စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သား ၉,၅၀၀ ဝန်းကျင် သေဆုံးပြီးဖြစ်

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သား ၉,၅၀၀ ဝန်းကျင် သေဆုံးပြီးဖြစ်

ရန်ကုန်-၂၀၂၅ မေ ၁၅ (မော်ကွန်း)

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၉,၅၀၀ ဝန်းကျင်အထိ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ပဋိပက္ခစောင့်ကြည့်လေ့လာတဲ့ ISP-မြန်မာ အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနှစ် မေ ၁၃ ရက်အထိ ပြုစုထားတဲ့ စာရင်းတွေအရ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၉,၄၄၃ ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။

ဒီအတောအတွင်း အရပ်သားသေဆုံးမှုက မနှစ်က အများဆုံးဖြစ်ပြီး ၃,၅၅၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP-မြန်မာ အဖွဲ့က ဖော်ပြပါတယ်။

ဒီနှစ်ထဲမှာ မေ ၁၃ ရက်အထိ အရပ်သား ၉၇၆ ဦးသေဆုံးခဲ့ရပြီးဖြစ်သလို ဒီအထဲက ၃၅၉ ဦးဟာ စစ်ကိုင်းငလျင်ကြောင့် စစ်ကောင်စီက ယာယီအပစ်ရပ်ကြေညာတဲ့ ဧပြီ ၂ ရက်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေအတွင်းမှာ သေခဲ့ရတာလို့ ဖော်ပြပါတယ်။

အရပ်သား ၁၀ ဦးထက်ပိုတဲ့ အစုအပြုံလိုက်သေဆုံးရမှုဖြစ်စဉ်တွေဟာ ဒီလ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းမြောက်ရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပါအဝင် စစ်တပ်အာဏာသိမ်းပြီးကတည်းက အကြိမ် ၈၀ ထက်မနည်း ရှိလာတယ်လို့ ISP-မြန်မာက ထုတ်ပြန်ပါတယ်။

ဒီအကြိမ်ရေအတွက်အတွင်း အရပ်သား ၁,၅၉၉ ဦး သေဆုံးခဲ့ရပြီး အများစုက စစ်ကိုင်းတိုင်းမှာ သေဆုံးတာလို့ ဖော်ပြပါတယ်။ ၂၀၂၃ ဧပြီ ၁၁ ရက်မှာဆိုရင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ အရပ်သား ၁၇၀ သေဆုံးခဲ့ရတာလို့ ISP-မြန်မာက ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းမှုအလွန် နိုင်ငံအနှံ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အကြိမ် ၁၂,၀၀၀ နီးပါး ရှိခဲ့ပြီ ဖြစ်ပြီး ဒီအရေအတွက်ရဲ့ ၄၇ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ခိုက်ခဲ့တာလို့ ISP-မြန်မာက ဖော်ပြပါတယ်။

ဒီနှစ်အတွင်းမှာ လည်း လေးလကျော်အတွင်း ၁,၄၇၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်သလို စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း နိုင်ငံအနှံ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၇၄၁ ကြိမ် ရှိနေတယ်လို့ ISP-မြန်မာက ဖော်ပြပါတယ်။ ဒီအတောအတွင်း ကချင်ပြည် နယ်ဟာ လေကြောင်းတိုက်ခိုက်မှု ၂၄၇ ကြိမ်နဲ့ အများဆုံး တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြတယ်။


ပုံစာ- ဒီ ၁၂ ရက်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲတာကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ဒီပဲယင်း၊ အိုးထိမ်းကွင်းမြောက်ရွာက ကျောင်းသားကလေးများ။ ဒီဖြစ်စဉ်အတွင်း ကလေး ၂၂ ဦးနဲ့ ဆရာမနှစ်ဦးသေဆုံးခဲ့ရသည်။

ဓါတ်ပုံ- ဒီပဲယင်း ပအဖ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."