ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၉ (မော်ကွန်း)
ကရင်နီဒေသ ဒီးမော့ဆိုမြို့အနောက်ခြမ်းကစစ်ဘေးရှောင်စခန်းဖွင့်ထားတဲ့ရွာတွေကို ဒီရက်ပိုင်းမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
ကရင်နီဒေသက ဒီးမော့ဆိုအနောက်ခြမ်း ဖရူဆို-ဒီးမော့ဆို လမ်းပိုင်းကို စစ်ကော်မရှင်တပ်ဟာ မြေပြင်စစ်ကြောင်းတွေလည်း ပို့လွှတ်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလည်း တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။
စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားတဲ့ ပဒုံငံ၊ ကွိုင်ငံရွာသစ်တွေကို လက်နက်ကြီးတွေ၊ အတွဲလိုက်ပစ်ဒုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်တွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“မနေ့ကတော့ စစ်ကြောင်းကအရမ်းကပ်လာတယ်၊ လက်နက်ကြီးသံတွေအရမ်းနီးလာလို့ အရေးပေါ် ရွှေ့ပြောင်းပေးထားတယ်။ သူတို့က အရင်ကတည်းက စစ်ရှောင်လာတဲ့သူတွေပဲ၊ ထပ်ပြီးရှောင်ရတာပေါ့။ နေရာရွှေ့ပြောင်းဖို့ ဆီဖိုးတွေ၊ တခြားအကူအညီတွေတော့လိုပါတယ်။” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ထပ်မံပြီး စစ်ဘေးရှောင်ရသူတွေဟာ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေက စစ်ဘေးရှောင်တွေ အများစုဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ ကရင်နီဒေသရဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဒီမောဆိုးနဲ့ ဖရူဆိုလမ်းပိုင်းကို ပြီးခဲ့တဲ့လနောက်ဆုံးပတ်ကစပြီး နှစ်ဖက်ညှပ်ကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းက ငွေတောင်ရွာသစ်မှာ ကရင်နီတပ်ပေါင်းစုက စစ်ကော်မရှင်တပ်ကို ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
စစ်ရေးလေ့လာသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်ကတော့ “အကြမ်းဖက်တပ်ဟာ မိုးဗြဲကနေလည်း ဒီးမော့ဆိုအနောက်ခြမ်းကို ပတ်ဝင်နိုင်ဖို့ တောက်လျောက် ကြိုးစားနေတာဖြစ်တဲ့အတွက် ထိတွေ့မှုတွေ ဆက်တိုက်ရှိလာနေပါတယ်။ ၁၂၀ မမ စိ-န်ပြောင်းအပြင် အတွဲလိုက်ဒုံးတွေနဲ့ပါ ပစ်ကူပေးလာတာကို တွေ့ရပါတယ်” လို့ သုံးသပ်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကရင်နီနဲ့ ရှမ်းတောင်ပိုင်းအစပ်ဖြစ်တဲ့ မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးနိုင်ပြီးနောက်ပိုင်းမှာ ဒီးမော့ဆို-မိုးဗြဲလမ်းပိုင်းကို စတင်စစ်ကြောင်းထိုးလာပါတယ်။
လက်ရှိမှာ နန်းမယ်ခုံနဲ့ ဒီးမော့ဆိုမြို့တွေက တော်လှန်ရေးတပ်တွေစခန်းတွေကို ဆုတ်ခွာပေးလိုက်ရပြီး စစ်ကော်မရှင်တပ်က ဒီလမ်းပိုင်းကို ပြန်ထိန်းချုပ်လာတာပါ။
ပုံစာ – စစ်ဘေးရှောင်တွေကို ကူညီရွှေ့ပြောင်းပေးနေကြသူများ
ဓါတ်ပုံ – Karenni Hope

