ရန်ကုန် – ၂၀၂၅ မတ် ၁၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲကို စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ်ကို သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
ဒီမနက်အစောပိုင်းက မိတ္ထီလာလေတပ်စခန်းက တက်လာတဲ့ စက်တပ်လေထီးနှစ်စင်းဟာ တောင်သာမြို့နယ် အရှေ့ဘက် တောင်သာ-နွားထိုးကြီး လမ်းပိုင်းမှာရှိတဲ့ ဇရပ်ကြီးကျေးရွာကို လေကြောင်းကနေ ဗုံးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ပျက်စီးသွားတယ်လို့ တောင်သာလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။
မနေ့နေ့လယ်ပိုင်းကလည်း တောင်သာမြို့နယ်တောင်ပိုင်း၊ ပန်းပေါင်းကျေးရွာအုပ်စုထဲက အေးကျင်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာဘုရားဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပါတယ်။
အခုလ ၅ ရက် ညပိုင်းကလည်း တောင်သာအနောက်ဘက်ခြမ်းက နတ်စောင့်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပြီး ဒေသခံခြောက်ဦးထိသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
တောင်သာမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဗုံးခိုကျင်းတွေတူးကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိပြုကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
“ပြည်သူများသတိထားကြပါ၊ လေယာဉ်၊ စက်တပ်လေထီးအသံကြားပါက လုံးဝမော့မကြည့်ဘဲဗုံးခိုကျင်းအတွင်းနေထိုင်ခြင်းဖြင့် မိမိတို့၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်ကြပါ” လို့ တောင်သာလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားပါတယ်။
မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာနဲ့နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း ဒီဒေသကို စစ်ကြောင်းထိုးတာနဲ့လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာပါ။
ပြီးခဲ့တဲ့နှစ်ရက်က မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်တပ်ဖွဲ့ဝင်အများအပြားသေဆုံးကာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့မှာ အသိပေးထားပါတယ်။
ဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဟာ မိတ္ထီလာနဲ့ တံတားဦးလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ နေအိမ်တချို့
ဓါတ်ပုံ – တောင်သာလူထုလှုပ်ရှားမှုကော်မတီ

