ရန်ကုန် – ၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း)
မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်တွေက ဒီနေ့မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲမှာ ရဲရှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးကိုတော့ လက်ရဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
တညောင်တိုက်နယ်ရဲစခန်းဟာ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း-ဆိပ်ဖြူ-ချောက် ကားလမ်းမှာရှိပြီး ဒီနေ့မနက် ၅ နာရီခန့်မှာ စလင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ပစ်ကူသုံးကြိမ်ပေးခဲ့ပေမယ့် တိုက်ပွဲအတွင်း ရဲစခန်းဘန်ကာတွေကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ G-3 ငါးလက်၊ MA-13 တစ်လက်နဲ့ ကျည်တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ စလင်း ပ.က.ဖ က ဓါတ်ပုံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားတာပါ။
ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းဖြစ်ပြီး ရခိုင်ရိုးမ စပ်ဆက်နေတဲ့ မကွေးတိုင်းထဲက စလင်း၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း မြို့နယ်တွေမှာ ဒေသတွင်း တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့နှစ်ပိုင်းတွေထဲက အားကောင်းလာပြီး ဒီလမ်းပိုင်းတွေကို စိုးမိုးလာခဲ့တာပါ။
ဒါ့အပြင် စလင်း-ဆင်ဖြူကျွန်း- ဆိပ်ဖြူ ကားလမ်းကိုလည်း မကြာခဏ တော်လှန်ရေးတပ်တွေက အသွားအလာကန့်သတ်တာတွေရှိခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ မကြာခဏတိုက်ပွဲတွေ ဖြစ်နေတာပါ။
ပြီးခဲ့တဲ့လပိုင်းတွေကလည်း ဒီလမ်းပိုင်းကို စစ်ကောင်စီတပ်က သံချပ်ကာနဲ့ တင့်ကားတွေပါဝင်တဲ့ စစ်ကြောင်းတွေ ထိုးလာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ပုံစာ – ရဲစခန်းကိုသိမ်းပိုက်လိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – စလင်း ပကဖ

