ရန်ကုန် – ၂၀၂၅ မေ ၂၈ (မော်ကွန်း)
ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် ဧရာဝတီမြစ်ရဲ့ မြစ်အထက်ပိုင်းမှာရှိတဲ့ မြစ်ကြီးနားမြို့မှာ မြစ်ရေဟာ မနေ့ကထက် ၁၀ ပေထိ မြင့်တက်လာတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားဦးစီးဌာန (ကချင်ပြည်နယ်) က ဒီနေ့မွန်းလွဲပိုင်းမှာ အသိပေးထားပါတယ်။
မနေ့က နေ့လယ်ပိုင်းကနေ ဒီနေ့လယ်ပိုင်းထိ တိုင်းတာချက်အရ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ ၃၀၆ စင်တီမီတာ (၁၀ ပေခန့်) မြင့်တက်ခဲ့ကာ ဆက်လက်ပြီးလည်း တဖြည်းဖြည်းမြင့်တက်နေတယ်လို့ ကချင်ပြည်နယ် မိုးဇလအရာရှိ ဦးနိုင်လင်းထွေးရဲ့ လူမှုကွန်ရက်မှာ အသိပေးပါတယ်။
မြစ်အထက်ပိုင်းမှာ မြစ်ရေတက်လာတာကြောင့် မြစ်ရိုးတစ်လျောက်ကမြို့တွေမှာ အစဉ်လိုက် ဆက်တိုက်မြင့်တက်လာမှာဖြစ်တဲ့အတွက် မြစ်ကမ်းအနီး၊ မြေနိမ့်ဒေသတွေမှာ နေထိုင်သူတွေနဲ့ ရေလုပ်သားတွေ သတိပြုဖို့အသိပေးထားတာပါ။
ဧရာဝတီမြစ်ရေဟာ ဒီနေ့မွန်းလွဲပိုင်းအထိတော့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁,၂၀၀ စင်တီမီတာကို ရောက်ဖို့ ၅၆၃ စင်တီမီတာ (၁၈ ပေခွဲ) ခန့်လိုနေသေးပြီး မြစ်ကြီးနားမြို့အတွက် စိုးရိမ်ဖွယ်မရှိသေးဘူးလို့လည်း အသိပေးထားတာပါ။
ဧရာဝတီမြစ်အပြင် ချင်းတွင်းမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ မြစ်သာမြစ်ရဲ့ အထက်ပိုင်းမှာလည်း ဒီနေ့ မွန်းလွဲမှာ မြစ်ရေမြင့်တက်နေပြီး မြစ်အောက်ပိုင်းမှာ နေထိုင်သူတွေကို သတိပြုဖို့ ဒေသတွင်း မိုးလေဝသစောင့်ကြည့်လေ့လာသူတချို့က အသိပေးထားပါသေးတယ်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် နိုင်ငံအနှံ့အပြားမှာ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး မိုးဆက်တိုက်ရွာသွန်းနေတာပါ။
၎င်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်ကို ရောက်နိုင်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်ကနေ အရှေ့မြောက်ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားတဲ့ ၎င်းမုန်တိုင်းငယ်ကြောင့် ရခိုင်ကမ်းရိုးတမ်းမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။
၎င်းမုန်တိုင်းငယ်ကြောင့် နိုင်ငံရဲ့ ပြည်နယ်ရှစ်ခုမှာ မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပုံစာ – မြစ်ကြီးနားမြို့ အနီး မြစ်ရေတိုင်းထွာချက်
ဓါတ်ပုံ – Naing Lin Htwe

