ရန်ကုန်-၂၀၂၅ ဇွန် ၃ (မော်ကွန်း)
ရန်ကုန်မြို့မှာ နေထိုင်သူ ၂ ဒသမ ၇ သန်းကျော်ဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်နေကြပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ဒီနေ့ ထုတ်ပြန်တဲ့ ‘ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှုအား လှစ်ဟသုံးသပ်ခြင်း’ဆိုတဲ့ အစီရင်ခံစာမှာ သတိပေးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပြဆင်းရဲသူတွေ သိသိသာသာတိုးလာတာလို့ ဖော်ပြပါတယ်။ ဒီအစီရင်ခံစာကို မနှစ်က ဇူလိုင်လထဲမှာ ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းဖြေဆိုသူပေါင်း ၄,၈၀၀ ကျော်ရဲ့ အချက်အလက်တွေ ကို အခြေခံထားတာလို့ ဆိုပါတယ်။
နိုင်ငံတွင်းမှာစီးပွားရေးကျဆင်းလာတာ၊ နိုင်ငံရေးမတည်ငြိမ်တာနဲ့ နေရပ်ရွှေ့ပြောင်း အခြေချတာတွေကြောင့် ရန်ကုန်မြို့နဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ ကြုံနေရတဲ့ ဆင်းရဲဒုက္ခ အချက်အလက်တွေကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၇ က ရန်ကုန်မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲသားအဖြစ် ရှိနေရာကနေ ၂၀၂၃ အရောက်မှာ လူဦးရေရဲ့ ၄၃ ရာခိုင် နှုန်းအထိ ရောက်ခဲ့တာလို့ UNDP က သတိပေးပါတယ်။ ဒါက ရန်ကုန်မြို့က လူ ၂ ဒဿမ ၇ သန်းကျော် ဆင်းရဲ မွဲတေနေတဲ့ သဘောပါ။
ဒါအပြင် ပြန်နလံထူဖို့ခက်တဲ့ ဆင်းရဲတွင်းနက်ကျဆင်းနေတဲ့ လူဦးရေဟာလည်း ၂၀၁၇ တုန်းက မြို့လူဦးရေရဲ့ နှစ်ရာခိုင်နှုန်း သာ ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ မှာ ၂၆ ရာခိုင်နှုန်းအထိ တိုးပွားခဲ့ပြီး ဖြစ်တယ်လို့ UNDP က သတိပေး ပါတယ်။
“ မြို့ပြဆင်းရဲသားတွေဟာ ပြောရမယ်ဆိုရင် မသေရုံတမယ်ပေါ့ဗျာ။ အဲဒီလောက်အထိ ရုန်းကန်နေကြရတယ်။ ဘာလို့ဆို သူတို့မှာ ဝင်ငွေပုံမှန်မရှိဘူးဗျာ။ ဝင်ငွေက တက်မလာဘူး၊ ကုန်ဈေးနှုန်းက တက်လာတယ်၊ အိမ်ငှားခတွေ တက်လာတယ် ဆိုတဲ့အခါမှာ ခက်ခက်ခဲခဲနဲ့ကို ရုန်းကန်နေကြရတယ်။ တစ်ရက်စာတစ်ရက်ကို မနည်းရှင်သန်ရုန်းကန်နေရတဲ့ အခြေအနေ ရောက်ကုန်ကြတယ်” လို့ ရန်ကုန်မြို့က ဆင်းရဲသားတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာနေထိုင်သူတွေရဲ့ လေးပုံတစ်ပုံဟာ အလွန်ဆင်းရဲနွမ်းပါးတဲ့အခြေအနေနဲ့ နေထိုင်နေကြရပြီး မြို့တွင်းမြို့နယ်တွေမှာတော့ လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်းဟာ ဒီအခြေအနေနဲ့ ရှင်သန်နေရတယ်လို့ UNDP အစီရင်ခံစာက သတိပေးပါတယ်။
“ ဟိုအရင် ဒီလို နိုင်ငံရေးတွေ မဖြစ်ခင်က ကျွန်မတို့အိမ်စရိတ်က တစ်သောင်း(ကျပ်)ဆိုရင် မိသားစု(ခြောက်ဦး) ဝဝလင်လင် စားရတယ်။ အခုကတော့ တစ်ရက်သုံးသောင်း(ကျပ်) ဆိုရင်တောင် အရင်လောက် ဝဝလင်လင်မရှိဘူး။ အလုပ်အကိုင်တွေကလည်း ရှားပြီးခက်လာတယ်” လို့ ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့ ဒလမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကလည်း ပြောပါတယ်။
ရန်ကုန်ကို ရွှေ့ပြောင်းနေထိုင်လာကြသူတွေက ဆင်းရဲနွမ်းပါးမှုကို ပိုမိုခံစားနေကြရပြီး ဆင်ခြေဖုံးမြို့နယ်တွေကို ရွှေ့ပြောင်းလာကြတဲ့ အိမ်ထောင်စုတွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ အလွန်ဆင်းရဲနွမ်းပါးတဲ့အုပ်စုတွေထဲ ပါဝင်နေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဆင်ခြေဖုံးမြို့နယ်တွေကို ရွှေ့ပြောင်းလာတဲ့ အိမ်ထောင်စုတွေရဲ့ သုံးပုံတစ်ပုံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရောက်လာကြသူတွေဖြစ်ပြီး ပဋိပက္ခတွေက ရွှေ့ပြောင်းအခြေချမှုတွေရဲ့ အရင်းခံအကြောင်းအရင်းတစ်ခု ဖြစ်နေတယ်လို့ သတိပေး ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်ကို ရောက်လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေဟာ ငွေကြေးနဲ့အရင်းအမြစ် အကန့်အသတ်တွေရှိနေပြီး မူလနေထိုင်တဲ့နေရာမှာ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားအထောက်အထား စတဲ့စာရွက်စာတမ်းတွေ ပျောက်ဆုံးခဲ့သလို ပြန်လည်ထုတ်ယူဖို့ ခက်ခဲ့တာကြောင့် ရန်ကုန်ကိုရောက်လာတဲ့အခါ တရားဝင်အလုပ်တွေမှာဝင်လုပ်ဖို့ အခက်အခဲ တွေ့ကြရတယ်လို့ UNDP အစီရင်ခံစာမှာ ဖော်ပြတယ်။
မြို့ပြတွေကို လူတွေရွှေ့ပြောင်းအခြေချကြတာဟာ သမိုင်းအစဉ်အလာအရ ပိုမိုကောင်းမွန်တဲ့ဘဝကို လိုခြင်တဲ့အတွက် လာရောက်ကြခြင်းဖြစ်သော်လည်း ယနေ့မြင်တွေ့နေရတဲ့အခြေအနေက မူရင်းဒေသမှာ ဆက်လက်ရှင်သန်နေထိုင်ရန် ခက်ခဲ့တဲ့အတွက် ကြံရာမရဖြစ်ကာ အရာရာစွန့်ပစ်ပြီး မျှော်လင့်ချက်မဲ့စွာ ရွှေ့ပြောင်းလာရတာမျိုးတွေ ဖြစ်နေတယ်လို့ ဒီအစီရင်ခံစာက သတိပေးပါတယ်။

ပုံစာ- ဆီတန်းစီ၊ ဆန်တန်းစီနေသူတွေနဲ့ ရန်ကုန်မြို့မှာ အလုပ်ဆင်းဖို့ မြစ်ကို ဖြတ်ကူးနေကြသူများ။
ဓါတ်ပုံ- မော်ကွန်း

