မန္တလေး- ၂၀၂၅ ဧပြီ ၄ (မော်ကွန်း)
ဒီနေ့မှာတော့ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တချို့ဟာ ရှင်သန်သူကယ်ဆယ်ရှာဖွေတဲ့ လုပ်ငန်းအများစုကို ရပ်နားလိုက်ကြပြီလို့ မြို့ခံတချို့က ပြောပါတယ်။
အဆောက်အအုံပြိုပိသူတွေအများစုက မန္တလေးနန်းမြို့ရိုး ပတ်လည်က နေရာတွေမှာဖြစ်ပြီး အဆောက်အအုံအများစုကလည်း အဲဒီမြို့တွင်းနေရာတွေမှာ ပြိုခဲ့တာပါ။
ယခင်သိပ္ပံလမ်းလို့ခေါ်တဲ့ ၆၂ လမ်းမကြီးတစ်လျှောက်မှာလည်း အထပ်မြင့်တိုက်တချို့ ပြိုကျတာ ရှိပါတယ်။
နောက်ဆက်တွဲငလျင်တွေလည်း လှုပ်နေသလို ရုတ်တရက်ကြုံရတဲ့ ဒီကပ်ဘေးကြောင့် မြို့ခံအများစုက ညဘက်ဆို လမ်းဘေးအိပ်ပြီး နေ့ပိုင်းမှာသာ အိမ်တွင်းနေကြတာကို တွေ့ရပါတယ်။
အင်အား ၇ ဒသမ ၇ ရှိပြီး ဖျက်အားအလွန်ပြင်းတဲ့ စစ်ကိုင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၃,၀၀၀ ကျော်သေပြီး ၄,၅၀၀ ကျော် ဒဏ်ရာရကာ ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက နောက်ဆုံး ထုတ်ပြန်ထားပါတယ်။
အသေအပျောက်နဲ့ အပျက်အစီးအများဆုံးက ငလျင်ဗဟိုချက်အနီးက စစ်ကိုင်းနဲ့ မန္တလေးမြို့တွေမှာ ဖြစ်ပွားခဲ့ပါတယ်။ အထပ်မြင့်အဆောက်အအုံ ပိုများတဲ့ မန္တလေးက ပိုဆိုးပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် သက်ရောက်ထိခိုက်ခဲ့ရတဲ့ မန္တလေးမြို့မှာ ဒီနေ့မြင်တွေ့ရတဲ့ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ- မော်ကွန်း

