ရန်ကုန် – ၂၀၂၅ ဧပြီ ၂၈ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ လက်နက် ၁၁ လက်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ က ဒီနေ့မှာထုတ်ပြန်ပါတယ်။
စစ်ကောင်ီစတပ်ဟာ သာယာဝတီခရိုင် မင်းလှမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ်ရက်က အင်အားရာချီစစ်ကြောင်းထိုးလာပြီး ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။
ဒီနေ့မနက်ပိုင်းမှာ ၎င်းစစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ် ငမိုးရိပ်ရွာနဲ့ ဇရစ်မြောင်ရွာတို့ကို စစ်ကြောင်းထိုးဝင်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း၊ ဂျက်ဖိုက်တာနှစ်စင်း အသုံးပြုကာ လေကြောင်းကနေ ပစ်ကူပေးပြီး စစ်ကြောင်းဆုတ်ခွာသွားတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးသွားပြီး လက်နက်ငယ် ၁၁ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တာပါ။
လက်ရှိမှာ ၎င်းစစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် မင်းလှမြို့နယ်က ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေကြရတာပါ။
ပုံစာ – စစ်ကောင်စီစစ်ကြောင်းဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတချို့
ဓါတ်ပုံ – အမှတ် (၂) စစ်ဆင်ရေးနယ်မြေ PDF

