ပျက်စီးကျွံကျအဆောက်အအုံတွေမှာ နေခိုင်းနေတဲ့အတွက် မန္တလေးအား/ကာသိပ္ပံဝန်ထမ်းတွေ အခက်ကြုံနေ

ပျက်စီးကျွံကျအဆောက်အအုံတွေမှာ နေခိုင်းနေတဲ့အတွက် မန္တလေးအား/ကာသိပ္ပံဝန်ထမ်းတွေ အခက်ကြုံနေ

မန္တလေး-၂၀၂၅ ဧပြီ ၂၉ (မော်ကွန်း)

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေး၊ အားကစားနှင့်ကာယပညာသိပ္ပံ (အား/ကာသိပ္ပံ-မန္တလေး)က ပျက်စီးကျွံကျနေတဲ့ ဝန်ထမ်းလိုင်းခန်းတွေကို ပြုပြင်မွမ်းမံပေးတာမျိုးမရှိဘဲ စစ်ကောင်စီအာဏာပိုင်တွေက ဆက်လက်နေထိုင်ခိုင်းတဲ့အတွက် ရာနဲ့ချီတဲ့ဝန်ထမ်းမိသားစုတွေ ဒုက္ခရောက်နေကြတယ်လို့ အဲဒီကဝန်ထမ်းတစ်ချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို အား/ကာသိပ္ပံဝန်းထဲက ဝန်ထမ်းလိုင်းခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့တာပါ။

“ လာတော့ကြည့်သွားကြတယ်။ တိုင်းကလူတွေရော၊ နေပြည်တော်ကလူတွေရော လာကြည့်သွားတယ်။ ပြီးတော့ ဘာမှမဖြစ်ဘူး၊ ဆက်နေဆိုပြီး ပြောသွားတယ်။ ကြမ်းခင်းတွေကျွံ၊ တိုင်တွေအက်ကွဲ၊ လှေကားတွေကျွံကျနိမ့်ဝင်နေတဲ့ အဆောက်အအုံမှာ ဘယ်လိုပြန်နေရဲမလဲ” လို့ မန္တလေးအား/ကာသိပ္ပံက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ငလျင်ဒဏ်သင့်တာ တစ်လပြည့်ပြီဖြစ်ပေမယ့် ဝန်ထမ်းအများစုဟာ သင့်သလိုနေပြီး ရုံးတက်ပေးနေရတယ်လို့လည်း သူကပြောပါတယ်။ ကျောင်းပိတ်ရာသီမို့ ကျောင်းသားတွေမရှိသေးတဲ့အတွက် တချို့က လေ့ကျင့်ရေးအားစားရုံတွေထဲမှာ၊ တစ်ချို့က အနီးအနားမြေကွက်လပ်တွေနဲ့ တချို့က အလုပ်ရုံဂိုဒေါင်တွေမှာ နေထိုင်နေကြရတာလို့ သူက ပြောပါတယ်။

“ မနေ့က မိုးရွာလာတော့ အပြင်မှာ ဘယ်လိုမှ နေမရလို့ အဲဒီအပြိုအကွဲအဆောက်အအုံထဲမှာပဲ ပြန်ဝင်နေကြရတယ်”လို့ အဲဒီက ဝန်ထမ်းတစ်ဦးကလည်း ဒီနေ့ပြောပါတယ်။

စစ်ကိုင်းငလျင်ဒဏ်ကြောင့် အဲဒီကျောင်းဝင်းအတွင်းက ၁၀ခန်းတွဲ၊ သုံးထပ်ဝန်ထမ်းလိုင်းခန်းတွေဟာ မြေတွင်းကျွံဝင်တာ၊ လှေကားတွေ တစ်တောင်ခန့် ကျွံကျနိမ့်ဝင်တာ၊ မြေညီထပ်အခန်းကြမ်းခင်းတွေ ကွဲအက်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ ဝန်ထမ်းတချို့က ပြောပါတယ်။

“ မြေကျွံဝင်သွားတဲ့ မြေညီထပ်တွေကို မြေပြန်ဖို့ဖို့ဆိုပြီး အခုအုတ်ကျိုးအုတ်ပဲ့တွေတော့ ဝန်းထဲမှာ လာပုံနေကြတယ်” လို့ အား/ကာသိပ္ပံဝန်းရဲ့ အခြေအနေကို ဝန်ထမ်းတစ်ဦးက ဒီနေ့ ပြောပါတယ်။

