ရန်ကုန် – ၂၀၂၄ ဧပြီ ၄ (မော်ကွန်း)
ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အဆောက်အဦအများအပြား ပျက်စီးခဲ့တာကြောင့် ဈေးကွက်ထဲမှာ ဘိလပ်မြေဝယ်လိုအားများနေပြီး ငလျင်မတိုင်မီကထက် တစ်အိတ်ကို ကျပ်တစ်သောင်းကျော် မြင့်တက်သွားတယ်လို့ ဆောက်လုပ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။
ငလျင်မလှုပ်ခတ်မီက ရန်ကုန်မြို့မှာ ကြံ့နှစ်ကောင်နဲ့ Alpha ဘိလပ်မြေအမျိုးအစားဟာ တစ်အိတ်ကို ကျပ်နှစ်သောင်းခွဲဝန်းကျင်မှာရှိရာက လက်ရှိမှာတစ်အိတ်ကို ကျပ်သုံးသောင်းခွဲနဲ့ လေးသောင်းနီးပါးထိ မြင့်တက်ခဲ့တာပါ။
ငလျင်အပျက်အစီးတွေကိုပြင်ဆင်ဖို့ ဘိလပ်မြေဝယ်ယူသူတွေများလာတဲ့အတွက် ရောင်းချတဲ့ ကုန်သည်တွေက ဈေးကစားလာကြတာကြောင့် အခုလိုဈေးမြင့်တက်လာလို့ ကိုယ်တိုင်ကြုံလာတဲ့ ဆောက်လုပ်ရေးကန်ထရိုက်တစ်ဦးက ပြောပါတယ်။
“ရန်ကုန်ဈေးက ငလျင်မတိုင်မီ ၁၉,၀၀၀၊ ၂၀,၀၀၀ ပဲရှိတာ အဲဒီဈေးကလည်း သင်္ကြန်ကျော်ရင် ပြန်ကျသွားရမယ့်အခြေအနေကို အခုအလုအယက်ဝယ်ကြတော့ စီးပွားရေးသမားတွေကလည်း ဈေးနှုန်းတင်ပြီး ပြန်ရောင်းလာတယ်။ လှောင်ထားတဲ့သူတွေက အဓိကတင်နေတာ” လို့ ၎င်းဆောက်လုပ်ရေးကန်ထရိုက်က ပြောပါတယ်။
ဒါ့အပြင် ဈေးကွက်ထဲမှာရှိနေတဲ့ ဘိလပ်မြေတွေကိုလိုက်ဝယ်ကာ အမြတ်တင်ပြီး ပြန်လည်ရောင်းချသူတချို့လည်းရှိလာတယ်လို့ ဆောက်လုပ်ရေးပစ္စည်းရောင်းချသူတစ်ဦးကလည်း ပြောပါတယ်။
“ခုချိန်မှာ ဘိလပ်မြေလိုက်ဝယ်နေသူတွေကို စိစစ်လိုက်ရင် ဈေးကွက်ထဲကရှိနေတဲ့ပစ္စည်းကို တမင်လိုက်သိမ်းပြီး ထပ်ဆင့်ကစားမယ့် လူတွေများတယ်။ တချို့လည်း ဂိုဒေါင်ထဲမှာ ဘိလပ်မြေတွေ အများကြီး လှောင်ထားတာမြင်နေရပေမယ့် သွားမေးရင် မရှိဘူးဆိုပြီး ပြောတာမျိုးတွေလည်းရှိတယ်။ တကယ်လိုအပ်ရင် ခဏစောင့်ပြီးဝယ်ပါ။ ဈေးကပြန်ကျမှာပါ။ အလောတကြီးဝယ်ဖို့မလိုဘူး” လို့ ၎င်းကပြောပါတယ်။
ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဘိလပ်မြေကို တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကနေ အဓိကတင်သွင်းနေတာဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းမှာမှ ဘိလပ်မြေပြည်ပကတင်သွင်းခွင့်ကို စစ်ကောင်စီက ခွင့်ပြုပေးထားတာပါ။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေက ပြည်ပကနေ ဘိလပ်မြေတင်သွင်းခွင့်ကို ရပ်ထားတာအပြင် ပြည်တွင်းထုတ်ဘိလပ်မြေစက်ရုံတချို့ မလည်ပတ်နိုင်တဲ့အခြေအနေတွေကြောင့် ပြည်တွင်းမှာ ဘိလပ်မြေဈေးတွေ မြင့်တက်ခဲ့ပါသေးတယ်။
ပြည်တွင်းဘိလပ်မြေစက်ရုံတချို့နဲ့ ဘိလပ်မြေကုန်ကြမ်းထွက်တဲ့ ရှမ်းမြောက်လို ဒေသတွေကိုလည်း စစ်ကောင်စီက တော်လှန်ရေးတပ်တွေဆီ လက်လွှတ်လိုက်ရသလို ပြည်တွင်းက ဘိလပ်မြေစက်ရုံတွေကလည်း လျှပ်စစ်မီးပုံမှန်မရတဲ့ အခြေအနေတွေကြောင့် ထုတ်လုပ်မှု ကျဆင်းလာခဲ့ကာ ဈေးကွက်မှာ ဘိလပ်မြေရှားပါးမှုတွေဖြစ်ခဲ့ပြီး ပြည်ပကနေ တင်သွင်းခွင့်ကို ပြန်ခွင့်ပြုခဲ့ရတာပါ။
ပုံစာ – ဘိလပ်မြေဂိုဒေါင်တစ်ခုရဲ့မြင်ကွင်း
ဓါတ်ပုံ – Ko K Naing

