မိုးကုတ်-၂၀၂၅ ဩဂုတ် ၁၄ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က ဒီနေ့ည ၈း၀၀ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားရှစ်ဦးထက် မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒီအရေအတွက်ဟာ လတ်တလောရထားတဲ့အရေအတွက်ဖြစ်ပြီး ပြန့်ကျဲနေတဲ့အသားစတွေနဲ့အလောင်းတွေရှိနိုင်သေးတယ်လို့ ဒေသခံဆီကသိရပါတယ်။
” ငါးပတ် တောင်နဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းနားလို့ပြောတယ်။ လေယာဥ်က တစ်ချိန်လုံးဝဲနေတာ၊ ပြီးမှ ချသွားတယ်။ သေဆုံးသူများတယ်။ ထိခိုက်ဒဏ်ရာရသူလည်းများတယ် ” လို့ အရှေ့ပိုင်းမှာ နေထိုင်သူ မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့ကိုသိမ်းထားတဲ့ တအာင်းတပ်(TNLA) ကတော့ မိုးကုတ်ဗုံးကြဲခံရတာကို ထုတ်ပြန်ထားပြီး ထိခိုက်၊သေဆုံးစာရင်းကို ထပ်မံအသိပေးမယ်လို့ ဒီညပိုင်းမှာ ထုတ်ပြန်တယ်။
ဗုံးကြဲခံရတဲ့ နေရာအနီးမှာ နေထိုင်တဲ့ ဒေသခံတချို့ အဆိုအရ မီးဖွားဖို့ပြင်ဆင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနဲ့ တခြားပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ခုနှစ်အိမ် ကြေမွသွားသလို ထိခိုက်ဒဏ်ရာရသူများနေတယ်လို့ လတ်တလော မြေပြင်အခြေအနေကို ပြောပါတယ်။
အခုနောက်ဆုံးသိရတဲ့အချက်အလက်အရ ကလေးသူငယ် သုံးဦး သေဆုံးတဲ့အထဲမှာပါဝင်နေပြီး သေဆုံးသူ ရှစ်ဦးထိရှိလာပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း အောင်သုခရပ်ကွက်နဲ့ ဂေါင်းဦးဘာရပ်ကွက်ကြားကို စစ်ကောင်စီတပ်က ဒီလ ၂ရက်နေ့မှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြာင့် ပြည်သူ ၁၂ဦး ထိခိုက် သေဆုံးခဲ့ပါသေးတယ်။
ဇွန်လကနေ ဩဂုတ် ဒုတိယအပတ်အထိ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့မှာ ပြည်သူ ၂၀ ခန့် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။

ပုံစာ – ဗုံးကြဲခံရလို့သေဆုံးသွားသူများ
ဓါတ်ပုံ – ပေးပို့

