ရန်ကုန်-၂၀၂၅ ဩဂုတ် ၁၄ (မော်ကွန်း)
လူ သန်း ၂၀ လောက် လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလုပ်ငန်းများအတွက် ရန်ပုံငွေအနည်းဆုံးရတဲ့ နိုင်ငံတွေထဲကတစ်ခုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ဒီနေ့ ထုတ်ပြန် သတိပေးပါတယ်။
စစ်ပွဲတွေ၊ ငလျင်ဘေးတွေ၊ ရေဘေးတွေနဲ့ပါ လုံးပန်းနေရတဲ့နိုင်ငံအတွက် ဒီနှစ်ထဲမှာ ကူညီထောက်ပံ့ဖို့ လိုအပ်ငွေရဲ့ ၁၂ ရာခိုင် နှုန်းသာ လက်ခံရရှိထားသေးတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီနှစ်အတွက် နိုင်ငံတစ်ဝန်းမှာ လူသားချင်းစာနာမှုအကူအညီပေးဖို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် လိုအပ်ပေမယ့် အခုအထိ ၁၃၅ သန်းကျော်လောက်သာ ရသေးတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်တွေ၊ ငလျင်ဘေးသင့်သူတွေ၊ ရေဘေးဒုက္ခသည်တွေအပါအဝင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့ အထောက်အပံ့တွေကို ပံ့ပိုးနေပေမယ့် မလုံလောက်သေးဘူးလို့ ဆိုပါတယ်။
ရန်ပုံငွေ မလုံလောက်မှုကြောင့် နိုင်ငံတစ်ဝန်းက ကျန်းမာရေးစောက်ရှောက်မှုပေးနေတဲ့ စခန်း ၆၀ ကျော်ကို ပိတ်သိမ်းခဲ့ရပြီး ဒါက လူပေါင်း ၁၂၀,၀၀၀ ကျော်အပေါ် သက်ရောက်မှု ဖြစ်ခဲ့ရတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။
စစ်ပွဲတွေကြောင့် ပြည်တွင်းမှာတင် နေရပ်စွန့်ခွာ လှည့်လည်တိမ်းရှောင်နေရသူ သုံးဒသမငါးသန်းကျော်ရှိနေသလို ငလျင်ဘေး ၊ ရေဘေးတွေကြောင့် အကူအညီလိုအပ်သူတွေ တိုးလာနေတယ်လို့ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ထဲမှာဆိုရင် တိုက်ပွဲ၊ ပိတ်ဆို့ခံရမှုနဲ့ ရန်ပုံငွေမလုံလောက်မှုတွေ ပေါင်းစုံပြီး ဆာလောင်မွတ်သိပ်မှုနဲ့ အဟာရချို့တဲ့မှုတွေ တိုးဖြစ်လာနေတယ်လို့ သတိပေးပါတယ်။
နိုင်ငံတစ်ဝန်းမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်သူ သန်း ၂၀ ဝန်းကျင်အထိ ရှိလာနေပြီး ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေအနေနဲ့ ဒီနှစ်အတွင်းမှာ လူပေါင်း ငါးသန်းခွဲလောက်ကို ကူညီနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဖော်ပြပါတယ်။
ပုံစာ- ကရင်နီပြည်(ကယားပြည်နယ်)က စစ်ဘေးရှောင်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ ကလေးငယ်တွေကို ဒီလ ၁၂ ရက်က တွေ့ရစဉ်
ဓါတ်ပုံ- ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်

