ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၅ (မော်ကွန်း)
တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီရက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေထိ ထိုးဖောက်လာပြီး မြို့တွင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ နောင်ချိုဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်ကစပြီး နောင်ချိုမြို့အစွန်ကရပ်ကွက်တွေထိ စစ်ကောင်စီတပ်တွေ စတင်ထိုးဖောက်ဝင်လာပြီး လက်ရှိမှာတော့ နောင်ချိုရဲ့ တောင်ပိုင်းရပ်ကွက်တွေထိ ရောက်ရှိနေပြီလို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကလည်း နောင်ချိုနဲ့ ကျောက်မဲကြားမှာရှိတဲ့ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။
လက်ရှိမှာတော့ TNLA တပ်တွေဟာ ဗျူဟာအရ တပ်ဆုတ်ပေးနေရတဲ့ အခြေအနေရှိတယ်လို့လည်း စစ်ရေးသုံးသပ်ချက်တွေရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။
“တောင်းခမ်းကနေ တရှိန်ထိုးတက်လာတဲ့ စစ်တပ်ရဲ့ တိုက်စစ်အားဟာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဗုံးတွေနဲ့ နေ့စဉ် ရာဂဏန်းနီးပါးပစ်ခတ်တိုက်ခိုက်တယ်။ အဲဒီလိုဗုံးမိုးရွာနေတဲ့ အချိန်မှာ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေဟာလည်း လူသားတွေပဲဖြစ်တယ်။ အဆိုပါပစ်အားကြောင့် ခြေကုပ်နေရာတွေကနေ ဆုတ်ပေးရတယ်။ အဲဒီအချိန် လူသစ်တွေက ချက်ချင်းတပ်ဖြန့်နေရာယူတယ်။ တစ်ဆက်တည်း ဆုတ်ခွာသွားတဲ့နေရာကို လက်နက်ကြီးနဲ့ထပ်ပစ်တယ်၊ ဆုတ်ရတယ်။ အဲသလို နဲ့ နောက်ကို တဖြည်းဖြည်းချင်း ဆုတ်လာရတာပဲ ဖြစ်ပါတယ်” လို့ နောင်ချိုတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားတာပါ။
လက်ရှိမှာတော့ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတွေလည်း မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပြီလို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ကြားတာတော့ နောင်ချိုရဲ့ ခံစစ်ကကျိုးပေါက်သွားပြီ။ မြို့ပေါ်မှာတော့ တိုက်ပွဲတော့ နည်းနည်းရှိနေသေးတယ်။ စစ်ဘေးရှောင်တွေလည်း သီပေါဘက်မှာ ထပ်တိုးလာတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နောင်ချိုနဲ့ ကျောက်မဲမြို့က ဒေသခံ ၂,၀၀၀ ကျော် ဟာ သီပေါမြို့နယ် နောင်ပိန်ရွာကို စစ်ဘေးရှောင်လာကြတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“အရင်ကတော့ ပြန်သွားတဲ့သူတွေလည်း အခုပြန်ရောက်လာတယ်။ စစ်ရှောင် ၂,၀၀၀ ကျော်သွားပြီ နောင်ပိန်က ဘုန်းကြီးကျောင်းတွေမှာ ရှောင်ကြတယ်။ တချို့လည်း လားရှိုးတို့ တောင်ကြီးတို့ဘက်ထိ ရှောင်ကြတယ်” လို့ ၎င်းစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ နောင်ချိုမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့ရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်အခြမ်းအပါအဝင် မြို့ပတ်ပတ်လည်က ရပ်ကွက်တွေကို ထိန်းချုပ်ထားနိုင်ပြီး နာမည်ကျော် ဂုတ်ထိပ်တံတားအထိ ထိန်းချုပ်ထားနိုင်ပြီလို့လည်း စစ်ကောင်စီလော်ဘီ ချယ်နယ်တွေက ဖော်ပြနေကြပါတယ်။
TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုကနေ TNLA တပ်တွေ မဆုတ်ခွာသေးဘဲ တိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတချို့ကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နောင်ချိုမြို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေး ဆက်သွယ်ထားတဲ့ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို နောင်ချိုမြို့နယ်အနီးမှာ ပိတ်ထားလိုက်ရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တစ်နှစ်ကျော်က TNLA ဆီကို လက်လွှတ်ခဲ့ရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ဒီနှစ်လယ်ပိုင်းစပြီး ပြန်လည်ထိုးစစ်ဆင်လာခဲ့တာပါ။
ပုံစာ – နောင်ချိုမြို့နယ်ကို ထိန်းချုပ်ထားတဲ့ TNLA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – TNLA