“ ဒီငလျင်ဒဏ်သင့်တဲ့တစ်လအတွင်းမှာ ရုရှားနိုင်ငံကလှူတဲ့ စားသောက်စရာပုံးတစ်လုံးကလွဲရင် ဘာမှမရခဲ့ဘူး။ လစဉ် ဒါဘာမှာ ပေးနေကြ ဆန်တစ်ပြည်နဲ့ အခြား ဆီ၊ ဆား စတဲ့ဟာတွေတော့ ရတယ်။ ဒါက ဝန်ထမ်းအတွက် ပုံမှန် ထောက်ပံ့နေကျခွဲတမ်းပါပဲ” လို့ အဲဒီကျောင်းက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မန္တလေး-အားကစားနှင့်ကာယပညာသိပ္ပံဟာ ချမ်းမြသာစည်မြို့နယ်၊ ၁၀၂-အေလမ်းနှင့်၁၀၇လမ်းကြား၊ ၆၈ လမ်းမ ပေါ်မှာ တည်ရှိပြီး မန္တလာသီရိအားကစားကွင်းနဲ့ ဆက်စပ်တည်ရှိပါတယ်။

လာမယ့် ဇွန်မှာစတင်မယ့် ပညာသင်နှစ်အတွက် ငလျင်ဒဏ်သင့် မန္တလေး အား/ကာသိပ္ပံကို စစ်ကောင်စီက ဖွင့်ခိုင်းထားသလို အဲဒီကျောင်းမှာ တစ်နှစ်ကို အနည်းဆုံး ကျောင်းသားသုံးရာဝန်းကျင် တက်ရောက်ကြတယ်လို့ အဲဒီက ဝန်ထမ်းတချို့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာအဆင့်(Grade-8)ကနေ တက္ကသိုလ်အထိ သင်ကြားပေးတဲ့ ဒီလို အား/ကာ သိပ္ပံကျောင်း ခုနစ်ကျောင်း ရှိတဲ့အနက် လတ်တလောမှာ ရန်ကုန်နဲ့တောင်ကြီးက ကျောင်းနှစ်ကျောင်းသာ အပြည့်အဝ လည်ပတ်နိုင်ပါတယ်။ ကျန်တဲ့ ဟားခါး၊ မုံရွာနဲ့ လွိုင်ကော်က သိပ္ပံကျောင်းတွေဟာ စစ်ဘေးကြောင့်ပိတ်ထားရသလို ရခိုင်ကကျောင်းဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရပြီး မန္တလေးအား/ကာသိပ္ပံလည်း ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရပါတယ်။

အဓိက အင်အားပြင်းငလျင်ကြီးလှုပ်ပြီးကတည်းက နောက်ဆက်တွဲ ရာနဲ့ချီတဲ့ ငလျင်တွေ ဆက်လှုပ်နေဆဲဖြစ်တာကြောင့် မန္တလေးမြို့ခံ အများစုဟာ နေအိမ်တွေမှာ မအိပ်ရဲကြသေးတာ၊ ငလျင်လှုပ်လာတဲ့အခါ ညဘက်သန်းခေါင် နေအိမ်တွေကနေ ဆင်းပြေးကြရတဲ့ အဖြစ်တွေကို ဒီနေ့အထိ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့ အချက်အလက်တွေအရ စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူ ၃,၈၀၀ ကျော်သေဆုံးခဲ့သလို ၁၁၀ ကျော် ပျောက်ဆုံးနေဆဲလို့ မနေ့တုန်းက ထုတ်ပြန်ပါတယ်။ ဒါအပြင် လူပေါင်း ၅,၁၀၀ ကျော် ဒဏ်ရာရခဲ့သလို လူ နှစ်သိန်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

နေအိမ်အဆောက်အအုံပေါင်း ၅၅,၀၀၀ ကျော် ပျက်ဆီးပြိုကျခဲ့ရသလို စာသင်ကျောင်း ၂,၆၀၀၊ ဆေးရုံဆေးခန်း ၃၀၀ ကျော်နဲ့ လမ်း၊ တံတား ၄၀၀ လောက် ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။


ပုံစာ- ငလျင်ဒဏ်သင့် မန္တလေးမြို့က ပြိုကျအဆောက်အအုံတစ်လုံးနှင့် မန္တလေးအား/ကာသိပ္ပံကျောင်းမြင်ကွင်း

ဓါတ်ပုံ- မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."