ဖလမ်းနဲ့ အင်းတော်မြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်

ဖလမ်းနဲ့ အင်းတော်မြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်

ရန်ကုန် – ၂၀၂၅ ဧပြီ ၈ (မော်ကွန်း)

ငလျင်ကြောင့် ယာယီအပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ ကြေညာချက်တွေ နှစ်ဖက်ထုတ်ပြန်ထားတဲ့ကြားမှာပဲ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်းက အင်းတော်မြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီရက်ပိုင်းမှာသိမ်းလိုက်နိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) အပါအဝင် ချင်းညီနောင်တပ်တွေက မနေ့က မနက်အစောပိုင်းမှာ သိမ်းလိုက်နိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဖလမ်းမြို့ပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ ခလရ (၂၆၈) တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးခဲ့တာကြောင့် ချင်းညီနောင်နဲ့ မဟာပူးပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်ပြီး လက်ရှိမှာ နယ်မြေရှင်းလင်းလုပ်ဆောင်နေကြပြီလို့ ဆိုပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိအချိန်ထိ မြို့သိမ်းလိုက်တယ်လို့ တရားဝင်မထုတ်ပြန်သေးပေမယ့် မကြာခင်သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လက်ရှိတော့ ဖလမ်းမြို့ကို စကစရဲ့ ကင်းထောက်လေယာဉ်တွေက စောင့်ကြည့်နေတယ်။ သတင်းကောင်းရှိပါတယ်။ မကြာခင်ထုတ်ပြန်ဖို့ရှိတယ်” လို့ ၎င်းက ပြောပါတယ်။

ဖလမ်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အခုလို သိမ်းလိုက်တဲ့အတွက် မြို့တော် ဟားခါးနဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်တဲ့ ကလေးမြို့တို့ မြေပြင်ဆက်သွယ်ရေး ပြတ်တောက်သွားပြီဖြစ်တာကြောင့် ၎င်းနှစ်မြို့လုံးကို စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်ပြီလို့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ပါတယ်။

အလားတူပဲ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိပြီး ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်က အရေးပါတဲ့မြို့တစ်မြို့ဖြစ်တဲ့ အင်းတော်မြို့ကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။

အင်းတော်မြို့ကို KIA အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က PDF တပ်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်ကတည်းက ထိုးစစ်ဆင်နေပြီး ရှစ်လကျော်အကြာမှာ မြို့ကိုသိမ်းယူနိုင်ခဲ့တာပါ။

အင်းတော်မြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေအများအပြားသိမ်းဆည်းထားတဲ့ ဓါတ်ပုံတွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

အင်းတော်ဒေသခံတစ်ဦးကတော့ “မနေ့က ညရှစ်နာရီကျော်လောက်မှာ ဝင်သိမ်းလိုက်ပြီလို့ သတင်းရပါတယ်။ မြို့ကတော့ တော်တော်လေး ကြေနေပြီ” လို့ ၎င်း ဒေသခံက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ ဒီလဆန်းပိုင်း ၂ ရက်ကနေ ၂၂ ရက်နေ့ထိ ရက်ပေါင်း ၂၀ ကြာ ထိုးစစ်တွေ ရပ်ဆိုင်းထားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့သလို စစ်ကောင်စီကလည်း ရက်ပေါင်း ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတာပါ။

ဒီလိုအပစ်ရပ်ကြေညာထားပေမယ့် တိုက်ပွဲတွေက ဆက်ဖြစ်နေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။

ပုံစာ – အင်းတော်မြို့က စစ်ကောင်စီစခန်းကုန်းကို သိမ်းယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – မြောက်ပိုင်းကျား

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."