ရန်ကုန် – ၂၀၂၅ မတ် ၂၀ (မော်ကွန်း)
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြား ဒေသခံအများအပြားပိတ်မိနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
လေးမျက်နှာမြို့နယ်နဲ့ ရခိုင်ရိုးမအစပ်၊ ပုသိမ်-မုံရွာ ကားလမ်းအနီးက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့နှစ်ရက်စပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာပါ။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်ရဲ့ အရှေ့ဘက် စမ်းကုန်းရွာမှာဆိုရင် ဒေသခံတွေ နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေပြီး တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲရုတ်တရက်ဖြစ်တော့ မထွက်လာနိုင်တဲ့သူတွေ အများကြီးကျန်သေးတယ်။ တချို့လည်း တစ်ရွာလုံး အိမ်ဒီတိုင်းထားပြီးဒီတိုင်း ထွက်ပြေးရတယ်။ သက်ကြီးရွယ်အိုတို့ မကျန်းမမာတဲ့လူတွေလည်း ကျန်ခဲ့တာရှိတယ်။ တောထဲတွေမှာ ပိတ်မိနေတာတွေအများကြီးရှိနေတယ်” လို့ လေးမျက်နှာမြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲက ရှားတော၊ လဲခုံကြီး၊ လဲခုံလေး၊ ဝက်ကုန်းနဲ့ စမ်းကုန်းကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး တိုက်ပွဲတွေစတင်ဖြစ်လာကာ ဒီကျေးရွာတွေက ဒေသခံရာနဲ့ချီပြီး လေးမျက်နှာမြို့ပေါ်အပါအဝင် တိုက်ပွဲလွတ်ရာကျေးရွာတွေကို တိမ်းရှောင်နေကြရပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေအပြင် စက်တပ်လေထီးတွေပါ အသုံးပြုပြီး တိုက်ခိုက်လာတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။
“မနေ့ကရော ဒီမနက်ရော တောက်လျှောက် အကြီးရော၊ အသေးရော ပစ်သံတွေ ဆက်တိုက်ကြားရတယ်။ လေယာဉ်သံတွေရော၊ စက်တပ်လေထီးသံတွေလည်းကြားရတယ်။ ရွာတွေမှာလည်း လက်နက်ကြီးတွေကျတယ်လို့ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲကို စစ်ပွဲတွေ ရောက်လာပြီးနောက်မှာ စစ်ကောင်စီဟာ ပုသိမ်-မုံရွာကားလမ်းနဲ့ ငသိုင်းချောင်း-ဂွ ကားလမ်းတွေရဲ့ ယာဉ်အသွားအလာတွေကိုလည်း ကန့်သတ်ထားပြီး အစစ်ဆေးလည်း တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းတစ်ခုလုံး သိမ်းပိုက်ပြီးနောက်ပိုင်း AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ထိစပ်နေတဲ့ နေရာတွေကို ဒီနှစ်ဆန်းပိုင်းကစပြီး စတင်ထိုးစစ်ဆင်လာပါတယ်။
ဒီနှစ်ဆန်းစပြီး ယခင်က တိုက်ပွဲဖြစ်ပွားတာမရှိခဲ့တဲ့ ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ ရေကြည်၊ လေးမျက်နှာနဲ့ သာပေါင်း မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။
ပုံစာ – ဧရာဝတီတိုင်းထဲကို ထိုးဖောက်ဝင်လာတဲ့ AA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – AA Info Desk

