မိုးဗြဲကို စစ်ကောင်စီ ဝေဟင်ရောမြေပြင်ကပါ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်

မိုးဗြဲကို စစ်ကောင်စီ ဝေဟင်ရောမြေပြင်ကပါ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်

ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ် မိုးဗြဲမြို့ကို စစ်ကောင်စီဟာ စစ်ကြောင်းထိုးလာပြီး ဒီနေ့မနက်ပိုင်းမှာလည်း လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်ကောင်စီဟာ ဒီနှစ်စပိုင်းကစပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မိုးဗြဲမြို့ကို ပြန်လည်ရရှိရေး လွိုင်ကော်-မိုးဗြဲ- ဖယ်ခုံ လမ်းပိုင်းတလျှောက် နယ်မြေစိုးမိုးမှုပြန်ရရေးအတွက် စစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ။

လက်ရှိမှာလည်း မိုးဗြဲမြို့ရဲ့မြောက်ဘက်က မြို့စောင့်တပ်ရင်းဖြစ်တဲ့ ခမရ – ၄၂၂ တပ်ရင်းကနေ မြို့တွင်းကို မနေ့ကညပိုင်းမှာ စစ်ကြောင်းထိုးလာပြီး ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

မြို့ကိုထိန်းချုပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်တွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်း မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူကို ပြင်းပြင်းထန်ထန် အသုံးပြုလာတယ်လို့

ကရင်နီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မနေ့တည်းက လေကြောင်းကနေ ၁၀ ကြိမ်လောက်လာကြဲတယ်။ ဒီမနက်လည်း လက်နက်ကြီးတွေရော၊ လေယာဉ်တွေရော၊ ဒရုန်းတွေရော သုံးပြီး စစ်ကြောင်းထိုးနေတာ။ တိုက်ပွဲအရင်ရက်တွေထက်ပိုပြင်းထန်နေတယ်” လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီက အခုလို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပေမယ့် တော်လှန်ရေးတပ်ပေါင်းစုရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်း အထိနာပြီးပြန်ဆုတ်ခွါသွားတယ်လို့မိုးဗြဲမြို့တွင်းက တော်လှန်ရေးတပ်တွေကို ကူညီနေတဲ့ မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့ MOBYE PDF Rescue Team-MPRT ကလည်း ဒီမနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီတိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် လေးဦး ကျဆုံးသွားတယ်လို့လည်း ၎င်းကယ်ဆယ်ရေးတပ်က ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ မိုးဗြဲမြို့ဟာ စစ်ရေးဗျူဟာအရ အရေးပါတဲ့မြို့ဖြစ်ပြီး ၎င်း မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာပါ။

လက်ရှိမှာ စစ်ကောင်စီဟာ မိုးဗြဲစစ်မျက်နှာပြင်ကို စစ်မှုထမ်းဥပဒေအရ အသစ်ခေါ်ထားတဲ့ စစ်သင်တန်းဆင်းတွေကို ပို့လွှတ်နေပြီး ၎င်းတို့ဘက်က ဘက်ပြောင်းခိုလှုံလာသူတွေ၊ လက်နက်မဲ့ထွက်ပြေးလာသူတွေ အများအပြားရှိလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အခုလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ – မိုးဗြဲမြို့တွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်များ

ဓါတ်ပုံ – Mobye PDF Rescue Team

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."