မိုးကုတ် – ၂၀၂၅ ဇူလိုင် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က ဒီနေ့ညနေ ၅:၀၀နာရီအချိန်ခန့်က လေကြောင်းကနေ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ကနဦးမှာတော့ ဝန်ထမ်းတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
” မိုးကြိုးပစ်သံထင်နေတာ၊ နှစ်လုံးတောင်ကြားလိုက်ရလို့ထွက်ကြည့်တော့ ရွှေလိပ်ပြာဟိုတယ်ဘက်ဖြစ်နေတာ၊ အဆောက်အဦးတွေပျက်စီးတာရှိတယ်”လို့ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်က ရွှေလိပ်ပြာဟိုတယ်ကို လေကြောင်းကနေ ဗုံး နှစ်လုံးကြဲချခဲ့ပေမယ့် တစ်လုံးက အနီးနား တောထဲကိုကျသွားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲလို့ သေဆုံးသွားသူက ဟိုတယ်ဝန်ထမ်းဖြစ်ပြီး Dinning Room အဆောက်အဦးလည်းပျက်စီးသွားတယ်လို့ ပြောပါတယ်။
တအောင်းတပ်ဖွဲ့ (TNLA) ဘက်ကတော့ လတ်တလောမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
မိုးကုတ်အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို အခုလ ၈ရက်မှာလေကြောင်းဗုံးကြဲတာကြောင့် ဗုံးစထိမှန်ပြီး ပြည်သူ သုံးဦး သေဆုံးခဲ့ပါတယ်။
ဒါအပြင်မိုးကုတ် အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်ကောင်စီတပ်က အခုလ ၉ရက်နဲ့ ၁၃ရက်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေး နှစ်ဦးသေဆုံးခဲ့ပါတယ်။

ပုံစာ – စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့သည့် ရွှေလိပ်ပြာ ဟိုတယ် Dinning Room
ဓာတ်ပုံ – Supplied

