ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
စစ်ကောင်စီဟာ တအာင်းတပ် (TNLA) နဲ့ ဆွေးပွဲပျက်ပြီး မနေ့ညပိုင်းမှာ နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့တယ်လို TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ TNLA ဟာ တရုတ်အစိုးရရဲ့စီစဉ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အခုလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်ကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တောင်းဆိုမှုတွေ အပြန်အလှန်လုပ်ခဲ့ကြပေမယ့် အဖြေမထွက်ဘဲ ဆွေးနွေးပွဲရပ်ဆိုင်းခဲ့ရတယ်လို့ TNLA က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ဆွေးနွေးပွဲပျက်ပြီး မနေ့က ညပိုင်း ၈ နာရီခန့်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က ဘူတာရပ်ကွက်နဲ့ နောင်ချိုပြည်သူ့ဆေးရုံတို့ကို ဗုံးနှစ်လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေမှာ ဘူတာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံနှစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရသွားပြီး နောင်ချိုပြည်သူ့ဆေးရုံမှာလည်း ဗုံးကြောင့် ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့ကို ပြီးခဲ့တဲ့သီတင်းပတ်ထဲကလည်း လေကြောင်းကတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ သပြေတောင်ဘုရားကုန်းကို ဗုံးကြဲတာကြောင့် အဆောက်အအုံတချို့ပျက်စီးကာ ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီနဲ့ TNLA အကြား နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲတဲ့ အခြေအနေဖြစ်ခဲ့တာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဆွေးနွေးပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှပဲ နောက်တစ်ကြိမ် တွေ့ဆုံနိုင်ဖို့ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ TNLA အနေနဲ့ နှစ်ဘက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ နှစ်ဘက်စလုံး ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးကြဲတာတွေ မလုပ်ဖို့နဲ့ နှစ်ဘက်ထိန်းချုပ်နယ်မြေထဲက ဒေသခံတွေ စားဝတ်နေရေးနဲ့ဆေးဝါးသယ်ဆောင်တာတွေကိုခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူးလို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၎င်းဆွေးနွေးပွဲ မတိုင်ခင်ကလည်း စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထားတဲ့ ဒေသတွေကို လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ထားပြီး TNLA ထိန်းချုပ်ထားတဲ့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စတဲ့မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ထားတာပါ။
လက်ရှိမှာ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေကို လေကြောင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ပုံစာ – TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့
ဓါတ်ပုံ – TNLA

