ရန်ကုန်- ၂၀၂၅ မေ ၁၅ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့တွေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီလ ၁၃ ရက် မနက် ၁၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းမှာ အရပ်သား ၁၂ ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရခဲ့သလို နေအိမ် ၃၁ လုံး ပျက်စီးခဲ့တယ်လို့ ထိခိုက် သေဆုံးသူ အမည်တွေနဲ့တကွ ဖော်ပြပါတယ်။
ဒါအပြင် မနေ့က ညနေ ၄နာရီဝန်းကျင်မှာ ကျောက်တော်မြို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတဲ့အတွက် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်ကိုးလုံး ပျက်စီးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
လူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီး အပျက်အစီးကြီးမားခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးတွေလုပ်နေရစဉ် ဒီလကုန်အထိ သူတို့ဘက်က အပစ်ရပ်ထားပေမယ့် ရခိုင်အပါအဝင် နိုင်ငံအနှံ့ကို ဆက်တိုက်လေကြောင်းတိုက်ခိုက်ပြီး အရပ်သားတွေကို ထိခိုက်သေဆုံးစေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို မှတ်တမ်းတင်ထားတယ်လို့လည်း AA က ဆိုပါတယ်။
လက်ရှိ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသတွေဟာ AA အပြည့်အဝထိန်းချုပ်ဧရိယာတွေဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တွေမြို့ပေါ်ကလွဲရင် စစ်ကောင်စီကင်းစင်နေပြီဖြစ်ပါတယ်။
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် စစ်ကောင်စီကို ခုခံနေတဲ့ အဖွဲ့အသီးသီးက အပစ်ရပ်ကြေညာသလို စစ်ကောင်စီကလည်း ဒီလကုန်အထိ အပစ်ရပ်ကြေညာထားပေမယ့် နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင် နေတာပါ။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ငလျင်လှုပ်ပြီး တစ်လကျော်အတွင်း တစ်ရက်ပျမ်းမျှ အရပ်သား ၁၀ ဦးလောက် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဒီလ ၁၂ ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အိုးထိမ်းကွင်းမြောက်ရွာက စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတာကြောင့် စာသင်နေတဲ့ ကလေး ၂၂ ဦးနဲ့ ဆရာမ နှစ်ဦး သေဆုံးခဲ့ရပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူကတော့ ဒီဖြစ်စဉ်ကို ရည်ညွှန်းပြီး စာသင်ကျောင်းတွေကို ဗုံးကြဲတာရပ်တန့်ဖို့ လိုသလို ကလေးတွေစာသင်နိုင်ဖို့ လုံခြုံတဲ့နေရာ ဖန်တီးပေးရမယ်လို့ ဒီလ ၁၂ ရက်မှာ သတိပေး ပါတယ်။

ပုံစာ- ဒီလ ၁၃ ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုခံပြီး အရပ်သား ၁၂ ဦး သေဆုံးခဲ့ရတဲ့ ထွန်းရဝေရွာဟောင်းလေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း
ဓါတ်ပုံ- APM

