ရန်ကုန် – ၂၀၂၅ ဧပြီ ၉ (မော်ကွန်း)
အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်နဲ့ပျဉ်းမနား အနီးတဝိုက်မှာ တောင်နဲ့မြောက် ကိုးမိုင်ထိရှည်လျားတဲ့ မြေလွှာအက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာတယ်လို့ ဘူမိဗေဒဆိုင်ရာ အကြံပေးအဖွဲ့ GeoMap-Myanmar က ထုတ်ပြန်ထားပါတယ်။
နေပြည်တော်နဲ့ ပျဉ်းမနားမှာ မြေပြင်တိုင်းတာစစ်ဆေးမှု (Ground survey) အရ ငလျင်ကြောင့် အထပ်မြင့် အဆောက်အဦတွေ အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်ရက်ကထုတ်ပြန်ခဲ့တဲ့ GeoMap-Myanmar အဖွဲ့ရဲ့ တိုင်းတာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့ကြောအနီးအနားကျေးရွာတွေက သာမန်သစ်သားအိမ်တွေနဲ့ တစ်ထပ်တိုက် လူနေအိမ်တွေကတော့ အများအပြား ထိခိုက်ခဲ့တာမရှိဘဲ ဘုရားစေတီပုထိုးတချို့ပဲ ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျောက် ပြတ်ရွေ့ကြောရွေ့လျားမှုကြောင့် နှစ်ပေကနေ အများဆုံး ၁၅ ပေထိ မြေသားအံလွဲမှုဖြစ်ခဲ့ပြီး လတ်တလော မြေပုံရေးဆွဲရသလောက် မြေလွှာအက်ကွဲကြောင်းတွေဟာ တောင်နဲ့မြောက် ကိုးမိုင်အထိရှည်လျားတယ်လို့ အသိပေးထားတာပါ။
အလားတူပဲ မြေပြင်အနေအထားပြောင်းသွားတဲ့ ပြတ်ရွေ့သွားတဲ့ ဒေသတွေထဲက မှတ်တမ်းမယူနိုင်၊ တိုင်းတာစစ်ဆေးနိုင်ခြင်းမရှိသေးတဲ့နေရာတွေ အများအပြားကျန်နေသေးတာကြောင့် ဒီဒေသတွေမှာ မြေပြိုကျနိုင်တာ၊ အဆောက်အဦတွေ ပြိုကျနိုင်တာတွေ သတိပြုဖို့လိုမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ၎င်းရဲ့ လူမှုကွန်ရက်မှာ သတိပေးထားပါတယ်။
“ကယ်ဆယ်ရေးအဖွဲ့တွေ၊ ဖြိုဖျက်ရှင်းလင်းရေးလုပ်ငန်းလုပ်နေကြသူတွေအားလုံးက မိုးများလာတဲ့အခါ မြေကျွံနိုင်တာကြောင့် အဆောက်အဦပြိုကျပြီးအန္တရာယ်ဖြစ်လာနိုင်မှာကို မပြတ်သတိထားကြပါလို့ အသိပေးချင်ပါတယ်” လို့ ဦးဝင်းနိုင်က အသိပေးပါတယ်။
ဒါ့အပြင် ဒီမြေငလျင်လှုပ်ခတ်ပြီးနောက်မှာ ဒေသတချို့မှာ စိုက်ခင်းတွေအတွင်း မြေလွှာတွေ အက်ကွဲသွားတာ၊ ရေတွင်းတွေ ခမ်းခြောက်သွားတာ ကြုံတွေနေရတယ်လို့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေက ဒေသခံတချို့က ပြောပါတယ်။
“ကျွန်တော်တို့ ရွာမှာတော့ အရင်ကတူးထားတဲ့အဝိစိတွင်းရေက မထွက်တော့လို့ ပြန်မှုတ်ထုတ်ရမယ်” လို့ ပြင်ဦးလွင် အနီးစခန်းကျေးရွာအုပ်စုက ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်မှာ စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံအလယ်ပိုင်းဒေသမှာ အပျက်အစီးများခဲ့တာပါ။
ဒီငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲ ငလျင်တွေလည်း ရာနဲ့ချီပြီး ဆက်လက်လှုပ်ခတ်ခဲ့ပါသေးတယ်။
ဒီငလျင်ကြောင့် လူနေအိမ်တွေ၊ ဘာသာရေးနဲ့ သာသနိကဆိုင်ရာအဆောက်အဦတွေ၊ စာသင်ကျောင်းနဲ့ ရုံးဌာနတွေအပါအဝင် အဆောက်အဦပေါင်း သောင်းနဲ့ချီပျက်စီးခဲ့ပြီး သေဆုံးသူပေါင်း ၃,၆၀၀ ကျော်ထိ ရှိခဲ့တာပါ။

ပုံစာ – ငလျင်ဒဏ်ခံဒေသတွေက မြေလွှာအက်ကွဲကြောင်းများ
ဓါတ်ပုံ – GoeMap-Myanmar

