ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၃ (မော်ကွန်း)
ရခိုင်ပြည်နယ်က မြို့ပေါင်းရှစ်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံသောင်းနဲ့ချီပြီး ရေဘေးသင့်နေတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့လကုန်ပိုင်းထဲက ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမှာ ရေကြီးရေလျှံနေတယ်လို့ မနေ့က ရက်စွဲနဲ့ AA က ထုတ်ပြန်ခဲ့တာပါ။
၎င်းရေဘေးကြောင့် နေအိမ်တွေ၊ စပါးခင်းတွေနဲ့ လမ်းတံတားတွေပျက်စီးတာတွေအပြင် လူသေဆုံးမှုတွေလည်းရှိနေပြီး ကျေးရွာပေါင်း ၉၀ ခန့်က လူဦးရေ တစ်သောင်းနှစ်ထောင်ကျော်ဟာ အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားတာပါ။
လက်ရှိ ရေလွှမ်းမိုးခံနေရတဲ့ နေရာအများစုက အကူအညီတွေလက်လှမ်းမီဖို့ခက်ခဲနေပြီး ဒီဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မျိုးစပါးတွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုနေတယ်လို့ ဆိုပါတယ်။
ဒီဒေသတွေကို အကူအညီပေးအပ်ချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလှူရှင်တွေအနေနဲ့ AA တပ်ဖွဲ့ က ဖွဲ့စည်းထားတဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကို ဆက်သွယ်ပြီးအကူအညီပေးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က မြို့ပေါင်း ၁၄ မြို့ထိ သိမ်းပိုက်နိုင်ခဲ့ပြီး ဒီတိုက်ပွဲတွေကြောင့် ရခိုင်မှာ စစ်ဘေးရှောင်သိန်းနဲ့ချီရှိနေပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေအပြင် ရာသီဥတုဘေးတွေကိုလည်း ရင်ဆိုင်လာရတာပါ။
စစ်ဘေးရှောင်စခန်းတချို့ဟာဆိုရင် မြစ်ချောင်းတွေနဲ့နီးစပ်တဲ့ နေရာတွေမှာရှိနေပြီး မိုးတွင်းကာလမှာ ရေဘေးအများဆုံးရင်ဆိုင်နေရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ကူညီနေသူ ဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် ရခိုင်တောင်ပိုင်းက မြစ်ချောင်းတချို့မှာလည်း ဒီရက်ပိုင်း ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် မြစ်ရေမြင့်တက်နေတယ်လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးက ဒီတစ်ပတ်နှစ်ပတ်လုံး လုံးဝမရပ်ဘူး ဆက်တိုက်ရွာနေတယ်။ မြောက်ပိုင်းက ချောင်းရေက အခုတောင်ပိုင်းကိုပြန်ဆင်းလာတော့ တောင်ပိုင်းမှာပါ သံတွဲချောင်းလည်း ရေတက်နေတယ်။” လို့ သံတွဲဒေသခံတစ်ဦးကလည်း ပြောပါတယ်။
လက်ရှိမှာ နိုင်ငံတစ်ဝန်းဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးသည်းထန်ခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မွန်းလွဲပိုင်းမှာထုတ်ပြန်ထားပါတယ်။

ပုံစာ – AA ထိန်းချုပ် မင်းပြားမြို့နယ်မှာ ရေနစ်မြုပ်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – APM

