မိုးကုတ် – ၂၀၂၅ ဩဂုတ် ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်ရှိ ကျပ်ပြင်စျေးအနီးကို စစ်ကောင်စီတပ်က ဒီနေ့ညနေ ၃း၁၀ မိနစ်ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒေါ်နန်းကြည်တောင်အောက်ရှိ ကျပ်ပြင်စျေး၊ နာရီစင်အနီး ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
” လေယာဥ်ဝဲလို့အကုန်ထပြေးကြတာ၊ ပြေးဖို့ ထခါစပဲ လေယာဥ်ကကြဲ ပြီ၊ လူအထိခိုက်တော့မရှိဘူး ၊ခုကလေယာဥ်ကို နေ့ကောညပါ ကြောက်နေရတယ် “လို့သူကပြောပါတယ်။
ကျပ်ပြင်စျေး၊ နာရီစင်အနီးမြေကွက်လပ်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိဘဲ အနီးအနားအဆောက်အဦးအချို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဒီလထဲမှာ ဗုံး လေးကြိမ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ပါတယ်။

ပုံစာ – ဒီနေ့ စစ်ကောင်စီ မိုးကုတ်ကို ဗုံးကြဲတဲ့မြင်ကွင်း
ဓါတ်ပုံ – ပေးပို့

