ရန်ကုန်-၂၀၂၅ ဩဂုတ် ၄ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဒီလဆန်းပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဖားကန့်က စစ်ကောင်စီတပ်စွဲထားတဲ့ ရွာတချို့ကို KIA တပ်က ဒီလဆန်းတစ်ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဒီနေ့ထိ ဆက်လက်ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး အဲဒီတစ်နီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတချို့လည်း သေဆုံးတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ရှရော်ခ၊ ဆန်းကြွယ်နဲ့ မျောက်ဖြူရွာတွေကို လက်နက်ကြီးကျည်တွေကျရောက်ခဲ့ပြီး နှစ်ရက်အတွင်းမှာ ဒေသခံ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သတင်းတချို့ကဆိုပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာဟာ ဖားကန့်ရဲ့ ကျောက်စိမ်းမှော်တွေအနီးမှာဖြစ်ပြီး ဒီမှော်တွင်းတွေမှာလုပ်ကိုင်နေတဲ့ ဒေသခံအများအပြားရှိနေတာပါ။ လက်ရှိမှာတော့ ၎င်းကျေးရွာက ဒေသခံတွေက ဘေးလွတ်ရာရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
“သုံးရက်ဆက်ရှိပြီ၊ လက်နက်ကြီးတွေလည်း အတွဲလိုက်ကိုပစ်နေတာပဲ” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျောက်စိမ်းလုပ်ကွက်နဲ့ ကျောက်ဝိုင်းတချို့ ရပ်ဆိုင်းထားရပြီး ဖားကန့်ဒေသကို ဖြတ်တဲ့ အဓိကလမ်းကိုလည်း KIA နဲ့ KPDF တပ်တွေက ယာယီပိတ်ထားတယ်လို့ အသိပေးထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်ကို ဒီနှစ်မေလမှာ စစ်ကောင်စီတပ်ရဲ့ အင်အားအလုံးအရင်းကို ပို့လွှတ်ခဲ့ပြီး ဖားကန့်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်လာပြီး KIA တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်လာတာပါ။
ဗန်းမော်မြို့မှာလည်း စစ်ကောင်စီတပ်ရဲ့ ရေယာဉ် အစီး ၂၀ ကျော်ပါ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့နှစ်ရက်ကရောက်ရှိလာပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖွယ်ရှိပါတယ်။
ပုံစာ – ကချင်ပြည်နယ်မှာ KIA နဲ့ ပူးတိုက်နေတဲ့ KPDF တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – KPDF

