သံဖြူဇရပ်မြို့နယ် အနင်းရွာဘူတာလုံခြုံရေးကင်းစခန်းကို မွန်တော်လှန်ရေးတပ်တွေဝင်ရောက်ပစ်ခတ်

သံဖြူဇရပ်မြို့နယ် အနင်းရွာဘူတာလုံခြုံရေးကင်းစခန်းကို မွန်တော်လှန်ရေးတပ်တွေဝင်ရောက်ပစ်ခတ်

ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၉ (မော်ကွန်း)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က အနင်းရွာ ဘူတာရုံလုံခြုံရေးကင်းစခန်းကို မနေ့က မနက်ပိုင်းမှာ မွန်တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။

လက်ရှိမှာ သံဖြူဇရပ်၊ အနင်းဘူတာဟာ ရထားပြေးဆွဲတာမရှိဘဲ ရန်ကုန်ကနေ ကျိုက်ထို၊ မော်လမြိုင်ထိပဲ ရထားပြေးဆွဲနေတာပါ။

“အဲဒီဘက်မှာ ရထားမပြေးဘူး ဘူတာစောင့် ကင်းပဲရှိတာ။ စုစုပေါင်း ၁၀ ယောက်လောက်ရှိတာ။ ကျန်တဲ့သူတွေ ထွက်ပြေးသွားလို့ လေးယောက်ပဲသေသွားတယ်” လို့ သံဖြူဇရပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မနေ့က မွန်းလွဲပိုင်းမှာလည်း မော်လမြိုင်-သံဖြူဇရပ် ရထားလမ်းပိုင်းက ထင်းရှူးရွာ ဘူတာက လုံခြုံရေးကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ကလည်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မွန်တော်လှန်ရေးတပ်တွေဟာ မကြာခဏဆိုသလို မွန်ပြည်နယ်ရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ သံဖြူဇရပ်-ရေး ပြည်ထောင်စုကားလမ်းပိုင်းတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာ မော်လမြိုင်မြို့ရဲ့တောင်ပိုင်း သံဖြူဇရပ်၊ ရေး မြို့နယ်တွေနဲ့ မွန်-ကရင်အစပ်၊ မွန်တနင်္သာရီအစပ်ဒေသတွေမှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP(AD) ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA ) တပ်တွေ စစ်ရေးလှုပ်ရှားနေတာပါ။

၎င်းတပ်ဖွဲ့နှစ်ခုဟာ ဒီနှစ်မေလပိုင်းမှာ တစ်ခုတည်းသောမွန်တပ်ဖွဲ့အဖြစ် ရာမညမွန်တပ်တော် (RMA) အဖြစ်ပေါင်းစည်းခဲ့ကာ ပူးတွဲစစ်ရေးလှုပ်ရှားနေပြီး အာဏာသိမ်းစစ်ကော်ရှင်တပ်ကို တိုက်ခိုက်နေတာပါ။

ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ မွန်တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ရေးအရှိန်မြှင့်မှာဖြစ်ပြီး စစ်ကော်မရှင်က ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကို ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ – မွန်ပြည်နယ်တွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – MSRF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."