ဝင်လို့ရတယ်။ သံဓာတ်များတဲ့ နေရာတွေမှာဆို ဂရုစိုက်ပြီး ကြည့်မယ်။ ရေကိုထုတ်မယ်၊ ဓာတ်ခွဲခန်းကို ပို့မယ်။

မော်ကွန်း။  ။ တကယ်လို့ အာဆင်းနစ်ပါတဲ့ ရေတွေကို မသိဘဲ သောက်သုံးမိရင်၊ အသုံးပြုမိရင် ဘယ်လိုအ္တရာယ်တွေ ရှိပါ သလဲ။ ဘာရောဂါတွေ ဖြစ်နိုင်ပါသလဲ။

ဒေါ်ခင်နီနီသိန်း။  ။ ဒီရေတွေကိုသောက်ရင် ချက်ချင်း ဒိုင်းခနဲ၊ ဘိုင်းခနဲ လဲသေသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ စောစောက အာ ဆင်းနစ်သန့်စင်ထားပြီး ထွက်လာတဲ့ အရာလေးကိုတော့ သံပရာရည်နဲ့ သောက်ရင်တော့ ချက်ချင်း သေနိုင်တာပေါ့။ ရေထဲမှာပါတဲ့ အာဆင်းနစ်ကျတော့ အဲဒီလိုမဖြစ်ဘူး။ တစိမ့်စိမ့် နဲ့ လူကို ရောဂါဖြစ်စေတာ။ ဘယ်မှာ လာတွေ့ရမလဲဆိုတော့ ခြေ သည်း၊ လက်သည်းတွေ၊ အဖြူကွက်တွေဖြစ်တယ်၊ ပါးတယ်၊ ပေါက်သွားတယ်။ အရေပြားတွေ အကုန်လုံး ပေါက်ပြဲကွဲထွက်နေ တာ။ လူက နေလို့လည်းမကောင်းဘူး၊ စိတ်လည်းမချမ်းသာဘူး၊ အကြောတွေကလည်း ဆိုင်း၊ အရေပြားရောဂါတွေ၊ လက်သည်း၊ ခြေသည်း၊ သွားတွေမှာ ဖြစ်လာတတ်တယ်။ နောက်ပိုင်း အရမ်း များလာလို့ရှိရင် ကိုင်တွယ်လို့မရတာတွေ ဘာတွေ ဖြစ်တတ်ပါ တယ်။ မသန်မစွမ်း ဖြစ်သွားတာပေါ့။ နိုင်ငံတစ်နိုင်ငံမှာ မသန် မစွမ်းဖြစ်တဲ့သူတွေများသွားရင် ကုန်ထုတ်လုပ်ငန်းလည်း ကျ ဆင်းတာပေါ့။

မော်ကွန်း။  ။ ရန်ကုန်မြို့မှာ အာဆင်းနစ်ဝင်ရောက်နေတဲ့ မြေ အောက်ရေက ဘယ်လောက်ပမာဏလောက် ရှိနေပြီလဲ။

ဒေါ်ခင်နီနီသိန်း။  ။ ရန်ကုန်မှာ အာဆင်းနစ် ဘယ်လောက်ရှိလဲဆို တာက Unicef မှာပဲ စာရင်းဇယားနဲ့ရှိတယ်။ အန်တီတို့ ကြည့် ခွင့်မရဘူး။ အရင်တုန်းကဆိုရင် အဲဒီအာဆင်းနစ်က လူထုချောက်ချားမှာစိုးလို့ဆိုပြီးတော့ အစိုးရက လျှို့ဝှက် အချက်အလက်အဖြစ်ထားတယ်။ ဒါပေမဲ့(ဧရာဝတီတိုင်းဒေသကြီးက)သာပေါင်းတို့၊ ဘာတို့ကတော့ လျှို့ဝှက် မဟုတ်တော့ဘူး။ သာပေါင်းမှာတော့ အာဆင်းနစ်က အများကြီး ရှိနေတယ်။

မော်ကွန်း။  ။ အခုက ရန်ကုန်ကိုပဲ တည်ပြီး ပြောနေကြတာ။ မြန် မာတစ်နိုင်ငံလုံးရဲ့ မြေအောက်ရေအခြေအနေကရော ဘယ်လိုရှိလဲ။

ဒေါ်ခင်နီနီသိန်း။  ။ ကောင်းပါသေးတယ်။ တချို့နိုင်ငံတွေမှာဆို စိုက်ပျိုးရေက မြေအောက်ရေက ပေးတာ။ ဒါပေမဲ့ သူတို့ ဘယ်လို သုံးစွဲလဲဆိုတာ၊ စနစ်တကျ ပြန်ထည့်တဲ့ဟာထည့်တယ်။ ပြီးတော့ ဒီနေရာမှာ ဒီလောက်ပဲ ထုတ်သင့်တယ်ဆိုရင် ပိုမထုတ် ဘူး။ ထုတ်သင့်သလောက်ပဲ ထုတ်တယ်။ မြန်မာတစ်နိုင်ငံလုံး ဆိုရင်တော့ ချမ်းသာတဲ့ အခြေအနေတော့ ရှိပါသေးတယ်။ ဒါပေမဲ့ ဘယ်လောက်ချမ်းသာ၊ချမ်းသာ စည်းကမ်းတကျမသုံးရင် ကုဋေရှစ်ဆယ်သူဌေးသားလိုပဲ ဖြစ်သွားနိုင်တယ်။ အခု မြန်မာနိုင်ငံမှာ ကုဋေရှစ်ဆယ် မကပါဘူး၊ ကုဋေတစ်ရာ့ခြောက်ဆယ် လောက် ရှိပါတယ်။ ဒါပေမဲ့ လူတွေက ကုဋေရှစ်ဆယ်သူဌေးသား လို ကျင့်ကြံလို့ရှိရင်တော့ သွားပြီပေါ့။

မော်ကွန်း။  ။ Organization for Economic Co-opearation and Development က ၂၀ဝ၇ ခုနှစ်တုန်းက ထုတ် ပြန်တဲ့ စစ်တမ်းတစ်စောင်အရ အာရှပင်လယ်ဆိပ်ကမ်းမြို့တွေထဲမှာ နောက် ၂၀၇၀ ခုနှစ်ကျရင် ရေလွှမ်းခံရမယ့် မြို့တွေထဲမှာ ရန်ကုန်မြို့လည်း ပါဝင်ပါတယ်။ လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားရင် အဲဒီနေ့ကို တကယ်ရောက်လာနိုင်ပါ သလား။

ဒေါ်ခင်နီနီသိန်း။  ။ မြန်သွားမှာပေါ့။ အဲဒီနေ့ကို ရောက်သွားနိုင်တယ်ဆိုတာ အခုလက်ရှိ ရေအဖြုန်းနှုန်းနဲ့ တွက်တာလေ။ အဲဒီ အဖြုန်းက မြန်လာရင် မြန်မြန် ဒီနေ့ကို ရောက်လာနိုင်တယ်။ ဒီနေ့ကို မရောက်အောင်တော့ အစွမ်းကုန် ကာကွယ် ရမယ်။

မော်ကွန်း။  ။ ဘာများဖြည့်စွက်ပြောကြားလိုပါသလဲခင်ဗျာ။

ဒေါ်ခင်နီနီသိန်း။  ။ အန်တီတို့ လက်ရှိလုပ်နေတဲ့အလုပ်မှာ အကြီး ဆုံးစိန်ခေါ်မှုက မယုံကြည်မှုပဲ။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုမရှိဘူး။ လူတွေအကုန်လုံးက လွန်ခဲ့တဲ့ နှစ် ၆၀ က အိပ် မက်ဆိုးကြီးထဲမှာ နေခဲ့ရတာ။ အဲဒီအိပ်မက်ဆိုးထဲမှာ သူတို့တွေ မြင်ဖူးတာက သရဲတွေ၊ တ္ဆေတွေပဲ မြင်ဖူးတယ်။ အခုမိုးလင်းပါ ပြီလို့ပြောတော့လည်း မိုးက တကယ်မလင်းသေးဘူး။ ဒါပေမဲ့ အရုဏ်တော့ လာနေပြီ၊ ရောင်နီက ပြူနေပြီ၊ အနီရောင်အလင်း လေးတစ်ခုတော့ မြင်နေရပြီ။ ကောင်းကင်ကြီးကတော့ မလင်း သေးဘူး။ အရုဏ်ဦးပြီဆိုတာကို ယုံပြီးတော့ အိပ်ရာက ထကြဖို့ ပဲ။ သွားပါ၊ မယုံပါဘူး။ ငါ အိပ်ရာက ထရင် သရဲတွေ၊ တစ္ဆေတွေပဲ တွေ့ရမှာဆိုပြီး ဆက်အိပ်နေရင်တော့ နိုင်ငံကြီးက တိုးတက် မလာပါဘူး။ အရုဏ်လေးတော့ ပြူပါပြီ။ အဲဒီအရုဏ်လေးမှာ ငှက်နဲ့ အတူ ထပြီးတော့ တစ်ခုခုလုပ်ကြမယ်။

သူတို့မယုံတဲ့ဟာကို လုပ်ဖို့မဟုတ်ဘူး။ ယုံတဲ့ဟာလေးတွေကို ကျရာနေရာကနေ တစ်နိုင်တစ်ပိုင်လေး  ဝိုင်းပြီးလုပ်ကြဖို့ လို ပါတယ်။ ရေကိစ္စမှာ အားလုံးမပါဘဲ ဘာမှမပြီးဘူး။ အကုန်ပါမှပြီးမှာ။        ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."